ကုလသမဂ္ဂ စေတနာ့ဝန်ထမ်းများ

ကမ္ဘာ့ကုလသမဂ္ဂ စေတနာ့ဝန်ထမ်းများ (UNV) အစီအစဉ်

စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခြင်းအား ကမ္ဘာ့ကုလသမဂ္ဂမှ "ငွေကြေးအကျိုးအမြတ်ကြောင့် စိတ်အားထက်သန်ခြင်းမဟုတ်ဘဲ အများပြည်သူ၏ ကောင်းကျိုးအတွက် မိမိ၏ လွတ်လပ်သော စိတ်ဆန္ဒဖြင့်  ဆောင်ရွက်သည့် လုပ်ဆောင်ချက်" ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ (သဘောထားထုတ်ပြန်ချက် ၅၆/၃၈)

ကုလသမဂ္ဂ စေတနာ့ဝန်ထမ်း (UNV) အစီအစဉ်သည် ကမ္ဘာအနှံ့ စေတနာ့ဝန်ထမ်းအလုပ်ဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့တွင် ပါဝင်ဆောင်ရွက်သည့် ကုလသမဂ္ဂအဖွဲ့အစည်းတစ်ရပ် ဖြစ်သည်။ စေတနာ့ဝန်ထမ်းအလုပ်သည် ဖွံ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်မှုများအား ဖြေရှင်းရာတွင် လူထုမှ ပိုမိုပါဝင်လာစေရန်အတွက် အစွမ်းထက်သည့် နည်းလမ်းတစ်ခုဖြစ်ပြီး တိုးတက်မှု၏ အရှိန်အဟုန်နှင့် သဘောသဘာဝကိုလည်း ပြောင်းလဲနိုင်သည်။ စေတနာဝန်ထမ်းအလုပ်သည် နိုင်ငံသားများကြား ယုံကြည်မှု၊ စည်းလုံးမှုနှင့် အပြန်အလှန်မျှဝေမှုတို့အား တိုးမြှင့်ခြင်းနှင့် ပါဝင်လာသည့် အတွက် ရရှိသည့် အခွင့်အရေးများအား ရည်ရွယ်ချက်ရှိရှိ ဖန်တီးပေးခြင်းဖြင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးသာမက  စေတနာ့ဝန်ထမ်းတစ်ဦးစီအတွက်ပါ အကျိုးဖြစ်ထွန်းစေသည်။

၁၉၇၀ ခုနှစ် ဒီဇင်ဘာတွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ (GA) ၏ သဘောထားထုတ်ပြန်ချက် ၂၆၅၉ (XXV) ဖြင့် UNV အစီအစဉ်ကို စတင်တည်ထောင်ခဲ့သည်။  အစီအစဉ်ပါ နိုင်ငံများအား ပံ့ပိုးကူညီရန်အတွက် ကုလသမဂ္ဂစနစ်သို့ စေတနာ့ဝန်ထမ်းများ အဓိက ပံ့ပိုးသည့် အဖွဲ့အစည်း အဖြစ် စတင်ခဲ့ရာမှ ပြီးခဲ့သည့် ၄၂ နှစ်တာကာလအတွင်း အဖွဲ့အစည်း အရွယ်အစားနှင့် လုပ်ပိုင်ခွင့်သြဇာလည်း ကျယ်ပြန့်လာခဲ့သည်။ ၁၉၇၆ အထွေထွေ ညီလာခံက  UNV  ၏ လုပ်ပိုင်ခွင့်တွင်  ဖွံ့ဖြိုးရေးတွင် လူငယ်များ၏ ပါဝင်မှုကို တိုးမြှင့်စေရန် ဟူသည့် အချက်ကို ဖြည့်စွက်ခဲ့သည်။ ၂၀၁၁ တွင် ကုလသမဂ္ဂ၏ အထူးအရေးပေးသည့် အချက်တစ်ချက်အဖြစ် လူငယ်များ၏ စေတနာ့ဝန်ထမ်းအလုပ်အပေါ် လူထုသတိထားမှု မြင့်တက်လာစေရန်နှင့်  ဖွဲ့ဖြိုးဆဲနိုင်ငံများကို နည်းနာဆိုင်ရာ အကူအညီများပေးပြီး ယင်းတို့မှ MDG များ အကောင်အထည်ဖော်ရာတွင် စေတနာ့ဝန်ထမ်းအလုပ်၏ အလားအလာများကို အရင်းအမြစ်တစ်ခုအဖြစ်  အကောင်းဆုံး အသုံးချနိုင်ရန် ဟူသည့် အချက်ကို ထပ်မံ တိုးချဲ့ခဲ့သည်။ ပထမ ယင်းကဲ့သို့ သတ်မှတ်ပြီး နောက်ပိုင်းတွင် ၂၀၁၅ အလွန် အစီအစဉ်များအား အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရန် ထပ်မံတိုးချဲ့သတ်မှတ်သည်။  ၂၀၁၄ ခုနှစ်သည် ကမ္ဘအနှံ့ စေတနာ့ဝန်ထမ်း အစီအစဉ်၏ အရေးပါသော အပြောင်းအလဲကာလ ဖြစ်ပြီး မဟာဗျူဟာဆိုင်ရာ မူဘောင်အား မိတ်ဆက်နိုင်ခဲ့ကာ လုပ်ငန်းများဆောင်ရွက်မှုဆိုင်ရာ နည်းလမ်းသစ်တစ်ခုကိုလည်း အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

