ရခိုင်ဒေသတွင် ယူအန်ဒီပီ၏ လုပ်ကိုင်ဆောင်ရွက်မှု

ရခိုင်ဒေသတွင် ယူအန်ဒီပီ၏ လုပ်ကိုင်ဆောင်ရွက်မှု

ရခိုင်ပြည်နယ်တွင် နေထိုင်လျက်ရှိသည့် ပြည်သူအားလုံးအတွက် လုပ်ဆောင်လျက်ရှိသည်

မြန်မာနိုင်ငံရှိ ပြည်နယ်များအတွင်းတွင် ရခိုင်ပြည်နယ်သည် အနွမ်းပါးဆုံးနှင့် လူဦးရေအထူထပ်ဆုံး ပြည်နယ်ဖြစ်သည်။ ၎င်းတွင် လူမျိုးရေးအခြေခံနိုင်ငံရေး ပဋိပက္ခ၊ ရေရှည်ခံစားနေရသော ဆမ်းရဲနွမ်းပါးမှု၊ လူမှုပတ်ဝန်းကျင်မှ ချန်လှပ်ခံရမှု၊ ရာသီဥတုဖောက်ပြန်မှု အကျိုးဆက်များနှင့် သဘာဝဘေးအန္တရာယ် ဒဏ်ခံနိုင်စွမ်းနည်းပါးခြင်း သမိုင်းကြောင်းရှိသည်။ မကြာခဏဖြစ်ပေါ်လေ့ရှိသော လူမျိုးရေးဆိုင်ရာတင်းမာမှုများနှင့် အကြမ်းဖက်မှကြောင့် ပြည်သူသိန်းဂဏန်းသည် အိမ်နီးချင်းနိုင်ငံများဆီသို့  ထွက်ပြေးခဲ့ရသည်။  အများစုမှာ အိမ်နီးနားချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။

ခန့်မှန့်ခြေအားဖြင့် လူပေါင်း (၁၄၅,၀၀၀) ခန့်သည် နေရပ်စွန့်ခွာ ပြည်သူများ (IDP) ခိုလှုံရာ စခန်းများတွင် နေထိုင်ကြပြီး လူပေါင်း ၂၅,၀၀၀ ခန့်ကို ရခိုင်ပြည်နယ်အတွင်း ပြန်လည်နေရာချထားပြီးဖြစ်သည်။ အထူးသဖြင့် မူဆလင်အသိုက်အဝန်းများ  (သို့သော်လည်း ၎င်းတို့သာမက) အား လွတ်လပ်စွာ သွားလာနိုင်မှု ကန့်သတ်ထားခြင်းသည် စီးပွားရေး အခွင့်အလမ်းများအပေါ် အကန့်အသတ်ဖြစ်နေပြီး အခြေခံဝန်ဆောင်မှုများ ရရှိမှုကိုလည်း တားဆီး ပိတ်ပင်နေသည်။ လူမျိုးစုများကြား ယုံကြည်မှုပျက်ပြားခြင်းသည်လည်း မြင့်တက်လျက်ရှိသည်။ IDP စခန်းများတွင် နေထိုင်လျက်ရှိသော ပြည်သူများသည် ၎င်းတို့ နှစ်ပေါင်းများစွာကြာအောင် နေထိုင်၊ လုပ်ကိုင်၊ ပညာသင်ယူ၊ နေသားကျခဲ့သော မြို့ကြီးများ၊ မြို့နယ်များတွင် အပြန်အလှန်အမှီသဟဲပြုနေထိုင်မှုမှ ချန်လှပ်ခံခဲ့ရသည်။

ဆက်လက်တည်ရှိနေသေးသည့် ကျား/မ သာတူညီမျှမရှိခြင်းများ နှင့် ခွဲခြားဆက်ဆံခြင်းများကြောင့် ရခိုင်ပြည်သူများ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် စိန်ခေါ်မှုများကို ရင်ဆိုင်ရလျက်ရှိသည်။

