ထုတ်ဖော်ပြောကြားခွင့်မရှိသည့် ကိစ္စရပ်များကို ရင်ဆိုင်ဖြေရှင်းခြင်း

2019- March 7

အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား အကြမ်းဖက်မှုသည် မြန်မာနိုင်ငံတွင် ထုတ်ဖော်ပြောကြားမှု နည်းပါးသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပါသည်။ ယင်းသို့ အကြမ်းဖက်မှုကို ထုတ်ဖော်ပြောဆိုခြင်းမပြုအပ်ဟု လူမှုရေးအရ တားမြစ်ထားခြင်းသည် ထိခိုက်ခံစားရသူများအား အကူအညီ ရယူခြင်းမှ တားမြစ်ထား သကဲ့သို့ဖြစ်သည်။

အိမ်ထောင်ရှင်များကြား လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုသည် ဥပဒေ ဖောက်ဖျက်မှုမဟုတ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အထူးသဖြင့် အိမ်တွင်းမှ ဆွေမျိုးမိတ်ဆွေများ၏ အကြမ်းဖက်မှု အများစုမှာ အပြစ်ပေးခံရခြင်း မရှိပဲ ကျုးလွန်ခံရသူကိုသာ အပြစ်တင်လေ့ရှိကြပါသည်။

အသက် ၂၂ နှစ်အရွယ်ရှိ မခိုင်လွင်မြင့်သည် ယင်းကဲ့သို့ အဖြစ်များကို ပပျောက်စေရေး ပံ့ပိုးကူညီရန် အကြံတစ်ခု ရှိခဲ့ပါသည်။


မခိုင်လွင်မြင့်သည် UNDP နှင့် အူရီဒူးမြန်မာ တို့၏ ပံ့ပိုးမှုဖြင့် Hackathon နည်းပညာပြိုင်ပွဲ၌ အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးကဏ္ဍတွင် ဆုရရှိခဲ့သော DIVAS အဖွဲ့၏ ပူးတွဲတည်ထောင်သူ တစ်ဦးဖြစ်သည်။

”ကျွန်မနဲ့ ကျွန်မအဖွဲ့က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူတွေကို တတ်နိုင်သလောက် ကူညီချင်ပါတယ်” ဟု သူမက ပြောပါသည်။

ခိုင်လွင်မြင့်နှင့် ၎င်း၏ DIVAS အဖွဲ့သည် UNDP နှင့် အူရီဒူးမြန်မာ တို့၏ ပံ့ပိုးမှုဖြင့် Hackathon နည်းပညာပြိုင်ပွဲ၌ အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးကဏ္ဍတွင် ပထမဆုရရှိခဲ့ပါသည်။

‘တို့လုံမေ’ သည် ဆန်းသစ်တီထွင်သည့် မြန်မာဘာသာစကားအသုံးပြု မိုဘိုင်း အပလီကေးရှင်း တစ်ခုဖြစ်သည်။ မခိုင်လွင်မြင့်နှင့် သူမ၏ အဖွဲ့ဝင်နှစ်ဦးတို့သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူ များကို အကူအညီပေးရန်နှင့် အဆိုပါ အကြမ်းဖက်မှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို အများပြည်သူသို့ အသိပညာမြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။ ယင်း အပလီကေးရှင်းက အမျိုးသမီးများအား မည်သို့ သတင်း အချက်အလက် ရရှိနိုင်သည်ကိုလည်းကောင်း၊ နှစ်သိမ့်ဆွေးနွေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် မည်သို့ ပြောဆိုလုပ်ဆောင်ရမည် တို့နှင့် စပ်လျဉ်း၍လည်းကောင်း ဖော်ပြပေးမည်ဖြစ်သည်။

အဆိုပါ အက်ပလီကေးရှင်းကို မခိုင်လွင်မြင့်က အလွန်ပင် စိတ်အားထက်သန်လျက်ရှိပါသည်။

“ဒါက ကျွန်မအတွက် အရမ်းအရေးကြီးပါတယ်။ ဒီလို ကိစ္စဖြစ်လာရင် ကျုးလွန်ခံရတဲ့သူက ရှက်ဖို့ကောင်းတယ်လို့ လူတော်တော်များများက ထင်တတ်ကြတယ်။ ကျုးလွန်ခံရတဲ့သူရဲ့ အနေအထိုင် အပြုအမူကြောင် ဒီလိုဖြစ်ရတာ၊ ဥပမာ အဝတ်အစား လျပ်ပေါ်လော်လီလို့၊ ပျံတံတံနေလို့ ဖြစ်တာ ဆိုပြီး အပြစ်ဖို့တတ်ကြတယ်။” ဟု သူမက ပြောသည်။

