UNHCR နှင့် UNDPတို့ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ပထမဦးဆုံး လေ့လာဆန်းစစ်မှုပြီးစီး

2018- October 5

အောက်ဖော်ပြပါ စာသားများသည် ဂျီနီဗာရှိ Palais des Nations တွင် ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် UNHCR ၏ ပြောရေးဆိုခွင့်ရှိသူ Andrej Mahecic ၏ ပြောကြားချက် အကျဉ်းချုပ်ဖြစ်ပါသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့သည် ရခိုင်ပြည်နယ်ရှိ ကျေးရွာအုပ်စုသုံးခုမှ ရွာပေါင်း ၂၃ ရွာတွင် ကနဦး လေ့လာဆန်းစစ်မှုများကို ပြုလုပ်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၇၂၀,၀၀၀ သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ တိမ်းရှောင်သွားခဲ့ကြပြီးနောက်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ထိခိုက်ခံစားရသော လူထုအားလုံးနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆန်းစစ်မှုများပြုလုပ်ရာတွင် အဆင်ပြေချောမွေ့အောင် ကူညီပံ့ပိုးခဲ့ကြသော တာဝန်ရှိသူများကို UNHCR နှင့် UNDP တို့မှ မှတ်တမ်းတင်ကျေးဇူးတင်ရှိပါသည်။ နယ်မြေအခြေအနေကြောင့် ကျယ်ကျယ်ပြန်ပြန့် ဆန်းစစ်မှုများပြုလုပ်ရန် အခွင့်မသာခဲ့သော်လည်း အဆိုပါ ဆန်းစစ်ချက်များကြောင့် UNHCR နှင့် UNDP တို့သည် ယင်းဒေသများတွင် နေထိုင်သူများ ရင်ဆိုင်နေရသော အခက်အခဲများကို သိရှိနားလည်ခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် လူထုလိုအပ်ချက်များကို ဆန်းစစ်ခဲ့ကြပြီး ကာလတို ဖြေရှင်းနိုင်မည့် ဦးစားပေးလုပ်ငန်းရပ်များကို ဖော်ထုတ်နိုင်ခဲ့ကြပါသည်။ ထို့ပြင် ထိခိုက်ခံစားရသော လူ့အသိုင်းအဝိုင်းအားလုံးအတွက် လူမှုအခြေအနေမြှင့်တင်ပေးခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်းနှင့် အသိုက်အဝန်းများအားလုံးအတွင်း လူမှုရေး ပေါင်းစည်းမှုများဖြစ်ပေါ်လာစေရေး အစိုးရ၏ ကြိုးပမ်းမှုများကို ပံ့ပိုးနိုင်မည့် လူထုအခြေပြု လုပ်ငန်းရပ်များကိုလည်း ဆန်းစစ်ချက်များမှတဆင့် ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်းက ဆန်းစစ်ချက်ပြုလုပ်ရာတွင် အလေးအနက်ထား ဆောင်ရွက်ရမည့် အချက်များကို တွေ့ရှိခဲ့ရပါသည်။ ယင်းတို့မှာ ဒေသန္တရ စီးပွားရေးနှင့် ဆုတ်ယုတ်လာသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ရခိုင်ပြည်နယ်အတွင်း အသိုက်အဝန်းများအားလုံး၏ ထိခိုက်လွယ်မှုများပိုမို တိုးမြင့်လာခြင်းတို့ ဖြစ်ပါသည်။

ဆန်းစစ်မှုများအတွက် ဖြေကြားရာတွင် အသိုက်အဝန်းများအားလုံးက တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင် ကန့်သတ်ချက်များကြောင့် အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်နှင့် အခြေခံဝန်ဆောင်မှုများကို လက်လှမ်းမီရန် ခက်ခဲကြောင်း ပြောကြားခဲ့ကြပါသည်။ အချို့က အခြားသော အသိုက်အဝန်းများကို ကြောက်ရွံ့ထိတ်လန့်မှု၊ မလုံခြုံမှုခံစားရသည့်အတွက် မိမိကိုယ်ကိုယ် ကန့်သတ်မှုများရှိနေသလို၊ အချို့သူများ အထူးသဖြင့် မွတ်စလင် အသိုက်အဝန်းမှာ လွတ်လွတ်လပ်လပ် သွားလာခွင့် မရှိခြင်းများ ကြုံတွေ့နေရပါသည်။ အသိုက်အဝန်းအချင်းချင်း ကြောက်ရွံ့မှု၊ မယုံကြည်မှုများကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော အခြေခံ ဝန်ဆောင်မှုများကို လက်လှမ်းမီရရှိမှု မရှိသည်ကိုလည်း ကြုံတွေ့နေကြရပါသည်။ ယင်းကြောင့် အသိုက်အဝန်းများအကြား ထိတွေ့ဆက်ဆံမှုမရှိတော့ဘဲ ယုံကြည်မှုတည်ဆောက်ခြင်း၊ လူမှုပေါင်းစည်းခြင်းစသော အလားအလာများကို လျော့နည်းစေပါသည်။ ကျွန်ုပ်တို့ တွေ့ဆုံခဲ့သူများ အများစုသည် ကျန်းမာရေး စောင့်ရှောက်မှု ရရှိရန် ခက်ခဲခြင်းနှင့် မွတ်စလင်အသိုက်အဝန်းများအပေါ် ကန့်သတ်ချက်များကြောင့် ပညာရေးကို လက်လှမ်းမီရန် ခက်ခဲခြင်းတို့အကြောင်း ပြောဆိုခဲ့ကြပါသည်။

