မြန်မာနိုင်ငံတွင် ပိုမို သာတူညီမျှမှုရှိပြီး အားလုံးပါဝင်ကာ တုံ့ပြန်ဆောင်ရွက်နိုင်မှုရှိသည် နိုင်ငံ့ဝန်ထမ်းကဏ္ဍ ဖြစ်ပေါ်လာစေရေး ဆွီဒင်နိုင်ငံနှင့် UNDP တို့ ပူးပေါင်းဆောင်ရွက်

2019- June 7

ပူးတွဲအာဘော် ဖော်ပြချက်

  • Peter Batchelor, UNDP Myanmar Resident Representative
  • Staffan Herrström, Swedish Ambassador to Myanmar

မြန်မာနိုင်ငံတွင် ပိုမို သာတူညီမျှမှုရှိပြီး အားလုံးပါဝင်ကာ တုံ့ပြန်ဆောင်ရွက်နိုင်မှုရှိသည် နိုင်ငံ့ဝန်ထမ်းကဏ္ဍ ဖြစ်ပေါ်လာစေရေး ဆွီဒင်နိုင်ငံနှင့် UNDP တို့ ပူးပေါင်းဆောင်ရွက်

မြန်မာနိုင်ငံသည် စစ်မှ ငြိမ်းချမ်းရေး၊ စစ်ဘက်အုပ်ချုပ်ရေးမှ ဒီမိုကရေစီအုပ်ချုပ်ရေး၊ တံခါးပိတ် စီးပွားရေးစနစ်မှ ‌ဈေးကွက်စီးပွားရေး တို့သို့ ကူးပြောင်းနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ အဆိုပါ ကူးပြောင်းမှုများသည် ရှုပ်ထွေး၍ လျင်မြန်စွာ ပြောင်းလဲနေသော ဖွံ့ဖြိုးမှုဆိုင်ရာ အခြေအနေတွင် ဖြစ်ပေါ်လျက်ရှိပါသည်။ ဆွီဒင်နိုင်ငံနှင့် ကုလသမဂ္ဂ ဖွံဖြိုးတိုးတက်မှုအစီအစဉ် (UNDP) တို့သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ ဘက်စုံ အသွင်ကူးပြောင်းခြင်းကို အတူတကွ ပံ့ပိုးဆောင်ရွက်လျက် ရှိကြပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရသည် အာဏာစတင်ရရှိသည့် ၂၀၁၆ ခုနှစ်မှ စတင်ကာ ပြည်သူများ၏ အကျိုးစီးပွားကို ရှေ့ရှုပြီး တရားဥပဒေစိုးမိုးမှုနှင့် အကျင့်ပျက်ခြစားမှု ကင်းဝေးသော လူ့အဖွဲ့အစည်းကို တည်ထောင်နိုင်သည့် ကောင်းမွန်ထိရောက်သော အစိုးရတစ်ရပ်ဖြစ်စေရေးကို ဦးစားပေး ဆောင်ရွက်ခဲ့ပါသည်။

ယင်းကို အသိအမှတ်ပြုတုန့်ပြန်သည့်အနေဖြင့် ဆွီဒင်နိုင်ငံနှင့် UNDP တို့သည် ပြီးခဲ့သည့်နှစ်များ အတွင်းက မိတ်ဖက်ပြုပူးပေါင်းကာ အရေးပါသော ဒီမိုကရေစီ အုပ်ချုပ်ရေးအဖွဲ့အစည်းများ (ဥပမာ - လွှတ်တော်) ကို ပိုမိုအားကောင်းလာစေရေး၊ နိုင်ငံ့ဝန်ထမ်းကဏ္ ဍပြုပြင်ပြောင်းလဲခြင်းဖြင့် ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်ရာတွင် အရည်အသွေးပိုမို ကောင်းမွန်လာစေရေး တို့ကို ပံ့ပိုးပေးခဲ့ပါသည်။ ဆွီဒင်နိုင်ငံနှင့် UNDPတို့၏ နည်းပညာ ပံ့ပိုးမှုဖြင့် မြန်မာအစိုးရသည် ‘နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက် (၂၀၁၇-၂၀၂၀) ကို ရေးဆွဲထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ စီမံချက်တွင် ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန်ခံယူမှုရှိခြင်း၊ တုံ့ပြန်နိုင်စွမ်းရှိခြင်း၊ အားလုံးပါဝင်နိုင်စေခြင်းနှင့် တန်းတူညီမျှမှုရှိခြင်းဟူသည့် မူများကို ထည့်သွင်းဖော်ပြထားပါသည်။ အဆိုပါ ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရာတွင် လမ်းညွှန်မှုပေးနိုင်ရန် ကျွန်ုပ်တို့သည် အစိုးရနှင့် ပူးပေါင်းကာ ‘အစိုးရ၏ ဝန်ဆောင်မှုများအပေါ် ပြည်သူလူထု၏ သဘောထားအမြင် စစ်တမ်း’ ကို ဆောင်ရွက်ခဲ့ပါသည်။

