မြန်မာနိုင်ငံ၌ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရှေ့ဆက်ဖြစ်ပေါ်စေရေး UNDP ၏ အားဖြည့် ထောက်ကူမှုအတွက် နိုင်ငံတော်အစိုးရက ချီးမွမ်းဂုဏ်ပြု

2019- October 2


၂၀၁၉ အောက်တိုဘာလ ၂ ရက် – နှစ်ပတ်လည် လုပ်ငန်းအစီအစဉ် ဘုတ်အဖွဲ့အစည်းအဝေးနှင့် UNDP မြန်မာနိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ် ၂၀၁၈-၂၀၂၂  ၏ အစိတ်အပိုင်းတရပ်အနေဖြင့် UNDP က ၂၀၁၉ ခုနှစ်အတွင်း အကောင်အထည်ဖော်ခဲ့သော လုပ်ငန်းအစီအစဉ်များအား ပြန်လှန်သုံးသပ်ခြင်းကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် မြန်မာနိုင်ငံတော် အစိုးရတို့ အပြီးသတ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ် ပထမ ၂ နှစ်အတွင်း ရရှိခဲ့သော လက်ဆုပ်လက်ကိုင်ပြနိုင်သည့်တိုးတက်မှုများကို အစည်းအဝေးက အသိအမှတ်ပြုခဲ့ပြီး လာမည့် နှစ်များအတွက် လမ်းညွှန်မှုနှင့် ညွှန်ကြားမှုများ ပံ့ပိုးပေးခဲ့သည်။

မြန်မာနိုင်ငံ၏ ခက်ခဲနက်နဲသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများစွာအား နိုင်ငံတော်အစိုးရ ဖြေရှင်းနိုင်ရေးအတွက် UNDP က သိသာထင်ရှားသည့် အားဖြည့်ထောက်ကူမှုများ ပြုနိုင်ခဲ့ ကြောင်း နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) အကောင်အထည်ဖော်ရေးအတွက် လေးနက်ပြည့်ဝစွာ အားဖြည့်ထောက်ကူပေးနိုင်ခဲ့ကြောင်း အဆင့်မြင့်အရာရှိများ အစည်းအဝေးက မှတ်ချက်ပြုခဲ့သည်။


UNDP မြန်မာက ၂၀၁၈-၂၂ ကာလအတွက် ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ်သစ်ကို ၂၀၁၈ ခုနှစ်၌ အစပျိုးလုပ်ဆောင်ခဲ့ရာတွင် ပင်မဦးစားပေးလုပ်ငန်း ၂ ရပ် ဖြစ်သည့် ‘အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် စစ်မှန်သော ဒီမိုကရေစီစနစ်ကျင့်သုံးသည့် တိုင်းပြည်ထူထောင်ရေး မှတဆင့် ငြိမ်းချမ်းရေး ရေရှည်တည်တံ့စေခြင်း’ နှင့် ‘အားလုံးတန်းတူအကျုံးဝင်ပြီး ကြံ့ကြံ့ခံနိုင် သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုကို အားပေး မြှင့်တင်ခြင်း’ တို့အား ရှေ့တန်းတင်ခဲ့သည်။ ဤလုပ်ငန်းအစီအစဉ်မှာ ၂၀၃၀ အဂျန်ဒါ ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ ၊ MSDP (၂၀၁၈-၂၀၃၀) ၊ UNDP ၏ ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာအစီအမံ (၂၀၁၈-၂၀၂၁) စသည်တို့နှင့် ချိန်သားကိုက်သည်။

နိုင်ငံတော်အဆင့်တွင်လည်းကောင်း တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်ပေါင်း ၅၆ ခုတွင် လည်းကောင်း ဆောင်ရွက်ခဲ့သော စီမံချက်များပါဝင်သည့် မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ် ၏ ပထမ ၂ နှစ်တာ အတွင်း ရရှိခဲ့သော တိုးတက်မှုများကို အောက်တိုဘာလ ၂ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သော လုပ်ငန်းအစီအစဉ် ဘုတ်အဖွဲ့အစည်းအဝေးက ခြုံငုံသုံးသပ်မှု ပြုခဲ့သည်။ (၅ နှစ်တာကာလအတွက် ရည်စူးထားသည့် စုစုပေါင်း ဒေါ်လာ သန်း ၁၇၀ အနက်မှ) ဒေါ်လာ သန်း ၁၀၀ နီးပါး ရံပုံငွေကို အချိန် ၂ နှစ် မပြည့်မီ စုစည်းနိုင်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့ကြ သည်။ မြန်မာနိုင်ငံတော်အစိုးရ ၊ လွှတ်တော် ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက်များ နှင့် ကုလ အေဂျင်စီများအား ကိုယ်စားပြုသူများ ဤအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန် နှင့် UNDP မြန်မာ ဌာနေကိုယ်စားလှယ်တို့၏ ပူးတွဲသဘာပတိပြုမှုဖြင့် UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ်အတွက် လုပ်ငန်းမဟာဗျူဟာ လမ်းညွှန်မှု ၊ အရည်အသွေးအာမခံနှင့် ကြီးကြပ်မှုတို့အား ပံ့ပိုးပေးသည့် နိုင်ငံတော်အဆင့်ရှိ အဆင့်အမြင့်ဆုံး ဘုတ်အဖွဲ့ဖြစ်သည်။

ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ်၏ ပထမ ၂ နှစ်တာ စွမ်းဆောင်နိုင်မှုများ အတွက် UNDP အား ကျေးဇူးတင်စကားပြောကြားခဲ့သည်။ “ဒီလုပ်ငန်းအစီအစဉ်ကို နိုင်ငံတော် က ကိုယ်တိုင်ဦးစီးဆောင်ရွက်နိုင်ရေးအတွက် စိတ်ပါဝင်စားဩဇာသက်ရောက်သူများအနေနဲ့ ကျတော်တို့ တာဝန်ခံတာဝန်ယူမှုရှိရပါမယ်။ ထိရောက်စစ်စီတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်စေဖို့ ဒီနေ့အစည်းအဝေးပွဲလို နှီးနှောဖလှယ်ပွဲတွေကိုလည်း ကျတော်တို့ ရှေ့ဆက်လုပ်ဆောင် ကြရပါမယ်။” ဟု သူက ဆိုသည်။

UNDP ဌာနေကိုယ်စားလှယ် မစ္စတာပီတာဘက်ချလာကလည်း ယခုလိုပြောကြားခဲ့သည် - “ကျတော်တို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့  ဒီဆောင်ရွက်ချက်တွေက မြန်မာနိုင်ငံရဲ့ နိုင်ငံတော်ဦးစားပေးလုပ်ငန်းတွေနဲ့ MSDP ကို ဘယ်လို အားဖြည့်ကူညီနေသလဲဆိုတာကို အတူတကွ စေ့ငုသုံးသပ်နိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်မိပါတယ်။”

“ပြည်တွင်းနဲ့ နိုင်ငံတကာ မိတ်ဖက်တွေ ၊ ကျတော်တို့ အလှူရှင်တွေရဲ့ အထောက်အပံ့တွေနဲ့ အတူ ကျတော်တို့ရဲ့ မြန်မာနိုင်ငံတွင်း နှစ် ၅၀ မက ကြာမြင့်ခဲ့ပြီဖြစ်တဲ့ သမိုင်းကြောင်းအပေါ် အခြေပြုပြီးတော့ အားလုံးအတွက် ပို၍ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သည့်အနာဂါတ်ဆီသို့ အရောက်လှမ်းရာမှာ မြန်မာနိုင်ငံရှေ့တန်းရောက်အောင် ကျရာကဏ္ဍကို ဆက်လက်ထမ်းဆောင် သွားဖို့ ကျတော်တို့ ရည်စူးထားပါတယ်။” ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။

ပြည်ထောင်စုနှင့် တိုင်းနှင့်ပြည်နယ်အဆင့်များရှိ အဓိကကျသော ပြည်သူ့ရေးရာအဖွဲ့အစည်းများ အား ယခုထက်ပို၍ ဒီမိုကရေစီနည်းလမ်းကျနပြီး ပွင့်လင်းမြင်သာကာ အများပြည်သူလိုအပ်ချက် အား အရေးတယူဆောင်ရွက်ပေးနိုင်သော အဖွဲ့များဖြစ်လာစေရေး မြန်မာနိုင်ငံတော်အစိုးရ၏ ပြောင်းလဲတိုးတက်စေရန်နှင့် အားကောင်းခိုင်မာစေရန် ကြိုးပမ်းအားထုတ်မှုအတွက် UNDP က ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တွင် ပံ့ပိုးကူညီမှုပြုခဲ့သည်။ ငြိမ်းချမ်းရေးနှင့် လူ့အသိုင်းအဝိုင်းကြား သွေးစည်းညီညွတ်မှုကို ပေါင်းစည်းပြီး ရေရှည်ထိန်းသိမ်းရန်အတွက်လည်းကောင်း ၊ တရားမျှတမှု နှင့် လူ့အခွင့်အရေးများ ရရှိမှု တိုးတက်ပြောင်းလဲလာစေရန်အတွက်လည်းကောင်း ၊ ထိရောက်သောလုပ်ငန်းယန္တရားများအား ထူထောင်ရန်နှင့် ပုံစံချပြဋ္ဌာန်းရန်အတွက် အထူးကြားဝင်ဆောင်ရွက်မှုများကို စီမံထားသည်။