အစိုးရဝန်ဆောင်မှုဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်မှုနည်းခြင်း၊ အခြေခံအဆောက်အအုံ အရည်အသွေးနိမ့်ခြင်း၊ အလုပ်လက်မဲ့ဖြစ်မှုများ၊ နုံချာသော လူမှုအဆင့်အတန်းများနှင့် ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်းများအကြား ခံစားနေရသော တရားမမျှတမှုဖြစ်စဉ်များကြောင့် အပြန်အလှန် ကြောက်ရွံ့မှုနှင့် မယုံကြည်ခြင်းများကို ဖြစ်ပေါ်လာစေခဲ့သည်။ ပဋိပက္ခများသည် ရခိုင်နှင့် မူဆလင် အသိုက်အဝန်းများအကြား ဖြစ်ပွားလေ့ရှိသည် ဆိုသော်ငြားလည်း ရခိုင်ပြည်နယ်သည် လူ့အဖွဲ့အစည်းများစွာ အတူယှဉ်တွဲနေထိုင်ကြသည့် လူမျိုးပေါင်းစုံနေထိုင်ရာ ပြည်နယ်တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံအစိုးရ၊ ပြည်နယ်အစိုးရ၊ လွှတ်တော်နှင့် ရခိုင်ပြည်နယ် မြို့နယ်အဆင့်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူများသည် ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ရန်အတွက် မဟာဗျူဟာအမျိုးမျိုးကို ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိသည်။

ရခိုင်ပြည်နယ်၏ လူမျိုးပေါင်းစုံနေထိုင်မှု၊ တစ်ပန်းသာသော ပထဝီအနေအထား၊ သဘာဝမြေပေါ်မြေအောက်သယံဇာတများနှင့် လူသားအရင်းအနှီးများကြောင့် “ရခိုင်ပြည်သူများ အတွက် ငြိမ်းချမ်း၍ တရားမျှတပြီး အောင်မြင်သော အနာဂတ်တစ်ခု” ကို တည်ဆောက်နိုင်သည့် အလားအလာကောင်းများ ရှိနေသည်ဟု ယူအန်ဒီပီက အခိုင်အမာ ယုံကြည်ပါသည်။

ယူအန်ဒီပီ၏ ချဉ်းကပ်ဟန်- ဒေသအခြေပြု စီမံကိန်း

 

ပြည်နယ်တစ်ဝှမ်းတွင် ဖြစ်ပေါ်လျက်ရှိသည့် ရှုပ်ထွေးမှုများနှင့် အထပ်ထပ်ဖြစ်ပေါ်နေသော ဖွံ့ဖြိုးမှုဆိုင်ရာ စိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားပါက ရှုထောင့်ပေါင်းစုံမှ ချဉ်းကပ်ဟန်တစ်ခုကို ထားရှိရန်လိုအပ်သည်ဟု ယူအန်ဒီပီက သိရှိနားလည်ပြီးဖြစ်ပါသည်။ ယူအန်ဒီပီသည် ပဋိပက္ခဖြစ်ပွားရသည့် အရင်းခံအကြောင်းအရင်းများကို ကိုင်တွယ် ဖြေရှင်းရာတွင် အာရုံစိုက်၍ အစိုးရ၊ ကုလသမဂ္ဂအဖွဲ့အစည်းဆိုင်ရာ စနစ်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းနှင့် လူ့အသိုက်အဝန်း အဆင့်ဆင့်နှင့် နီးကပ်စွာ လုပ်ဆောင်မည့် ဒေသအခြေပြု စီမံကိန်း ချဉ်းကပ်ဟန် ကို စတင်အသုံးပြုသွားမည်။

ယူအန်ဒီပီ၏ ဒေသအခြေပြု စီမံကိန်း ချဉ်းကပ်ဟန်သည် ထို အထပ်ထပ်ဖြစ်ပေါ်နေသော စိန်ခေါ်မှုများအား တစ်ပြိုင်နက် ကိုင်တွယ်ခြင်းကို သွယ်ဝိုက်လုပ်ဆောင်သွားမည်။ ထို့ကြောင့် ဖွံ့ဖြိုးမှု ရလဒ်များသည် ပိုမိုရေရှည်တည်တံ့လာမည် ဖြစ်ပြီး အကျိုးသက်ရောက်မှုများ ဆပွားလာမည်။  ရခိုင်ပြည်နယ်တွင် အောက်ပါတို့ပါဝင်လျက်ရှိသည်-

