ရာသီဥတု အန္တရာယ် စီမံခန့်ခွဲမှုတွင် မီဒီယာ၏ အခန်းကဏ္ဍကို အားကောင်းလာအောင် ဆောင်ရွက်ခြင်း

2018- November 17

မန္တလေး - မြန်မာနိုင်ငံသည် ၎င်း၏ မြေမျက်နှာသွင်ပြင်အနေအထားနှင့် တည်နေရာတို့အရ သဘာဝ ဘေးအန္တရာယ် အများအပြား ကြုံတွေ့ရနိုင်သော နိုင်ငံတစ်ခု ဖြစ်ပါသည်။ထို့ပြင် မိုးများခြင်းကြောင့် ရေကြီးရေလျှံခြင်း၊ ရာသီဥတု အဆမတန် ပူပြင်းခြင်းကြောင့် မိုးခေါင်ရေရှားခြင်း စသော ပြင်းထန်သည့် မိုးလေဝသဆိုင်ရာ ဖြစ်ရပ်များကို ကြုံတွေ့နေရပါသည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲခြင်းတွင် စိန်ခေါ်မှုများ ကြုံတွေ့နေရပြီး ဆောင်ရွက်နေသူများ အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းအချက်အလက်များနှင့် ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများကို ပိုမို နားလည်ရန် လိုအပ်လာပါသည်။ ထို့ပြင် မှန်ကန်သော သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များနှင့် သတိပေးချက်များကို အချိန်မီထုတ်ပြန်ပေးရန် အရေးကြီးပါသည်။ သို့မှသာ တုံ့ပြန်မှုများကို ချက်ချင်းဆောင်ရွက်နိုင်ပြီး အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။

UNDP သည် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ အပူပိုင်းဒေသ (စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီး) တို့မှ သတင်းထောက် ၅၁ ဦးကို ရာသီဥတုဆိုင်ရာ သတင်းအချက်အလက် ထုတ်ပြန်ခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ နှစ်ရက်တာ သင်တန်းပေးကို ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါသင်တန်းသည် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များနှင့် သတင်းအချက်အလက်များကို သတင်းမီဒီယာများ ပိုမို နားလည် သိရှိစေရန် ရည်ရွယ်ပါသည်။ သို့မှသာ ပြည်သူများထံသို့ လိုအပ်သော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။

“ဒီသင်တန်းဟာ မိုးလေဝဿနဲ့ ဇလဗေဒဦးစီးဌာနအနေနဲ့ ပထမဦးဆုံး ဆောင်ရွက်တဲ့ သင်တန်းဖြစ်ပြီး အခုလို မီဒီယာတွေနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် ဝမ်းသာပါတယ်။ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ရတဲ့အခါ လူထုကို သတင်းမှန်ပေးဖို့ မီဒီယာတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။” ဟု မိုးလေဝဿနှင့် ဇလဗေဒဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါသည်။

သင်တန်းတွင် မိုးလေဝဿနှင့် ဇလဗေဒဦးစီးဌာနမှ တာဝန်ရှိသူများက မီဒီယာများအား မိုးလေဝဿနှင့် ဇလဗေဒနှင့် ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်များ၊ ၎င်းတို့ ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ ပြန်လည်ဖြစ်ပွားခြင်း/ စတင်ဖြစ်ပွားခြင်းနှင့် သက်ရောက်မှုများကို ရှင်းလင်းပြောပြခဲ့ကြပါသည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများကို မည်သို့ တင်ပြသင့်ပုံ၊ မြန်မာနိုင်ငံနှင့် ကိုက်ညီအောင် မည်သို့ ဖော်ပြသင့်ပုံများကို မျှဝေပေးခဲ့ကြပါသည်။ ထို့နောက် UNDP မှ တာဝန်ရှိသူများက လိုက်လျောညီထွေမှု ရန်ပုံငွေ (Adaptation Fund) စီမံချက်အကြောင်း ရှင်းလင်းပြောကြားခဲ့ကြပါသည်။