UNV နှင့် မြန်မာနိုင်ငံရှိ စေတနာ့ဝန်ထမ်းအလုပ်

မြန်မာနိုင်ငံတွင် UNV အစီအစဉ် ပထမဦးဆုံး အရာရှိကို စတင်ခန့်အပ်သည့် ၁၉၉၁ ခုနှစ်ကပင် လုပ်ငန်းဆောင်တာများကို တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ ယခု အခါတွင် UNV မဟာဗျူဟာ မူဘောင် ၂၀၁၄-၂၀၁၇ ၏  ထောက်ပံ့ကူညီမှုများနှင့် အညီ လုပ်ကိုင်လျက် ရှိသည်။ ယင်းမှာ မကြာသေးမီက ထုတ်ပြန်အတည်ပြုခဲ့သည့် UNV ကွင်းဆင်းယူနစ်၏ ချှုဉ်းကပ်မှု ဖြစ်ပြီး အပိုင်း (၃) ပိုင်း ပါဝင်သည်။

၁။ ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့များနှင့် မိတ်ဖက်များ၏ လုပ်ဆောင်ချက်များအား အထောက်အပံ့ပေးရန်အတွက် အရည်အချင်းမြင့်မားသည့် စေတနာ့ဝန်ထမ်းများ စုစည်းခြင်း။ ၁၉၉၁ ခုနှစ်မှ စတင်ကာ နိုင်ငံတကာမှ ကုလသမဂ္ဂ စေတနာ့ဝန်ထမ်းများသည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ၊ WFP၊ UNHCR ၊ UNFPA၊ OCHA နှင့် UNODC အဖွဲ့အစည်းများအတွက်  မြန်မာနိုင်ငံသို့ လာရောက်လုပ်ကိုင်ကြပြီး မြန်မာနိုင်ငံသား ၄၀၀ ကျော်တို့သည်လည်း နိုင်ငံတကာ ကုလသမဂ္ဂစေတနာ့ဝန်ထမ်းများအဖြစ် အခြားနိုင်ငံများ အထူးသဖြင့် အာဖရိကတွင် သွားရောက် တာဝန်ထမ်းဆောင်ကြသည်။

၂။ မူဝါဒများ၊ ဥပဒေပြုမှုများနှင့် အစီအစဉ်များ ပြင်ဆင်မှုများတို့မှ တဆင့် လူငယ်များနှင့် စေတနာ့ဝန်ထမ်းအလုပ်ကို ပေါင်းစပ်ခြင်း။ ကွင်းဆင်းယူနစ်သည် အခြား ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့များနှင့် ပူးပေါင်း၍ လူငယ်၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့် DRR လုပ်ငန်းစဉ်များကို  အလေးပေးဆောင်ရွက်လျက် ရှိသည်။ ၂၀၁၅ ခုနှစ်တွင် လူမှုဝန်ထမ်းဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအောက်တွင် သဘာဝဘေးလျော့ပါးရေး လူငယ်စေတနာ့ဝန်ထမ်းကွန်ရက်ကို အစပြု တည်ထောင်ရန် အတွက်  UNV/UNDP/UNICEF  စီမံကိန်း (၁၃၈.၀၀၀ ဒေါ်လာ) ကို အတည်ပြုခဲ့သည်။ ထို့ပြင်  မြန်မာနိုင်ငံတွင် ပြည့်စုံ၍ အားလုံးတန်းတူပါဝင်သည့် လူငယ်မူဝါဒတစ်ခု ရေးဆွဲတည်ဆောက်ရန်အတွက် လုပ်ငန်းအင်အားစုတွင် UNV မှ တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။


၃။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဖြစ်စဉ်တွင် လူထုပါဝင်မှုနှင့် စေတနာ့ဝန်ထမ်းဆောင်ရွက်မှုများအကြောင်း ထောက်ခံအားပေးခြင်း။ UNV သည် စေတနာ့ဝန်ထမ်းဆောင်ရွက်မှုများ ပါဝင်သည့် အဖွဲ့အစည်းများနှင့် လူငယ်အဖွဲ့များကြားချိတ်ဆက်မှုကို အားပေးသည်။  လူထုအား အသိပေးမှုနှင့် သိရှိမှု မြင့်မားလာစေခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ ဆက်ဆံရေးနှင့် တွဲဖက်လုပ်ကိုင်ခြင်းများအား စီစဉ်ခြင်းတို့မှ တဆင့် လူငယ်နှင့် စေတနာ့ဝန်ထမ်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်စွာ ပါဝင်လာရန် ကြိုးပမ်းလျက်ရှိသည်။ အဓိက လုပ်ဆောင်ချက် တစ်ရပ်အနေဖြင့်  ဒီဇင်ဘာလ ၅ ရက်နေ့ကို  နိုင်ငံတကာ စေတနာ့ဝန်ထမ်းနေ့အဖြစ် ကျွန်ုပ်တို့မှ စီစဉ်ထားပြီး နှစ်စဉ် သြဂုတ်လ ၁၂ ရက်နေ့တိုင်းတွင်လည်း နိုင်ငံတကာ လူငယ်များနေ့ အခမ်းအနားကျင်းပမှုများကိုလည်း တက်ကြွစွာ ကျင်းပကြပါသည်။