ကျွန်ုပ်တို့သည် ကျားမ တန်းတူညီမျှမှုနှင့် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ကို ဦးစားပေးဆောင်ရွက်ရန် ရှေးမစွကတည်းက ကတိကဝတ်များ ပြုလုပ်ထားသည့် အားလျော်စွာ နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို အထူးစိတ်ပါဝင်စားပါသည်။ ဆွီဒင်နိုင်ငံသည် ၂၀၁၄ ခုနှစ်က အမျိုးသမီးများဆိုင်ရာ နိုင်ငံခြားရေးမူဝါဒကို အတည်ပြုခဲ့ပြီး မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီများအားလုံးဆောင်ရွက်ရာတွင် အဆိုပါ မူဝါဒကို လက်ခံကျင့်သုံးလျက် ရှိပါသည်။ ကျားမ တန်းတူညီမျှမှုသည် ဖွံ့ဖြိုးမှုဆိုင်ရာ ရလဒ်များနှင့် မူဝါဒရေးဆွဲမှုဆိုင်ရာ အရည်အသွေးများ မြှင့်တင်ရေးအတွက် အရေးပါသည်ဟု ကျွန်ုပ်တို့က ယုံကြည်ပါသည်။ ထို့ပြင် နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် အမျိုးသမီးများ၏ တန်းတူကိုယ်စားပြုခွင့်ရှိခြင်းနှင့် ဦးဆောင်ခွင့်ရှိခြင်းတို့ ရှိမှသာ အားလုံးပါဝင်နိုင်ပြီး တုံ့ပြန်မှုအားကောင်းကာ လူထုအခြေပြုသော နိုင်ငံ့ဝန်ထမ်းကဏ္ဍ စစ်စစ် ဖြစ်မည်ဟု ယုံကြည်ပါသည်။ ယင်းသည် မြန်မာနိုင်ငံအစိုးရ၏ နိုင်ငံ့ဝန်ထမ်းကဏ္ဍအပေါ် အနာဂတ်မျှော်မှန်းချက် တစ်ရပ်လည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံ့ဝန်ထမ်းစုစုပေါင်း တစ်သန်းကျော်ခန့် ရှိပါသည်။ UNDP မှ မကြာသေးခင်က ပြုလုပ်ထားသော စစ်တမ်းအရ နိုင်ငံ့ဝန်ထမ်းများတွင် ကျားမ မည်မျှရှိသည်ဟူသော အချက်အလက်ကို ရရှိခဲ့ရာ ၆၃ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သည်ဟု တွေ့ရှိခဲ့ပါသည်။ နိုင်ငံ့ဝန်ထမ်းများတွင် အမျိုးသမီးဦးရေမှာ အများစုဖြစ်သော်လည်း အကြီးတန်းအဆင့်ရာထူးများ (ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်များ) တွင် (စာရင်းစစ်ချုပ်ရုံးကဲသို့သော ရုံးမှလွဲ၍) အမျိုးသမီးပါဝင်မှု နည်းပါးလျက် ရှိနေပါသေးသည်။ ပြည်ထောင်စုအဆင့်တွင် ညွှန်ကြားရေးမှူးချုပ် ရာထူး၏ ၆၃ ရာခိုင်နှုန်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်ရာထူး၏ ၅၀ ရာခိုင်နှုန်းတို့မှာ အမျိုးသားများ ဖြစ်ကြပါသည်။

ဤအခြေအနေသည် မည်သည်ကို ညွှန်ပြနေပါသနည်း။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားသော အမျိုးသား ဥပဒေများ၊ မူဝါဒများတွင် အမျိုးသားနှင့် အမျိုးသမီးများအကြား ခွဲခြားမှုမရှိစေရေး၊ တန်းတူညီမျှရေးတို့ကို အလေးပေးဖော်ပြထားပါသည်။ သို့သော်လည်း လက်တွေ့တွင်မူ ဝန်ထမ်းရှာဖွေခန့်ထားရေး၊ လွှဲပြောင်းရေးနှင် ရာထူးတိုးမြှင့်ခန့်ထားရေးတို့တွင် အမျိုးသမီးများထက် အမျိုးသားများကို ဦးစားပေးခန့်ထားမှုများ ရှိနေပါသေးသည်။ ထို့ပြင် ယဉ်ကျေးမှုနှင့် လူမှုရေးရာ ဓလေ့စံနှုန်းများနှင့် တန်ဖိုးဖြတ်မှုများ (အမျိုးသမီးများကို ဇနီးမယားများ၊ အိမ်ထောင်ရှင်မများ၊ မိခင်များအဖြစ်သာ မြင်လေ့ရှိသော အစဉ်အလာအမြင်များကြောင့်) အမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများမှာ ပိတ်ပင်ခြင်းခံနေရသည်ကို တွေ့ရပါသည်။

နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် ကျားမရေးရာ တန်းတူညီမျှမှုကို မည်သို့ မြှင့်တင်နိုင်ပါသနည်း? ဆွီဒင်နှင့် UNDP တို့သည် ‘နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက် ၂၀၁၇ အကောင်အထည်ဖော်ရေး ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို နည်းပညာပံ့ပိုးပေးရာတွင် တန်းတူညီမျှမှုနှင့် အားလုံးပါဝင်နိုင်မှုကို ဦးစားပေးပံ့ပိုးလျက်ရှိပါသည်။ ယင်းသို့ ပံ့ပိုးရာတွင် မည်သို့သော ခွဲခြားဆက်ဆံမှု အလေ့အကျင့်ကိုမဆို ဖြေရှင်းဖယ်ရှားနိုင်မည့် နည်းလမ်းများ ဥပမာ - အဆင့်မြင့်ရာထူးများ ရွေးချယ်ခန့်ထားမှု၊ ရာထူးတိုးမြှင့်မှုနှင့် ပြောင်းရွေ့မှုများတွင် မျှတမှုနှင့် ကျင့်ဝတ်ညီညွတ်မှု စံနှုန်းများကို အခြေခံထားသည့် စွမ်းရည်ဆိုင်ရာ မူဘောင်သစ်ကို ဖော်ဆောင်ခြင်း အစရှိသည့် နည်းလမ်းများကို အသုံးပြုလျက်ရှိပါသည်။ သို့သော်လည်း ဓလေ့စံနှုန်းများနှင့် တန်ဖိုးဖြတ်မှုများကို စည်းမျဉ်းများဖြင့် အလွယ်တကူပြောင်းလဲရန် မလွယ်ကူလှပါ။ ထိုကြောင့် နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် အမျိုးသမီးများအတွက် အလုပ်အကိုင်ရရှိမှုနှင့် ရာထူးတိုးမြှင့်မှုတို့တွင် မျှတသော အခွင့်အလမ်းမရရှိစေရန် ဟန့်တားထားသော ခွဲခြားဆက်ဆံမှု အလေ့အကျင့်များကို ပပျောက်စေရန် အခြားဖြေရှင်းမှုနည်းလမ်းများ လိုအပ်နေပါသေးသည်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) တွင် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာများနှင့် မူဝါဒများ၏ အဆင့်တိုင်း၊ ကဏ္ဍတိုင်းတွင် မျှတမှု၊ အားလုံးပါဝင်မှုနှင့် ကျားမရေးရာ စွမ်းဆောင်ရည်မြှင့်တင်မှုတို့ကို ဦးစားပေးကိစ္စရပ်များအဖြစ် ထည့်သွင်းဆောင်ရွက်ရန် ပန်းတိုင် ၁ (ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လုံခြုံရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှု)၏ လုပ်ငန်းစီမံချက်တွင် ဖော်ပြထားသည်ကို ‌ သတင်းကောင်းတစ်ခု အနေဖြင့် တွေ့ရှိရပါသည်။ ယင်းသည် နိုင်ငံဝန်ထမ်းကဏ္ဍတွင် ကျားမတန်းတူညီမျှမှုကို ထည့်သွင်းဆောင်ရွက်ရန် တွန်းအားတစ်ခု ဖြစ်လာနိုင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဤသည်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။

ထို့ပြင် မြန်မာနိုင်ငံသည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) ကို အကောင်အထည်ဖော်လျက်ရှိကာ အမျိုးသမီးများအားလုံးကို စွမ်းဆောင်ရည်မြှင့်တင်ပေးပြီး ၎င်းတို့၏ အခွင့်အရေးများကို အပြည့်အဝရရှိစေရေး ဆောင်ရွက်လျက် ရှိပါသည်။ သို့သော်လည်း အဆိုပါ စီမံကိန်း၏ အကောင်အထည်ဖော်ဆောင်ရွက်မှုမှာ ယနေ့အချိန်အထိ နှေးကွေးလျက်ပင် ရှိပါသေးသည်။ ယခုအချိန်တွင် အဆိုပါ စီမံကိန်းကို ပြန်လည်သုံးသပ်ကာ လိုအပ်သလို ပြုပြင်ပြီး နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် စနစ်များ၊ တည်ဆောက်ပုံများနှင့် အလေ့အကျင့်များကို ပြုပြင်ပြောင်းလဲကာ ကျားမတန်းတူညီမျှမှုကို မြှင့်တင်ဆောင်ရွက်သင့်သည်ဟု ဆွီဒင်နှင့် UNDP တို့က ယုံကြည်ပါသည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပြုစေပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းကို ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)  နှင့် ကိုက်ညီစေမည်ဖြစ်ပါသည်။ ဆွီဒင်နိုင်ငံနှင့် UNDP တို့သည် ဤလုပ်ငန်းရပ်ကို ပံ့ပိုးကူညီပေးရန် အဆင်သင့် ရှိနေပါသည်။