ယုံကြည်မှုမရှိခြင်း၊ အခြားသော အသိုက်အဝန်းကို ကြောက်ရွံ့ခြင်းနှင့် မလုံခြုံမှု ခံစားရခြင်းတို့ကို နေရာများစွာတို့တွင် တွေ့ရှိရပါသည်။ အသိုက်အဝန်း အများစုမှာ တသီးတသန့်နေခြင်းကြောင့် အခြားသူများနှင့် ဆက်သွယ်ခြင်း၊ အပြန်အလှန်နားလည်ခြင်းနှင့် အသိုက်အဝန်းများအတွင်း ပေါင်းစည်းမှုများ ဆောင်ရွက်ခြင်းဆိုင်ရာ အလားအလာများကို လျော့ကျစေပါသည်။

ဆန်းစစ်မှုအဖွဲ့များမှ တွေ့ရှိခဲ့ရသည်မှာ အချို့သော အသိုက်အဝန်းများ အထူးသဖြင့် တစ်ခုနှင့်တစ်ခု နီးစပ်စွာ နေထိုင်ကြသူများအကြား ထိတွေ့ဆက်ဆံမှုများကို ထိန်းသိမ်းထားခြင်း သို့ ပြန်လည် စတင်လာခြင်းတို့ကို တွေ့ရှိခဲ့ရပါသည်။ အားတက်ဖွယ်ကောင်းသည်မှာ ကျွန်ုပ်တို့ တွေ့ဆုံစကားပြောခဲ့ကြသူများသည် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းမှုကို မျှော်လင့်နေပြီး ဆက်ဆံရေးများကို ပိုမိုကောင်းမွန်မြှင့်တင်စေရန် ဆောင်ရွက်လိုသူများ ဖြစ်နေကြသည်ကို တွေ့ရှိရပါသည်။ ကျန်ရှိနေသော အသိုက်အဝန်းများအကြား ယုံကြည်မှု တည်ဆောက်ခြင်းနှင့် အခြေအနေများကို ပိုမိုကောင်းမွန်လာစေခြင်းသည် အဆိုပါ အသိုက်အဝန်းများ အားလုံးကို ပြန်လည်စုစည်းခြင်း၊ ဆင်းရဲနွမ်းပါးမှု ပပျောက်စေခြင်း၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ မညီမျှမှုကို လျှော့ချခြင်းနှင့် ဇစ်မြစ်ကိုရှာဖွေဖော်ထုတ်ဖြေရှင်းရာတွင် သိသာသော တိုးတက်မှုရရှိစေခြင်းတို့အတွက် အရေးကြီးပါသည်။

အသိုက်အဝန်းများ အားလုံးမှာ ဆန်းစစ်မှုအဖွဲ့များကို ကြိုဆိုခဲ့ကြပြီး ၎င်းတို့ ကြုံတွေ့နေရသည်များကို မျှဝေခဲ့ကြပါသည်။ ဆန်းစစ်မှုအဖွဲ့များအပေါ် ဆန့်ကျင်မှု၊ မုန်းတီးမှု တစုံတရာကို မတွေ့ရှိခဲ့ရပါ။

ပြီးခဲ့သည့် ၂၄ နာရီအတွင်းက ခရီးသွားလာခွင့်ပြုချက် ရရှိပြီးသောကြောင့် သောကြာနေ့ မနက်မှ စတင်ကာ UNHCR နှင့် UNDP အဖွဲ့များသည် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် ဒုတိယအကြိမ် ဆန်းစစ်မှုများကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် နားလည်မှုစာချွန်လွှာတွင် ပါဝင်သည့် မြို့နယ်များအားလုံးတွင် ထိရောက်သော လက်လှမ်းမီမှု ရရှိရန်ဟူသည့် အချက်အတိုင်း ဆန်းစစ်မှုများနှင့် ဆွေးနွေးမှုများကို ပိုမို ကျယ်ပြန့်စွာ ချဲ့ထွင်လုပ်ကိုင်နိုင်ရန် မျှော်လင့်ပါသည်။ အရေးပါသည့် နောက်အဆင့်များမှာ ဆန်းစစ်မှုပြုလုပ်ပြီးသော ဒေသများကို နောက်ဆက်တွဲ သွားရောက်ပြီး အသိုက်အဝန်းများအားလုံးနှင့် ဆက်လက်ထိတွေ့ဆက်ဆံရန်နှင့် ယခင်ဖော်ထုတ်ထားသည့် လူထုအခြေပြုလုပ်ငန်းရပ်များကို ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ်ရန်ဖြစ်ပါသည်။

UNHCR နှင့် UNDP တို့သည် နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရာတွင် ဆက်လက် ပံ့ပိုးသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများကို ပြည့်စုံ၍ ရေရှည်တည်တံ့သော ဖြေရှင်းချက်များကို ရှာဖွေရာတွင် မြန်မာနိုင်ငံအစိုးရကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ပါသည်။ ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ မိမိဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံမှုရှိစွာဖြင့်၊ ဂုဏ်သိက္ခာရှိစွာ၊ ရေရှည်တည်တံ့စွာဖြင့် ပြန်လာနိုင်ရေး အခြေအနေများ ဖန်တီးပေးရန် ဤသဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် မြန်မာအစိုးရ၏ ဦးစီးဆောင်ရွက်မှုက အရေးကြီးပါသည်။

အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန် -

ဆက်စပ်လင့်ခ်များ