၂၀၁၈ ခုနှစ်အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု N-Peace ဆုရှင် ဒေါက်တာစင်သီယာမောင်

2019- March 6

ဓာတ်ပုံ - UNDP Asia & Pacific

မြန်မာနိုင်ငံရှိ ထိခိုက်လွယ်၍ ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင် အရေးပေါ်မိခင်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည့် ဒေါက်တာ စင်သီယာမောင်သည် ၂၀၁၈ ခုနှစ်အတွက် “မပြောပြဖြစ်သော ဇာတ်လမ်းများ” ခေါင်းစဉ်အောက်တွင် မြန်မာနိုင်ငံကိုယ်စားပြု N-Peace ဆုကို ရရှိခဲ့ပါသည်။

အဆိုပါ ဆုသည် ၎င်းတို့၏ ဒေသအသီးသီးတွင် ပဋိပက္ခလျော့ပါးသက်သာစေမှု၊ ကာကွယ်မှု၊ ငြိမ်းချမ်းရေးတည်‌ဆောက်မှုလုပ်ငန်းများကို တက်တက်ကြွကြွဆောင်ရွက်ခဲ့ကြသော အမျိုးသမီးများ၏ ကြိုးပမ်းမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ပေးအပ်သောဆုဖြစ်ပါသည်။ ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမမီသော အမျိုးသမီးများအတွက် ဒေါက်တာစင်သီယာမောင်၏ ဆောင်ရွက်ချက်များသည် လူထောင်ပေါင်းများစွာအတွက် အကျိုးသက်ရောက်မှုများ ရှိခဲ့ပါသည်။

“ငြိမ်းချမ်းရေး ရရှိဖို့ဆိုတာ လူ့အဖွဲ့အစည်းရဲ့ အဆင့်အားလုံး ပါဝင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ပဋိပက္ခကို ခံနိုင်ရည်ရှိဖို့ လူအဖွဲ့အစည်းအတွက် လုံလောက်တဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ဆောင်မှုတွေ ပေးဖို့လိုအပ်ပါတယ်။” ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။

ဓာတ်ပုံ - UNDP Asia & Pacific

UNHCR ၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၂၀၁၈ ခုနှစ်အထိ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော နေရပ်စွန့်ခွာသူစုစုပေါင်း ၉၈,၀၀၀ ခန့်ရှိသည်ဟု သိရပါသည်။ ဒေါက်တာ စင်သီယာမောင်သည် ရွေ့ပြောင်းနေထိုင်သူများ၊ နေရပ်စွန့်ခွာသူများ၊ မိဘမဲ့ကလေးငယ်များကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ လိုအပ်သော မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုများကို ပြီးခဲ့သည် နှစ် သုံးဆယ်အတွင်း ဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။

ဒေါက်တာ စင်သီယာမောင်သည် ကရင်လူမျိုးဖြစ်ပြီး ရှစ်လေးလုံး အရေးတော်ပုံအပြီး ၁၉၈၉ ခုနှစ်တွင် မဲဆောက်မြို့ (ထိုင်း-မြန်မာနယ်စပ်) သို့ တိမ်းရှောင်ခဲ့ပြီး မယ်တော် ဆေးခန်းကို စတင်တည်ထောင်ခဲ့ပါသည်။ ပဋိပက္ခဖြစ်ပွားချိန်တွင် အမျိုးသမီးများ၊ ကလေးငယ်များနှင့်၊ ချန်လှပ်ခံထားရသော လူအုပ်စုများသည် ကျန်းမာရေးစောင့်ရှောက်မှုကို ရယူရာတွင် အခက်အခဲများ ကြုံတွေ့ရလေ့ရှိပါသည်။ မယ်တော်ဆေးခန်းတွင် ငှက်ဖျားရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများမှ အစပြု၍ သေနတ်၊ ဗုံးတို့ကြောင့်ဖြစ်သော ထိခိုက်ဒဏ်ရာများကိုပါ ကုသပေးခဲ့ပါသည်။

ယနေ့အချိန်တွင် မယ်တော်ဆေးခန်းသည် မျိုးဆက်ပွားကျန်းမာရေးနှင့် အခြားဆက်စပ်ရောဂါများကို အများဆုံး ကုသပေးလျက်ရှိပါသည်။ ဒေါက်တာ စင်သီယာမောင်၏ ဆေးခန်းသည် နှစ်စဉ် ကလေး ၂,၃၀၀ ကျော်ကို မွေးဖွားပေးလျက်ရှိပါသည်။ မယ်တော်ဆေးခန်းသည် ဝန်ထမ်းဦးရေ ၅၀၀ ခန့်ဖြင့် ဘက်စုံ ကျန်းမာရေးစောင့်ရှောက်မှုများ၊ သင်တန်းများ၊ ကလေးကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်နေပြီး နှစ်စဉ် လူနာ ၁၀၀,၀၀၀ ကျော်ကို ကုသပေးနေပါသည်။

“ဒီနှစ်ရဲ့ ဆုရှင်တွေဟာ ပဋိပက္ခဖြစ်ပွားနေချိန်နဲ့ ဖြစ်ပွားပြီးချိန်တွေမှာ ကျားမဆိုင်ရာ မညီမျှမှုတွေကို တိုက်ဖျက်ဖို့ ရွပ်ရွပ်ချွံချွံ ကြိုးပမ်းခဲ့သူတွေပဲဖြစ်ပါတယ်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းတွေကို တိုက်ဖျက်ဖို့၊ တရားမျှတမှု၊ ဝန်ဆောင်မှုနဲ့ သတင်းအချက်အလက်တွေကို ဆောင်ကြဉ်းပေးဖို့ ဆောင်ရွက်ခဲ့တဲ့သူတွေဖြစ်ပါတယ်။” ဟု UNDP ၏ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာရုံး၏ ဒုတိယ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဘန်ကောက် ဒေသဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူး Valerie Cliff ကပြောပါသည်။

N-Peace ကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး UNDP အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံးမှ ဦးဆောင်သော စီမံကိန်းတစ်ခုဖြစ်ပါသည်။ N-Peace သည် အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ မြန်မာ၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နှင့် သီရိလင်္ကာနိုင်ငံတို့ရှိ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြေရှင်းရေး ကဏ္ဍများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို အားကောင်းလာစေရန် ဆောင်ရွက်လျက်ရှိပါသည်။ ဒေါက်တာစင်သီယာမောင်ကို ဒေသတွင်းမှ အမျိုးသမီး ၅၆ ဦးအနက်မှ N-Peace ဆုကို ပေးအပ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။

N-Peace ကွန်ရက်အကြောင်းဆက်လက် လေ့လာရန် - http://n-peace.net/