အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်ကို မြန်မာနိုင်ငံအစိုးရ စတင်မိတ်ဆက်ထုတ်ပြန်

2019- August 8

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်း စာနာရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostby၊ နိုင်ငံတော်အစိုးရ တာဝန်ရှိသူများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်မှ ကိုယ်စားလှယ်များနှင့် အလှူရှင်များ အဖွဲ့လိုက်ဓာတ်ပုံ ရိုက်ကူးခြင်း [ဓာတ်ပုံ: ယမုံဖူးသစ်/UNDP Myanmar]

 

နေပြည်တော်၊ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၉ ရက် - အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဠ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး စီမံချက်ကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က နေပြည်တော်တွင် မိတ်ဆက်ထုတ်ပြန်ခဲ့ပါသည်။ ဤစီမံချက်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ နည်းပညာအထောက်အပံ့နှင့် ဥရောပသမဂ္ဂ၏ ရန်ပုံငွေ ကူညီပံ့ပိုးမှုတိုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး စီမံချက်သည် နိုင်ငံအတွင်း မြေငလျင်ဘေးဒဏ်သက်ရောက်ခံရသည့် ဒေသများရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှု များကိုအနည်းဆုံးဖြစ်အောင်လျှော့ချရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ပုံမှန်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ပါသည်။ ဤစီမံချက်သည် မြန်မာနိုင်ငံအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအား ပြည့်မီရန် ကြိုးပမ်းနေမှုအား အထောက်အကူဖြစ်စေပြီး တချိန်တည်းမှာပင် မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသော ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းဆိုင်ရာ မူဘောင်များကို တုံ့ပြန်ဆောင်ရွက်ရာတွင် ပံ့ပိုးကူညီနိုင်ရန် ရည်ရွယ်ပါသည်။

အခမ်းအနားတွင် ဒုသမ္မတဦးဟင်နရီဗန်ထီးယူက ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း၏ အရေးပါမှုကို ပြောကြားသွားကာ၊ ၂၀၁၈ ခုနှစ်တွင်ပြုလုပ်ခဲ့သော အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားချက်ဖြစ်သည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့များအနေဖြင့် ငလျင်ဘေး ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ အစီအမံများ ကြိုတင်ချမှတ်ထားရန်အချက်ကို ထပ်မံ တိုက်တွန်းခဲ့ပါသည်။ ဆက်လက်၍ “ဤစီမံချက်ကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတွေဖြစ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် သေချာစွာ လေ့လာဖတ်ရှုပြီး လိုအပ်သလို ရည်ညွှန်းအကောင်အထည် ဖော်ကြဖို့ အရေးကြီးပါတယ်။” ဟု ဆက်လက် ပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostby သည် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များကို ရင်ဆိုင်တုံ့ပြန်ရေး ကြိုးပမ်းချက်များကို ချီးကျူးစကား ပြောဆိုခဲ့ပါသည်။ “ဒီကြိုးစားမှုတွေကြောင့် ပြည်သူတွေအနေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာတွေ ပိုမိုတိုးပွားလာပြီး ကြိုတင်ပြင်ဆင်မှုများကိုလည်း ပိုမို ပြုလုပ်လာနိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆက်လက်လုပ်ဆောင်ဖွယ်ရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်။ ဒီစီမံချက်ဟာ အဆင့်အားလုံးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာစေခြင်း၊ ကြိုတင်ပြင်ဆင်မှုနဲ့ အသိပညာတွေ ပိုမိုတိုးမြှင့်လာစေခြင်းနဲ့ တုံ့ပြန်ဆောင်ရွက်မှု နည်းလမ်းတွေ မြှင့်တင်ခြင်းတွေအတွက် အလွန်အရေးပါတဲ့ စီမံချက်တစ်ခုပဲဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရသော်လည်းကောင်း၊ အားကောင်းသော ပြတ်ရွေ့များဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကုလားတန်ပြတ်ရွေ့နှင့် ကဘော်ပြတ်ရွေ့အပေါ်တွင်သို့မဟုတ် ၎င်းတို့နှင့် နီးကပ်စွာ တည်ရှိနေသောကြောင့်လည်းကောင်း ငလျင်‌ဘေးဒဏ်ခံရနိုင်‌ခြေ မြင့်မားသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ၁၉၂၃ ခုနှစ်၊ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် ဖြစ်ပေါ်ခဲ့သော အင်အားပြင်းထန်သော ငလျင်ကြီးများကြောင့် တိုက်တာအဆောက်အအုံများနှင့် ရှေးဟောင်းအဆောက်အုံ၊ စေတီပုထိုးများ ပျက်ဆီးရခြင်းနှင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။

ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခြင်းကြောင့် ဒေသနှင့်ချီသည့် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပြီး နေအိမ်ထောင်ပေါင်းများစွာကို ပျက်စီးစေခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် အခြေခံဝန်ဆောင်မှုစနစ်များစွာကို ပြတ်တောက်စေခြင်းနှင့် လူထောင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။ ဤစီမံချက်သည် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ၊ တုံ့ပြန်ရေးလုပ်ငန်းများပြုလုပ်ရာတွင်သော်လည်းကောင်း အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရာတွင်သော်လည်းကောင်း ကြီးမားသောအထောက်အကူဖြစ်စေပါသည်။

ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးအဖွဲ့ မှနည်းပညာဆိုင်ရာကျွမ်းကျင်သူ Mr. Julien Buha Collette က “ဤစီမံချက်ကို အပြီးသတ်ရေးဆွဲနိုင်ခြင်းဟာ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာမှ ပူးပေါင်းဆောင်ရွက်သူများနှင့် အလှူရှင်များ၏ နှစ်ပေါင်းများစွာ ပူးပေါင်းကြိုးပမ်းအားထုတ်မှု၏ အသီးအပွင့်ပဲဖြစ်ပါတယ်။ ပြည်သူတွေအကြားမှာ ငလျင်ဆိုင်ရာ အသိပညာတွေ တိုးပွားလာခြင်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ခြင်းနဲ့ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ငလျင်စီမံချက်တွေ ရေးဆွဲနိုင်ခြင်း အစရှိတဲ့ ကောင်းမွန်တဲ့ ရလဒ်တွေကို အခုအချိန်မှာ စတင်မြင်တွေ့နေရပြီဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

စီမံချက်တွင် ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းဟူ၍ အပိုင်းနှစ်ပိုင်း ပါဝင်သည်။ ပထမအပိုင်းတွင် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ရပ်ရွာလူထုတို့၏ ပူးပေါင်းပါဝင်မှုဖြင့် လက်တွေ့ဆောင်ရွက်နိုင်မည့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများအား ဖော်ပြထားပါသည်။ ဒုတိယပိုင်းအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီများမှ ဆောင်ရွက်ရမည့် တုံ့ပြန်မှုဆိုင်ရာ လုပ်ငန်းတာဝန်များကို ဖော်ပြထားပါသည်။