အစိုးရ၏ လုပ်ငန်းလည်ပတ်ရေး ယန္တရားကို အားကောင်းလာစေရန်နှင့် မူဝါဒဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများကို အစိုးရအရာရှိများ ဆွေးနွေးဖော်ထုတ်
Wed Feb 28 00:00:00 UTC 2018
နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အကောင်းဆုံးအမူအကျင့်များနှင့်အညီ မူဝါဒများ ရေးဆွဲနိုင်ရန် အပြန်အလှန် ဆွေးနွေးမှုများ၊ အဖွဲ့လိုက်လေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့ပါသည်။
အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှု ယန္တရားကို အဆင့်မြှင်တင်ရန်နှင့် ဝန်ဆောင်မှုများပိုမို ကောင်းမွန်ရန် မူဝါဒ ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲကို အစိုးရ၏ အကြီးတန်းအရာရှိများနှင့် စီမံခန့်ခွဲရေးအဆင့် အရာရှိများအတွက် ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်ပြီး အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှု ယန္တရား၊ အစိုးရ၏ အဓိက လုပ်ငန်းရပ်များ၊ ဒီမိုကရက်တစ် အုပ်ချုပ်မှု၏ အခြေခံမူများနှင့် လွှတ်တော်ဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်းဟူသည့် အချက်လေးရပ်ကို ပိုမိုသိရှိနားလည်ရန် ရည်ရွယ်ပါသည်။ ဆွေးနွေးပွဲသို့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး ၉၀ ခန့် တက်ရောက်ခဲ့ပြီး မူဝါဒ ရေးဆွဲရေးလုပ်ငန်းစဉ်နှင့် အစိုးရ၏ လုပ်ငန်းရပ်များကို ပိုမိုကောင်းမွန်လာစေရန် အခွင့်အလမ်းများကို ဖော်ထုတ်ဆွေးနွေးခဲ့ကြပါသည်။
အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှု ယန္တရားဆိုသည်မှာ အစိုးရ၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းရပ်များနှင့် အုပ်ချုပ်မှုဆိုင်ရာ စီစဉ်ထားရှိမှုများနှင့် ပြည်သူများအတွက် ကောင်းမွန်သော ရလဒ်များကို ဆောင်ကြဉ်းပေးရန် မည်သို့ အတူတကွ ဆောင်ရွက်ကြသည်ကို ဆိုလိုပါသည်။ ယင်းသည် ကောင်းမွန်သော အုပ်ချုပ်မှု၏ အခြေခံဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့ ပြုပြင်ပြောင်းလဲမှုများနှင့် အပြောင်းအလဲများ ဆောင်ရွက်နေသော နိုင်ငံတွင် အလွန် အရေးကြီးပါသည်။
အစိုးရ၏ မဏ္ဏိုင်သုံးရပ်လုံးကို ချိတ်ဆက်ပါဝင်စေခြင်း
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ဥက္ကဌ ဒေါက်တာဝင်းသိန်းက “ဒီလုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးမှု အစီအစဉ်က အစိုးရရဲ့ မဏ္ဏိုင်သုံးရပ်ကို ကိုယ်စားပြုနေသူအားလုံး ပါဝင်လာအောင် ရည်ရွယ်ပါတယ်။ ဒီသင်တန်းကနေတစ်ဆင့် အားလုံးအနေနဲ့ အစိုးရကဏ္ဍရဲ့ ဆောင်ရွက်မှုကို ပိုမို ကောင်းမွန်လာဖို့အတွက် လက်ရှိ ဆောင်ရွက်နေတဲ့ မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်တွေ၊ အမူအကျင့်တွေကို သိရှိဖော်ထုတ်နိုင်ပြီး စီမံခန့်ခွဲမှုလုပ်ငန်းစဉ်တွေမှာ ထိရောက်မှုနဲ့ အကျိုးဖြစ်ထွန်းမှုတွေကို မြှင့်တင်ဖို့ မျှော်မှန်းချက်တွေကို ဖော်ဆောင်ဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ပြောသည်။
UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ ပီတာဘတ်ချ်လာက “အစိုးရရဲ့ မဏ္ဏိုင်သုံးရပ်နဲ့အတူ ပြည်ထောင်စုအဆင့်ကနေ မြို့နယ်အဆင့်အထိ အဆင့်တိုင်းကို ထိန်းညှိပေးပြီး ထိတွေ့ဆက်ဆံမှုတွေကို မြှင့်တင်ပေးခြင်းနဲ့ အစိုးရ အဖွဲ့အည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက ကဏ္ဍတွေအကြားမှာ ခိုင်မာအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုရှိခြင်းဟာ ထိရောက်တဲ့ အစိုးရ ယန္တရားတစ်ရပ်ဖြစ်လာဖို့ လိုအပ်ချက်တစ်ခုပဲဖြစ်ပါတယ်။” ဟု ပြောပါသည်။
တက်ရောက်သူများ၏ အသိပညာကို မြှင့်တင်ပေးခြင်း
တက်ရောက်သူများသည် လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးမှု အစီအစဉ်၏ အကျိုးသက်ရောက်မှုနှင့် အစိုးရကဏ္ဍ၏ စွမ်းဆောင်ရည်နှင့် ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်းကို ပိုမိုကောင်းမွန်လာစေရန် အချက်အလက် အခြေပြု မူဝါဒရေးဆွဲခြင်း၊ အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းတို့၏ အရေးပါမှုကို လေ့လာခဲ့ကြပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဘကောင်းက ဤ အစီအစဉ်သည် ဝန်ကြီးဌာနအသီးသီးမှ အစိုးရအရာရှိများအကြား ပိုမို ပွင့်လင်းစွာ ဆက်သွယ်ပြောဆိုနိုင်ရန် ကူညီပေးသည်ဟု ပြောပါသည်။
“ကျွန်တော်တို့ အစိုးရဝန်ထမ်း မျိုးဆက်သစ်တွေဟာ အထက်-အောက် ညွှန်ကြားမှုပေးတဲ့ ပုံစံကနေ အားလုံးပါဝင်နိုင်တဲ့ ပုံစံကို ပြောင်းလဲဖို့ ဆန္ဒရှိကြပါတယ်။ ဒါပေမယ့် အထက်က တာဝန်ရှိသူ လူကြီးတွေကရော ဒီပြောင်းလဲမှုကို အကောင်အထည်ဖော်ဖို့ ဆန္ဒရှိမရှိ သေချာအောင် လုပ်ဖို့လိုအပ်ပါတယ်။ ဒီစီမံကိန်းဟာ ဒီအပြောင်းအလဲအတွက် စတင်ဆောင်ရွက်လိုက်တဲ့ ခြေလှမ်းဖြစ်မယ်လို့ ယုံကြည်ပါတယ်။” ဟု ၎င်းက ပြောသည်။
ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ဆွေသည် အစိုးရဝန်ထမ်းအဖြစ် ၁၉၇၉ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ပါသည်။ ၎င်းက မူဝါဒဖော်ဆောင်ရေး၊ ထိရောက်စွာ အကောင်အထည်ဖော်ရေးနှင့် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက်အကြောင်း ဆွေးနွေးချက်များကို အားရကျေနပ်ကြောင်းပြောပါသည်။ ဤစီမံချက်သည် အစိုးရဝန်ထမ်းကဏ္ဍကို ပို၍ ကျင့်ဝတ်နှင့် ညီညွတ်ပြီး မတူကွဲပြားမှုများကို အကောင်းဆုံး သိရှိနားလည်ကာ နိုင်ငံတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများဖြစ်သည့် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးရေးတို့ကို ဖြေရှင်းနိုင်စေရန် ကူညီပေမည်ဖြစ်သည်။ “နိုင်ငံတကာ စံနှုန်းတွေ၊ အမူအကျင့်တွေနဲ့ ပတ်သက်ပြီး ဒီမှာ လေ့လာခဲ့ရတဲ့ အသိပညာတွေကို ပြန်လည်အသုံးချပြီး ကျွန်မရဲ့ ဌာနမှာ အရည်အသွေးအလျောက်မြောက်စားတဲ့ စနစ်ကို ဖော်ဆောင်သွားပါမယ်။” ဟု ပြောပါသည်။
ဤဆွေးနွေးပွဲကို နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များဖြစ်သော Parliament at State and Federal level in Australia မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း Ms. Janelle Saffin၊ ဩစတေးလျ အစိုးရကဏ္ဍ ကော်မရှင်နာ Professor Andrew Podger နှင့် New Zealand’s State Services Commission ၏ ဒုတိယ ကော်မရှင်နာဟောင်း Mr. Ryan Orange တို့ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဤအစီအစဉ်သည် UNDP ၏ ထိရောက်မှုရှိပြီး တုံ့ပြန်ဖြည့်ဆည်းပေးမှုရှိသော အဖွဲ့အစည်းများဖြစ်ပေါ်ရေး အထောက်အကူပြု စီမံချက် (SERIP) ၏ အစိတ်အပိုင်းဖြစ်ပြီး ဩစတေးလျ၊ ဖင်လန်၊ ဆွီဒင်နှင့် ဗြိတိန်တို့မှ ရန်ပုံငွေ ပံ့ပိုးပါသည်။