ကယ်ဆယ်ရေးဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်ထားခြင်းဖြင့် ကျောင်းသူကျောင်းသားများအတွက် ဆူနာမီဘေးဒဏ်အတွက် ပြင်ဆင်ပြီးဖြစ်စေခြင်း

2018- May 30

ဆူနာမီကယ်ဆယ်ရေးလေ့ကျင့်ခန်းတွင် ပါ၀င်သောကျောင်းသူ/ကျောင်းသားများ။ ဓာတ်ပုံ - Serena Arcone / UNDP Myanmar

“၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျွန်တော့ သူငယ်ချင်းတွေက ပင်လယ်ကနေ ထူးဆန်းတဲ့အသံတွေကို ကြားရတယ်လို့ပြောပါတယ်။ သူတို့လည်း အရမ်းစိတ်ဝင်စားပြီး သွားကြည့်ကြတယ်။ ပြီးတော့ လှိုင်းလုံးကြီးက သူတို့ကို တိုက်စားသွားပြီးတဲ့နောက် ကျွန်တော့်သူငယ်ချင်းတွေကို ထပ်မတွေ့ရတော့ပါဘူး” ဟု လပွတ္တာမြို့မှ အငယ်တန်း လက်ထောက်ဆရာ ဦးကံစိန်က ပြန်ပြောပြသည်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အိန္ဒိယသမုဒ္ဒရာရှိ ဆူနာမီလှိုင်းသည် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ကမ်းရိုးတန်းကျေးရွာများသို့ ဝင်ရောက်တိုက်ခတ်ကာ လူပေါင်း ၆၅ ဦး သေဆုံး၍ အိမ်ပေါင်း ၁၀၀၀ ကျော်ပျက်စီးခဲ့သည်။

“ကျွန်တော့်ဒေသက လူတွေက သဘာဝကပ်ဘေးတွေနဲ့ပတ်သတ်တဲ့ ဗဟုသုတနည်းနည်းပဲရှိတယ်။ ကျွန်တော့်သူငယ်ချင်းတွေဆိုရင်လည်းပဲ ဆူနာမီ အကြောင်းဗဟုသုတမရှိတဲ့အတွက် ဘယ်လိုကာကွယ်ရမယ်ဆိုတာ မသိကြဘူးပေါ့။ အဲဒါကြောင့်လည်း သူတို့ ဆုံးပါးခဲ့ကြရတာပေါ့ "ဟု ၎င်းက ပြောသည်။

လပွတ္တာမြို့နယ်သည် ၂၀၀၄ ခုနှစ် ဆူနာမီလှိုင်း၏ ဒဏ်အခံရဆုံးဒေသဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသများသည် ဆူနာမီဒဏ်ခံရနိုင်ခြေများပြားသောဒေသများ ဖြစ်ပါသည်။

UNDP သည် ကျောင်းနေအရွယ် ကလေးများအား ဆူနာမီဆိုင်ရာ ပညာပေးများ ပြုလုပ်ကာ  ဆူနာမီဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွင် ပိုမိုအားကောင်းလာစေခြင်းဖြင့် အစိုးရအား အထောက်အကူပြုနေပါသည်။ ဆူနာမီအတွက် အသင့်ဖြစ်ခြင်းသည် ကျောင်းများအနေဖြင့် အခြားသော သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်အဆင်သင့်ဖြစ်စေရန် ကူညီပေးပါသည်။ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုတွင် အရေးပေါ်လုပ်ထုံးလုပ်နည်းများနှင့် ကယ်ဆယ်ရေးအစီအစဉ်များအား ရေးဆွဲနိုင်ရန်လိုအပ်ပြီး ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ များ အနေဖြင့် ဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက လိုအပ်သည်များအား လုပ်ဆောင်နိုင်ရန် သင်ကြားလေ့ကျင့်ပြီးသားဖြစ်ပါသည်။ ကျောင်းများသည် သဘာဝဘေးအန္တရာယ် လျှော့ချရေးဆိုင်ရာ တာဝန်ရှိသူများနှင့် မိဘများကြား အရေးပေါ်ဆက်သွယ်ရေးလမ်းကြောင်းများ ထားရှိပါသည်။

မေလ ၁၄ ရက်နေ့ဖြင့် စတင်သော ရက်သတ္တပတ်တွင် လပွတ္တာမြို့တွင် ကျောင်းတွင်း ကယ်ဆယ်ရေးဆိုင်ရာ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ကျောင်းသား/သူ၂၀၀ ကျော်၊ ဆရာ/မများနှင့် ကျောင်းအုပ်များသည် ဆူနာမီပညာပေးလှုပ်ရှားမှုများတွင် ပါ၀င်ကာ ကျောင်းများ၏ အရေးပေါ် ပြင်ဆင်မှုများအား အကဲဖြတ်ခဲ့ကြပါသည်။ လပွတ္တာရှိ အခြေခံပညာ အထက်တန်းကျောင်း အမှတ် ၂ နှင့် သုံးမိုင် အခြေခံပညာ အထက်တန်းကျောင်းတို့ ပါဝင်ခဲ့ပါသည်။