အဆိုပါ စီမံချက်သည် တောင်သူလယ်သမားများအတွက် ပြင်းထန်သော ရာသီဥတုဆိုင်ရာ ဖြစ်ရပ်များကို ကြိုတင်သိရှိပြီး ရင်ဆိုင်နိုင်စေရန် နေရာဒေသအလိုက် သတင်းအချက်အလက်များကို ဝေမျှပေးသော မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုကို ဖော်ဆောင်ရန် မိုးလေဝဿနှင့် ဇလဗေဒဦးစီးဌာနကို ပံ့ပိုးပေးခဲ့ပါသည်။

“သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်တွေကို ပြည်သူတွေဆီ ရောက်ရှိဖို့ မီဒီယာရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ အထူးသဖြင့် ဆိုးရွားပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေမှာ ပိုပြီး အရေးကြီးပါတယ်။ သတင်းဖြန့်ဝေမှု နည်းနည်းလေးမှားသွားတာနဲ့ တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းတွေမှာ ထိခိုက်မှုတွေ အများကြီး ရှိနိုင်ပါတယ်။ UNDP အနေနဲ့ ဒီလုပ်ငန်းစဉ်မှာ မိုးလေဝဿနှင့် ဇလဗေဒဦးစီးဌာနကို ပံ့ပိုးပေးရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။” ဟု UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Peter Batchelor က ပြောသည်။

အဆိုပါ သင်တန်းသည် မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံမှုတို့အပေါ် ထိခိုက်နိုင်ခြေများအား စီမံဖြေရှင်းရေးစီမံကိန်း” ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ စီမံကိန်းသည် အပူပိုင်းဒေသရှိ မြို့နယ် ၅ မြို့နယ် - စစ်ကိုင်းတိုင်းဒေသကြီးတွင် ရွှေဘိုနှင့် မုံရွာမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် မြင်းခြံနှင့် ညောင်ဦးမြို့နယ်နှင့် မကွေးတိုင်းဒေသကြီးတွင် ချောက်မြို့နယ် - တို့ရှိ လူဦးရေ ၂၅၀,၀၀၀ ကို လွှမ်းခြုံဆောင်ရွက်နေပါသည်။

စီမံကိန်းသည် နွေရာသီကာလတွင် ရေချိုရရှိအောင် ဆောင်ရွက်ပေးခြင်း၊ ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ နည်းပညာများပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ စီမံကိန်းသည် ဒေါ်လာ ၇.၉ သန်းဖြင့် ဆောင်ရွက်နေသည့် လေးနှစ်တာစီမံကိန်းဖြစ်ပြီး လိုက်လျောညီထွေ ရန်ပုံငွေ (Adaptation Fund) ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် UNDP နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (အထူးသဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာန) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါသည်။ စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် စတင်ပြီး ၂၀၁၉ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပါသည်။

သင်တန်းအပြီးတွင် သတင်းမီဒီယာများသည် အပူပိုင်းဒေသများရှိ လုပ်ငန်းများကို သွားရောက်လေ့လာမည်ဖြစ်ပြီး ဒေသခံများကို အင်တာဗျူးခြင်း သတင်းထုတ်ပြန်ခြင်းများကို ပြုလုပ်မည်ဖြစ်ပါသည်။

စီမံကိန်းအကြောင်း

“မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံမှုတို့အပေါ် ထိခိုက်နိုင်ခြေများအား စီမံဖြေရှင်းရေးစီမံကိန်း

ဤစီမံကိန်းသည် အပူပိုင်းဒေသတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်လုပ်မှုစက်ဝန်းအပေါ် ရာသီဥတု ပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများဖြစ်သည့် အပူချိန်များတိုးမြှင့်လာခြင်းနှင့် ခြောက်သွေ့ခြင်း၊ ရေရရှိမှု လျော့နည်းလာခြင်း၊ ရေကြီးမှုနှင့် မုန်တိုင်းဖြစ်ပေါ်မှုစသော ဆိုးရွားသည့် ဘေးအန္တရာယ်များ ကို လျှော့ချရန်ရည်ရွယ်ပါသည်။