  • ဒေသန္တရ အုပ်ချုပ်‌‌ရေး။ မြို့နယ်အဆင့် အစီအစဉ်ရေးဆွဲခြင်း ကြားဝင်ဆောင်ရွက်ခြင်းများတွင် ယူအန်ဒီပီသည် ပြည်သူလူထုအား နှစ်စဉ် မြို့နယ်အဆင့် စီမံချက်များရေးဆွဲခြင်းနှင့် ရသုံးငွေစာရင်းရေးဆွဲခြင်းတို့ကို လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက်နှင့် ကျေးရွာစု အထွေထွေ အုပ်ချုပ်ရေးမှူးများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အစရှိသော ရွေးကောက်ခံ ကိုယ်စားလှယ်များမှတဆင့် အရေးဆိုနိုင်စေရန် ဒီမိုကရက်တစ် ဒေသန္တရအုပ်ချုပ်ရေးကို တက်ကြွစွာ ထောက်ပံ့ပေးသည်။

  • တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးမှု ရရှိရေး။ ပြည်သူလူထု ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန်အတွက် တရားရေးကဏ္ဍရှိ လုပ်ဆောင်သူများအားလုံးနှင့် အဖွဲ့အစည်းအားလုံး၏ အရည်အသွေးနှင့် တရားမျှတစွာ ဆောင်ရွက်မှုကို တိုးတက်လာစေရန် တိုင်းတာ၍ရသော ဖြစ်စဉ်များကို အစိုးရက လုပ်ဆောင်သွားရမည်။ အထူးသဖြင့် ရခိုင်ဒေသရှိ ကျား/မ အခြေပြု အကြမ်းဖက်မှုနှင့် မြေယာပိုင်ဆိုင်ခွင့်ကဲ့သို့သော ပြဿနာကြီးများအတွက် မျှတပြီး လက်လှမ်းမီနိုင်သော ယန္တရားများနှင့် ဥပဒေအထောက်အပံ့တို့ ပေးခြင်းမှတဆင့် ပဋိပက္ခဖြေရှင်းရေး ဝန်ဆောင်မှုများကို ယူအန်ဒီပီ ထောက်ပံ့ပေးသွားမည်။

  • ကျား/မ တန်းတူညီမျှမှုနှင့် အမျိုးသမီးများ၏ စွမ်းအား မြှင့်တင်ခြင်း    သမားရိုးကျ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် အခြေခံလူတန်းစားဆင့်မှ အထက်အဆင့်ဆင့်သို့ လုပ်ဆောင်လျက်ရှိသည့် ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းများတွင်ပါ အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုနှင့် အရေးဆိုခွင့်များကို တားဆီးထားသော လူမှု နှင့် ဖွဲ့စည်းပုံဆိုင်ရာ အတားအဆီးများကို ကိုင်တွယ်ဖြေရှင်းသွားမည်။ ထို့အတွက် ယူအန်ဒီပီသည် UN Women၊ UNFPA (ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့) တို့နှင့်အတူ အမျိုးသမီးအဖွဲ့အစည်းများနှင့်ပါ နီးကပ်စွာ လုပ်ဆောင်သွားမည်။