ကျောင်းသားများသည် လုံခြုံ/အန္တရာယ်ရှိသောနေရာများ၊ ကယ်ဆယ်ရေး လမ်းကြောင်းများနှင့် ထွက်ခွာရန် လုံခြုံသောနေရာများအား ဖော်ထုတ်ရာတွင် ပါ၀င်ခဲ့ပါသည်။ ၎င်းတို့သည် ၎င်းတို့၏ ပတ်ဝန်းကျင်အား ပိုမိုနားလည်ကာ ကိုယ်တိုင် သိရှိနားလည်စေမှုကို တိုးမြှင့်နိုင်ရန်အတွက် ကယ်ဆယ်ရေး မြေပုံများအား ကိုယ်တိုင် ရေးဆွဲခဲ့ကြပါသည်။

လပွတ္တာရှိ အခြေခံပညာအထက်တန်းကျောင်း ၂ မှ အဋ္ဌမတန်း ကျောင်းသူ မမေမြတ်နိုးရည်က “ဒီအစီအစဉ်ကအရမ်းကိုအထောက်အကူပြုတယ်။ အုပ်စုလိုက် မြေပုံဆွဲရတာလည်း အရမ်း စိတ်ဝင်စားစရာကောင်းတယ်။ ကျွန်မတို့ လှည့်ပတ်လေ့လာခဲ့ကြပြီး လုံခြုံစိတ်ချရတဲ့ နေရာ၊ အန္တရာယ်ရှိတဲ့ နေရာတွေကိုလည်း စုံစမ်းခဲ့တယ်။” ဟုပြောကြားခဲ့ပါသည်။

“ဒီအသိပညာတွေကို ကျွန်မရဲ့ မိသားစုတွေကို မျှဝေသွားမှာပါ။ ဒီလိုဗဟုသုတတွေက လူ့အသက်ပေါင်းများစွာကို ကယ်တင်တဲ့နေရာမှာ အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် ကျေးလက်နေပြည်သူတွေ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတ နည်းပါးတဲ့သူတွေပေါ့။” ဟု ၎င်းက ထပ်မံပြောကြားခဲ့ပါသည်။

ဦးကံစိန်က “ဒီလိုလေ့ကျင့်မှုမျိုးကို ကျောင်းသား/သူတွေနဲ့ ဆရာ/မတွေအတွက် ပြုလုပ်ပေးတာက အရမ်း အရေးကြီးပါတယ်။ ကျောင်းသား/သူတွေက သတင်းအချက်အလက်တွေကို မိသားစုနဲ့ ဆွေမျိုးတွေဆီကိုဖြန့်ဝေနိုင်ပြီး ဆရာ/မတွေ ကလည်း ဒေသဆိုင်ရာအာဏာပိုင်တွေ၊ ပတ်ဝန်းကျင်မှာ နေထိုင်တဲ့သူတွေနဲ့ အသစ်ရောက်လာမဲ့ကျောင်းသားသစ်တွေကို ဗဟုသုတဖြန့်ဝေနိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ ဒေသက ပြည်သူတွေဟာ အနာဂတ်မှာ ဆူနာမီဒဏ်ကို ကြံကြံခံနိုင်မှာပါ။” ဟု ပြောပါသည်။

ကယ်ဆယ်ရေးလေ့ကျင့်ခန်းများသည် အာရှနှင့်ပစိဖိတ် ၁၈ နိုင်ငံ၌ UNDP မှ အကောင်အထည်ဖော်သည့် အာရှနှင့်ပစိဖိတ်ဒေသရှိ ကျောင်းများအတွက် ဆူနာမီဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများအား ပိုမိုခိုင်မာစေရန် ဂျပန်အစိုးရမှ ရန်ပုံငွေထောက်ပံ့ပေးနေသော ဒေသဆိုင်ရာစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ဤစီမံကိန်းအား ပညာရေး၀န်ကြီးဌာနနှင့် လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန လက်အောက်ရှိ သဘာဝဘေးစီမံခန့်ခွဲမှုဌာနတို့မှ ထောက်ပံ့ပါသည်။ ဤစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် အစိုးရမဟုတ်သည့် အဖွဲ့အစည်း Seeds Asia မှလည်း UNDP အား ထောက်ပံ့ကူညီနေပါသည်။ ဤစီမံကိန်းအား ဆူနာမီအန္တရာယ် မြင့်မားသော ဒေသများရှိ ကျောင်းငါးကျောင်းတွင် စမ်းသပ်ခဲ့ပါသည်။

၎င်းစီမံကိန်းသည် Sendai မူဘောင်၏ရည်မှန်းချက်များဖြစ်သည့် အသက်ဆုံးရှုံးမှုများ၊ ထိခိုက်နစ်နာမှုများနှင့် သဘာဝနှင့်လူသားများကြောင့် ဖြစ်ပေါ်လာသည့်ဘေးအန္တရာယ်များကြောင့် စီးပွားရေးထိခိုက်ပျက်စီးမှုများအား အောင်မြင်စွာ လျှော့ချနိုင်ရန် အထောက်အကူပြုပါသည်။ ထို့အပြင် ဘေးအန္တရာယ် ကျရောက်လွယ်သောဒေသများအား ရာသီဥတုပြောင်းလဲမှုများနှင့် လိုက်လျောညီထွေဖြစ်စေရန် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး နည်းလမ်းများအား နိုင်ငံတော်နည်းဗျူဟာများ၌ ပေါင်းစပ်ရန် ဆိုသည့် UNDP ၏ ရည်မှန်းချက်အား ပြည့်မီစေရန် ရည်ရွယ်ပါသည်။