လူထုပါဝင်သော စီမံချက်ရေးဆွဲမှုသည် ရခိုင်ပြည်နယ်အတွင်းမှ အသိုက်အဝန်းအားလုံးအတွက် အကျိုးဖြစ်ထွန်းစေခဲ့

2018- September 13

ရခိုင်ပြည်နယ်အစိုးရနှင့် UNDP တို့သည် ပြည်သူများ၏ လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်ပေးရန် လူထုပါဝင်သော စီမံကိန်းရေးဆွဲရေး စီမံချက်ဖြင့် တံတားများ၊ လမ်းများ၊ ကျောင်းများ၊ ကျေးလက်ကျန်းမာရေး ဌာနများနှင့် ရေပေးဝေရေးစနစ်တို့ကို တည်ဆောက်ပေးရာတွင် ရန်ပုံငွေ ပံ့ပိုးပေးရန် သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါသည်။

စစ်တွေ၊ မြန်မာ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၃ ရက် - “နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဒေသခံလူထုဟာ ရခိုင်ပြည်နယ်မှာ ဘယ်လိုပေါင်းစည်းကြတယ်ဆိုတာ ပြသတဲ့ မှတ်ကျောက်တစ်ခုပါပဲ။” ဟု ပြောဆိုကာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက UNDP နှင့် ရေးထိုးလိုက်သည့် သဘောတူညီမှု စာချွန်လွှာကို ကြိုဆိုလိုက်ပါသည်။ UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ပီတာဘတ်ချ်လာက “ဒါဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အသိုင်းအဝိုင်း အားလုံးရဲ့ လူမှုစီးပွားဘဝ တိုးတက်ဖွံ့ဖြိုးလာဖို့ ရေရှည်လက်တွဲဆောင်ရွက်မယ့် ပူးပေါင်းဆောင်ရွက်မှုရဲ့ ပထမခြေလှမ်းပဲ ဖြစ်ပါတယ်။” ဟု ပြောဆိုခဲ့ပါသည်။

ဤသဘောတူညီချက်သည် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးကို စတင်ဆောင်ရွက်ကာစ ဖြစ်ပြီး၊ ရင်းမြစ် ရန်ပုံငွေခွဲဝေမှုများမှာ ပြည်ထောင်စုအဆင့်မှ ဒေသန္တအဆင့်သို့ အထက်-အောက်ပုံစံဖြစ်ကာ စီမံကိန်းများ ရေးဆွဲရာတွင် အားလုံးပါဝင်နိုင်သော အခွင့်အလမ်းနည်းပါးလှသည့် မြန်မာနိုင်ငံတွင် လူထုပါဝင်သော စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရေးအတွက် အရေးပါလှသော ကွက်လပ်ကို ဖြည့်ဆည်းပေးမည်ဖြစ်ပါသည်။ လူထု၏ ကိုယ်စားလှယ်များမှာ လူထု လိုအပ်ချက်များအတွက် ဆုံးဖြတ်ချက် ချမှတ်ရာတွင် ဝင်ရောက်ပြောဆိုခွင့် ရရှိလေ့ မရှိပါ။ မြို့နယ် စီမံအုပ်ချုပ်ရေးလုပ်ငန်းစဉ်များတွင် ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် ဒေသန္တရ ဆုံးဖြတ်ခွင့် အာဏာမရှိခြင်းနှင့် ပြည်သူများ၏ လိုအပ်ချက်များ၊ ဦးစားပေးလုပ်ငန်းများကို တုံ့ပြန်ဆောင်ရွက်ရန် မိမိကိုယ်တိုင် စီမံခန့်ခွဲ၍ သုံးစွဲနိုင်သော ရန်ပုံငွေမရှိခြင်းတို့ကို တွေ့ကြုံနေကြရပါသည်။

ယင်းအခြေအနေများသည် UNDP ၏ လူထုပါဝင်သော မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် ဒေသန္တရ ဖွံ့ဖြိုးရေး လုပ်ငန်းရပ် ကြောင့် စတင်ပြောင်းလဲလာတော့မည်ဖြစ်ပါသည်။ ထိုလုပ်ငန်းရပ်သည် ရခိုင်ပြည်နယ်အတွင်း ရှုပ်ထွေးသော ဖွံ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန်ဆောင်ရွက်ရန် ဂျပန်အစိုးရ၏ ပံ့ပိုးမှုဖြင့် UN Women နှင့် ပူးပေါင်းဆောင်ရွက်သော ပူးတွဲစီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်ပင် ဖြစ်ပါသည်။