  • လူမှုစည်းလုံးညီညွတ်မှု။ ယူအန်ဒီပီသည် ရခိုင်ပြည်နယ်တစ်ခုလုံးအတွက်သာမက ပြည်နယ်အတွင်း နေထိုင်ကြသည့် အသိုက်အဝန်းများအားလုံးအတွက် လူမှုစည်းလုံးညီညွတ်မှု အားကောင်းစေရေးကို ဦးတည်၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ လူမှုစည်းလုံး ညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်သော အခြေခံအဆောက်အအုံဖန်တီးခြင်း ချဉ်းကပ်ဟန်သည် ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ကွန်ယက်များ နက်ရှိုင်းလာစေရန် ရည်ရွယ်သည်။ ထိုကွန်ယက်များသည် အမျိုးမျိုးသောအဖွဲ့များ၊ အသိုက်အဝန်းများ သို့မဟုတ် အခြားကွဲလွဲမှုများကို ‘ကူးလူးချိတ်ဆက်’ ပေးသည်။ ထိုချဉ်းကပ်ဟန်သည် အောက်ပါတို့ကို မြှင့်တင်ရန် အလေးပေးထားသည်- ၁) လူမှု ဆက်ဆံရေးများ၊ ၂) ထိတွေ့ဆက်နွယ်မှု၊ ၃) အများကောင်းကျိုးကို ဦးတည်ရေး၊နှင့် ၄) သာတူညီမျှရှိမှု။

  • အမျိုးသမီးများနှင့်လူငယ်များတွင် စီးပွားရေးစွမ်းအား မြှင့်တင်ရေးနှင့် ပြည်တွင်းစီးပွားရေးကို ပြန်လည်သက်ဝင်လာစေရေး ယူအန်ဒီပီသည် ရခိုင်ဒေသရှိ အမျိုးသမီးများနှင့် လူငယ်များအတွက် အားလုံးပါဝင်နိုင်သည့် စီးပွားရေးဆိုင်ရာ စွန့်ဦးတီထွင်ဆောင်ရွက်မှု သင်တန်းကို ထောက်ပံ့ပေးနိုင်ရန် ရှာဖွေလုပ်ဆောင်လျက်ရှိသည်။ ထိုသင်တန်းကို နိုင်ငံတွင်းပေါ်ထွန်းလျက်ရှိသည့် အခွင့်အလမ်းများအတွက် စျေးကွက်အချိတ်အဆက်များ ပြန်လည်ပြင်ဆင်ခြင်းနှင့် အားကောင်းလာစေခြင်းတို့ကို လုပ်ဆောင်ရာတွင် စီးပွားရေးအလား အလာကောင်းကို ဖွင့်လှစ်ပေးနိုင်ရန်အတွက် စိုက်ပျိုးရေးနှင့် ငါးမွေးမြူရေး တန်ဖိုးမြှင့် ကွင်းဆက် အပါအဝင် တနိုင်တပိုင်နှင့်အသေးစား စီပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးမှုကို လှုံဆော်ပေးနိုင်ရန် မျှော်မှန်းထားသည်။

  • အထောက်အထားနှင့်တကွ တင်ပြသော ဖွံ့ဖြိုးမှု။ ခိုင်ခံ့သော စစ်ဆေးအကဲဖြတ်မှုများနှင့် အရည်အသွေးမြင့် အချက်အလက်များသည် ရခိုင်ဒေသရှိ ပြည်သူများ၏ ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းဖြစ်သည်။ ယူအန်ဒီပီသည် ရခိုင်ဒေသအတွင်း စီမံချက် ပူးတွဲရေးဆွဲခြင်းအတွက် ပူးတွဲအကဲဖြတ်စစ်ဆေးမှု လုပ်ဆောင်ရန် အစိုးရအဖွဲ့ အဆင့်ဆင့်၏ ကြိုးပမ်းလုပ်ဆောင်မှုများတွင် အကူအညီပေးသွားမည်။ အသက်မွေးမှုနှင့်ထိခိုက်လွယ်မှု ပြဿနာများအပေါ် အထူး အလေးပေးသွားမည် ဖြစ်သလို ပြည်နယ်တစ်ခုလုံးအဆင့် ဖြန့်ကျက်ဖော်ဆောင်နိုင်ရန် ဒေသအချို့တွင် ရှေ့ပြေးစမ်းသပ်လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ယူအန်ဒီပီသည် အထောက်အထားအပေါ် မူတည်လုပ်ဆောင်သည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ရေးဆွဲရေးလုပ်ငန်းစဉ်တွင် ပြည်နယ်အစိုးရနှင့် ညှိနှိုင်းလုပ်ဆောင်သွားမည်။ ထိုလုပ်ငန်းစဉ်သည် စီမံကိန်းကာလ ပြီးဆုံးသည်တိုင်အောင် ရေရှည်တည်တံ့နိုင်စွမ်းရှိသည်။ ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြဿနာများ၊ ပဋိပက္ခဖြစ်လွယ်မှု၊ ဖယ်ကြဉ်မှုပြဿနာ၊ လူမှုတင်းမာမှုတို့၏ နောက်ကွယ်မှ အရွေ့များနှင့် မောင်းနှင်အားများအပေါ် စောင့်ကြည့်ရာတွင် ရှုထောင့်အသစ်များ ထောက်ပံ့ပေးနိုင်ရန် အထူးစစ်တမ်းကောက်ခံရာ၌ များပြားသောအချက်အလက်များနှင့် နည်းပညာအသစ်များကို အသုံးပြုရန် မျှော်မှန်းထားသည်။