ရခိုင်ပြည်နယ် ကြုံတွေ့နေရသော ခက်ခဲနက်နဲသည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်ချက်များ အား ဖြေရှင်းရေးမှာ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွက် UNDP ၏ ပင်တိုင်ဦးစားပေး လုပ်ငန်း ဖြစ်သည်။ UN Women ၊ UNHCR တို့နှင့် ပူးပေါင်း၍ ဂျပန်နိုင်ငံနှင့် ကနေဒါနိုင်ငံ အစိုးရများ၏ ရံပုံငွေအကူအညီဖြင့် နယ်မြေအခြေပြုလုပ်ငန်းအစီအစဉ် အသစ်တရပ်ကို ရခိုင်ပြည်နယ်၌ ၂၀၁၈ ခုနှစ်တွင် UNDP က မိတ်ဆက် အကောင်အထည်ဖော်ခဲ့ပြီး ယင်းလုပ်ငန်းအစီအစဉ်မှာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျရခြင်း ၊ ပြည်နယ်တွင်းရှိ လူအများ ဖယ်ကြဉ်ခံရခြင်းနှင့် ဘေးဖယ်ခံထားရခြင်း ၊ လတ်တလောနှစ်များအတွင်း လူ့အသိုင်းအဝိုင်းအကြား တင်းမာမှုများနှင့် ပဋိပက္ခများ စသည်တို့၏ ဇဇ်မြစ်များကို ဖြေရှင်းရန် အာရုံစိုက် လုပ်ဆောင်မည်။ အချိန် ၁ နှစ် အတွင်း အသိုင်းအဝိုင်းပေါင်းစုံရှိ လူပေါင်း ၂၂၅၀၀၀ ကျော်မှာ ရခိုင်ပြည်နယ်အနှံ့ စီမံချက်များ အကောင်အထည်ဖော်မှုမှ အကျိုးကျေးဇူးခံစားကြရပြီး ဖြစ်သည်။

အားလုံးတန်းတူအကျုံးဝင်ပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အားပေး မြှင့်တင်ရန်မှာ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွက် UNDP ၏ အခြား အာရုံစိုက်လုပ်ဆောင်မှု ဖြစ်သည်။ ဘေးအန္တရာယ်အလားအလာနှင့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်ဘေးဆိုးအား ကာကွယ်တားဆီးရေးနှင့် တုံပြန်ဆောင်ရွက်ရေး ၊ သဘာဝသယံဇာတများ စီမံခန့်ခွဲရေး နှင့် အားလုံးတန်းတူအကျုံးဝင်သော စီးပွါးရေးတိုးတက်မှုအား မြှင့်တင်အားပေးရေးအတွက် မြန်မာနိုင်ငံ၏ စွမ်းဆောင်နိုင်စွမ်း ခိုင်မာအားကောင်းလာအောင် ဆောင်ရွက်ရာတွင် အထင်ကရ မှတ်တိုင်များ စိုက်ထူနိုင်ခဲ့သည်။ UNDP ထံမှ နည်းပညာအကူအညီဖြင့် ၂၀၁၉ ခုနှစ်တွင် နိုင်ငံတော်အဆင့် သဘာဝပတ်ဝန်းကျင် မူဝါဒကို မြန်မာနိုင်ငံက စတင်နိုင်ခဲ့သည်။ အပူပိုင်းဒေသ ၅ မြို့နယ်ရှိ ကျေးရွာ ၇၅ ရွာ၌ မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုအစီအမံများ ပြင်ဆင်ရေးဆွဲရာတွင်လည်း UNDP က ကူညီခဲ့သည်။

MSDP နှင့် အံဝင်ခွင်ကျဖြစ်သော မူဝါဒများ ၊ လုပ်ငန်းအစီအစဉ်များနှင့် စီမံချက်များ တသီတသန်း ချမှတ်ရေးဆွဲအကောင်အထည်ဖော်နိုင်ရေး မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်း အားထုတ်မှုအတွက် UNDP က ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ် မူဘောင်အတွင်းမှ အထောက်အပံ့များ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ထိုမှတဆင့် UNDP ၏ အလှူရှင်များ ဖြစ်ကြသော ဩစတြေးလျနိုင်ငံ ၊ ကနေဒါနိုင်ငံ ၊ ဒိန်းမတ်နိုင်ငံ ၊ ဥရောပ သမဂ္ဂ ၊ ဖင်လန်နိုင်ငံ ၊ ဂျာမဏီနိုင်ငံ ၊  GFATM ၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် အထောက်အပံ့ပေးရေးအဖွဲ့ ၊ အီတလီနိုင်ငံ ၊ ဂျပန်နိုင်ငံ ၊ လူဇင်ဘတ်နိုင်ငံ ၊ နယ်သာလန်နိုင်ငံ ၊ နော်ဝေးနိုင်ငံ ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု ရံပုံငွေအဖွဲ့ ၊ တောင်ကိုရီးယားသမ္မတနိုင်ငံ ၊ ဆွီဒင်နိုင်ငံ ၊ ဆွစ်ဇာလန်နိုင်ငံ ၊ ယူနိုက်တက် ကင်းဒမ်း နှင့် ကုလအေဂျင်စီများ စသည်တို့၏ အကူအညီဖြင့် မြန်မာပြည်သူအားလုံးအတွက် ရှေ့ကထက် အားလုံးတန်းတူအကျုံးဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအား တိုးမြှင့်နိုင်မည် ဖြစ်သည်။