လူထုလိုအပ်ချက်ကို တုံ့ပြန်ဆောင်ရွက်ပေးမည့် ရန်ပုံငွေများ

မြို့နယ်များ၏ ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများအတွက် ပံ့ပိုးရန် ရန်ပုံငွေများသည် အစိုးရ၏ ဘက်ဂျက်အတွင်းသို့ တိုက်ရိုက် ပေးအပ်သွားမည်ဖြစ်ပါသည်။ စီမံအချက်အရ တည်ဆောက်သွားမည့် တံတားများ၊ လမ်းများ၊ စာသင်ကျောင်းများနှင့် ဆေးပေးခန်းများသည် ရပ်ရွာလူထုနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များမှ မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ (TPICs) နှင့် UNDP ၏ နည်းပညာပံ့ပိုးမှုဖြင့် ဆောင်ရွက်သော လူထုပါဝင်သည့် စီမံကိန်းရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲများတွင် ပါဝင်ရွေးချယ်ထားခြင်းဖြစ်ပါသည်။

စီမံချက်၏ ပထမအဆင့်တွင် ဂွ၊ ပုဏ္ဏားကျွန်း၊ သံတွဲ၊ တောင်ကုတ်နှင် ရမ်းဗြဲမြို့နယ်တို့ ပါဝင်ပြီး အဆိုပါ မြို့နယ်များကို ပြည်နယ်အစိုးရ၊ လွှတ်တော်နှင့် ရပ်ရွာလူထုများနှင့် ဆွေးနွေးညှိနှိုင်းပြီး ရွေးချယ်ထားခြင်း ဖြစ်ပါသည်။ ဤမြို့နယ်များသည် ဖွံ့ဖြိုးမှုလိုအပ်ချက် မြင့်မားခြင်း၊ လူမျိုးပေါင်းစုံ စုစည်းနေထိုင်ခြင်းနှင့် ထိခိုက်လွယ်မှုများခြင်း စသည့် အချက်များအပေါ် အခြေခံ၍ ရွေးချယ်ထားခြင်း ဖြစ်ပါသည်။ စီမံကိန်း ပထမအဆင့်၏ အောင်မြင်မှုပေါ် အခြေခံပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးတွင် လွှမ်းခြုံနိုင်ရန် အခြားမြို့နယ်များကိုပါ ပါဝင်လာရန် ဖိတ်ခေါ်မှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။

UNDP သည် ဤချဉ်းကပ်မှုဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားလုံးပါဝင်ပြီး၊ ထိရောက်ကာ ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ယူမှုရှိစေရန် အစိုးရ၏ စွမ်းဆောင်ရည်ကို မြှင့်တင်သွားရန် ရည်ရွယ်ပါသည်။ ၂၀၁၆ ခုနှစ်မှ စတင်ကာ UNDP သည် မွန်ပြည်နယ်တွင် ပဲခူးတိုင်းတို့တွင် ဒေသန္တရ ဖွံ့ဖြိုးမှုနှင့် အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဤချဉ်းကပ်မှုသည် ဒေသန္တရ အုပ်ချုပ်ရေးတွင် အဓိက အရေးပါသူများဖြစ်သော ဌာနဆိုင်ရာ အကြီးအကဲများ၊ ရွေးကောက်ခံ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် အမျိုးသမီး ဆယ်အိမ်ခေါင်းများ တို့ကို နှစ်စဉ် မြို့နယ် စီမံကိန်းနှင့် ဘက်ဂျက်ရေးဆွဲရေး လုပ်ငန်းစဉ်တွင် ပါဝင်လာစေပါသည်။ ပျမ်းမျှအားဖြင့် မြို့နယ်တစ်ခုရှိ လူတစ်ဦးလျင် ဒေါ်လာ တစ်ဒေါ်လာဖြင့် တွက်ချက်၍ ရန်ပုံငွေ ချထားပေးသော်လည်း ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးမှုနောက်ကျသည့် အခြေအနေကြောင့် သုံးဒေါ်လာဖြင့် တွက်ချက်ပေးပါသည်။ ယင်းသို့ ဆောင်ရွက်နိုင်သည်မှာ ဂျပန်အစိုးရ၏ ရက်ရောသော ရန်ပုံငွေ ကူညီပံ့ပိုးမှုကြောင့် ဖြစ်ပါသည်။