လူသားချင်းစာနာထောက်ထားရေး ဖွံ့ဖြိုးမှု ဗဟိုချက် အားကောင်းလာစေခြင်း

မောင်တောခရိုင်သည် နောက်ဆုံးဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှု လှိုင်းများတွင် အထူးထိခိုက်ခဲ့သောနေရာ ဖြစ်သည်။ ဒုက္ခသည်များသည် နယ်စပ်တစ်ဖက်ကမ်းရှိ စခန်းများတွင် ယာယီနေထိုင်နေကြပြီး မကြာသေးမီ ခန့်မှန်းချက်များအရ လူပေါင်း တစ်သန်းခန့် ရှိနေသည်။ ၎င်းတို့ စွန့်ခွာထွက်ပြေးခဲ့သောဒေသများရှိ အခြေအနေများမှာ ၎င်းတို့အဖို့ ကိုယ်ပိုင်သဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ ရေရှည်ပြန်နေထိုင်နိုင်သော အခြေအနေမျိုး ဖြစ်ပါက ဒုက္ခသည်များမှာ မိမိသဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက်နိုင်မည် ဖြစ်သည်။

ယူအန်ဒီပီသည် ထိုရည်ရွယ်ချက်ဖြင့် မောင်တောဒေသတွင် လုပ်ငန်းဆောင်ရွက်ရန် လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ချထားရန် စီစဉ်ထားသည်။ UNCHR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) နှင့် မြန်မာအစိုးရတို့ လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ (MOU) အောက်နှင့် အစိုးရ၏ ထိရောက်သောအကူအညီပေးရေး ပြဋ္ဌာန်းချက်ပါ စာပိုဒ်အရ ယူအန်ဒီပီသည် မြန်ဆန်၍ ထိရောက်သော စီမံကိန်းများကို စတင်လုပ်ဆောင်သွားလိမ့်မည်။ ထိုစီမံကိန်းများက အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းအသစ်များ၊ လူမှုစည်းလုံးညီညွတ်မှုကို ဖန်တီးပေးနိုင်ပြီး ထိုဒေသအတွင်း နေထိုင်လျက်ရှိသော ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ရခိုင်ဒေသတွင် လူသားချင်းစာနာထောက်ထားမှု၊ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ချဉ်းကပ်ဟန်၏ ဗဟိုချက်ကို ခိုင်မာအားကောင်းစေရန် ရည်ရွယ်ချက်ဖြင့် ယူအန်ဒီပီသည် လက်ငင်းတုံ့ပြန်ချက်များနှင့် စောလျင်စွာ ပြန်လည်ထူထောင်ရေးတို့မှ ပိုမိုရှည်ကြာမည့် ဖွံ့ဖြိုးရေးတုံ့ပြန်လုပ်ဆောင်ချက်သို့တွင် အဆင့်ခွဲဖြေရှင်းနည်းတစ်ခုကို ပုံဖော်ရေးဆွဲထားသည်။ ယူအန်ဒီပီ၏ ပန်းတိုင်မှာ ရခိုင်ပြည်နယ်တွင် နေထိုင်လျက်ရှိသည့် ပြည်သူများ၏ဘဝ တိုးတက်လာရေးပင် ဖြစ်သည်။