သာယာဝပြောမှုနှင့် ငြိမ်းချမ်းရေးဆီသို့ ပထမ ခြေလှမ်း

ဤလုပ်ငန်းစဉ်သည် မြို့နယ်များထံ ဖွံ့ဖြိုးရေး ရန်ပုံငွေများ ပေးအပ်ကာ ငွေကြေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှု လျှော့ချရန်နှင့် တာဝန်ယူမှု/တာဝန်ခံမှုရှိသော ဒေသန္တရ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပါသည်။ ထို့ပြင် UNDP သည် တာဝန်ယူမှုရှိပြီး ထိရောက်သော ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအကြား ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ပေးရန် ဆောင်ရွက်လျက်ရှိပါသည်။ ယင်း စွမ်းဆောင်ရည်များနှင့် ထိတွေ့ဆက်ဆံမှုများကို မြှင့်တင်ရန် UNDP ၏ ပံ့ပိုးမှုနှင့် ရင်းမြစ်များနှင့် ဆုံးဖြတ်ချက်ချမှတ်နိုင်ခွင့်များကို တိုင်းဒေသကြီး/ပြည်နယ်အဆင့်သို့ ခွဲဝေချထားပေးမှုတို့ကြောင့် အဓိက ပတ်သက်နေသော အဖွဲ့များသည် ပူးပေါင်းဆောင်ရွက်မှုနှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်မည်ဖြစ်ပါသည်။

ရခိုင်ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးကျော်အေးသိန်းက ဦးစားပေးဆောင်ရွက်ရန် ဒေသခံကိုယ်စားလှယ်များမှ သဘောတူထားသည့် စီမံချက်များဖြစ်သည့် - တံတား ဆယ်စင်းနှင့် လမ်းတည်ဆောက်ခြင်း၊ စာသင်ကျောင်း ၄ ကျောင်း၊ ကျေးလက် ကျန်းမာရေး ဌာန ၄ ခု၊ တိုက်နယ်ဆေးရုံနှင့် အနီးဝန်းကျင်ကျေးရွာများအတွက် ရေပေးဝေရေး စနစ်တည်ဆောက်ခြင်းနှင့် ရေကန် ၁ ကန် ပြုပြင်ခြင်းတို့အကြောင်း တင်ပြခဲ့ပါသည်။ ပွင့်လင်းမြင်သာမှုရှိပြီး အားလုံး လျှောက်ထားနိုင်သော ဝယ်ယူဖြည့်တင်းရေးလုပ်ငန်းစဉ်များဖြင့် ဒေသခံ ကန်ထရိုက်တာများကို လေလံစနစ်ဖြင့် ရွေးချယ်နိုင်ရန် ဖိတ်ခေါ်ထားပါသည်။ ဤစီမံချက်များသည် သက်ဆိုင်ရာ မြို့နယ်များတွင် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

ဤသဘောတူညီချက်၏ အစိတ်အပိုင်းအဖြစ် ရခိုင်ပြည်နယ် အစိုးရသည် ၎င်း၏ ဘက်ဂျက်လုပ်ငန်းစဉ်တွင် ဤလူထုပါဝင်သော စီမံကိန်းရေးဆွဲရေးပုံစံကို ထည့်သွင်းဆောင်ရွက်မည်ဖြစ်ပြီး ပြည်သူများ၏ လိုအပ်ချက်များဖြစ်သည့် အခြေခံအဆောက်အဦ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ လက်လှမ်းမီရရှိရေး ကြိုးပမ်းသွားမည်ဟု ကတိပြုခဲ့ပါသည်။ UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ပီတာဘတ်ချ်လာက UNDP က ဤလုပ်ငန်းစဉ်သည် “ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများအားလုံးအတွက် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ပထမခြေလှမ်းဖြစ်သည်” ဟု ပြောကြားခဲ့ပါသည်။