ဒေသတွင်း ရွေ့ပြောင်းသွားလာမှုသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ အိမ်တွင်းလုပ်သားများနှင့် ကျေးလက်မှ ရွေ့ပြောင်းသွားလာသူများသည် လိပ်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်း၊ အကြမ်းဖက်ခံရခြင်း၊ လူကုန်ကူးခံရခြင်းနှင့် အတင်းအဓမ္မ ထိမ်းမြားလက်ထပ်ပေးခံရခြင်းတို့ကို ခံစားရနိုင်ချေ မြင့်မားပါသည်။ ငယ်ရွယ်သူများနှင့် ဆင်းရဲနွမ်းပါးသူများသည် ၎င်းတို့၏ အခွင့်အရေးများကို မသိရှိကြပါ။

ငယ်ရွယ်သော သမီးငယ်များရှိသော ဆင်းရဲနွမ်းပါးသည့် ကျေးလက်မိသားစုများသည် ၎င်းတို့၏ သမီးငယ်များကို အိမ်အကူများအဖြစ် စေလွှတ်လေ့ရှိကြပါသည်။

အဆိုပါ အသက်မပြည့်သေးသော မိန်းကလေးငယ်များသည် ၎င်းတို့၏ မိဘဆွေမျိုးများနှင့် ဝေးရာ မြို့များတွင် သွားရောက် အလုပ်လုပ်ကိုင်ကြရပါသည်။ ၎င်းတို့သည် ၎င်းတို့ အလုပ်ရှင်များ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အလွဲသုံးစားပြုမှုကို ခံရသည့်အခါ တိုင်ကြားနိုင်စွမ်းမရှိကြပါ။ အဆိုပါ ကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အခါ အိမ်သို့သာ ပြန်လည်စေလွှတ်ခြင်းခံကြရပြီး အရှက်တကွဲကြုံတွေ့ကြရလေ့ရှိပါသည်။

“လူတွေက ကျုးလွန်ခံရသူတွေကို သူတို့ အမြင်တွေ၊ အတွေးတွေနဲ့ပဲ ဝေဖန်ကြတယ်။ ဒါဟာ ကျုးလွန်ခံရသူရဲ့ အပြစ်မဟုတ်ဘူးဆိုတာ သိလာအောင်၊ လက်ခံလာအောင် ကျွန်မတို့ ကြိုးစားရမယ်။” ဟု မခိုင်လွင်မြင့်က ပြောပါသည်။

၂၀၁၅ ခုနှစ် မြန်မာ လုပ်သားစစ်တမ်း အစီရင်ခံစာအရ အသက် ၅ နှစ်မှ ၁၇ နှစ်အရွယ် ကလေးငယ် ၁.၁၃ သန်း (ကလေးငယ် ၉.၃ ရာခိုင်နှုန်း) မှာ အလုပ်လုပ်ကိုင်နေကြရပါသည်။

မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုဆိုင်ရာ အစီရင်ခံစာ ၂၀၁၇ အရ တိုင်ကြားထားသော လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှု၏ တစ်ဝက်ကျော်ခန့်သည် ကလေးသူငယ်များကို အဓမ္မပြုကျင့်မှုဖြစ်သည်ဟု ဖော်ပြထားပါသည်။ တိုင်ကြားထားသော အဓမ္မပြုကျင့်မှုများမှာ ၂၀၁၆ ခုနှစ်တါင် ၁,၁၀၀ ရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၁,၄၀၅ အထိရှိလာခဲ့သည်။

သို့သော်လည်း အမှန်တကယ်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များမှာ ပို၍ပင်များပြားပါသေးသည်။

ခိုင်လွင်မြင့်သည် ကျုးလွန်ခံရသူကို အပြစ်တင်ခြင်းထက် ကျုးလွန်သူကိုသာ ထိုက်တန်သည့် ပြစ်ဒဏ်ပေးနိုင်ရန် ၎င်း၏ မိုဘိုင်းအက်ပလီကေးရှင်းကို အသုံးပြုကာ ကူညီနိုင်ရန် မျှော်လင့်လျက်ရှိပါသည်။

ယခုနှစ်တွင် မြန်မာအစိုးရသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။ အဆိုပါ ဥပဒေကြမ်းကို အတည်ပြုပြီးပါက မြန်မာ အမျိုးသမီးများကို အိမ်တွင်းအကြမ်းဖက်မှု၊ အိမ်ထောင်ရှင်များကြား လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ အနှောက်အယှက်ပြုမှုတို့ကို ဥပဒေဖြင့် ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။

တချိန်တည်းမှာပင် မခိုင်လွင်မြင့်သည်လည်း ၎င်း၏ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက် ရှိပါသည်။ DIVAS အဖွဲ့သည် လုပ်ငန်းစတင်လည်ပတ်ရန် ဆုကြေးငွေ ဒေါ်လာ ၄,၅၀၀၊ တစ်နှစ်တာ အသုံးပြုနိုင်မည့် ရုံးခန်းနေရာ၊ အူရီဒူးမြန်မာမှ နည်းပညာပံ့ပိုးမှု၊ Impact Hub Yangon ၏ နည်းပညာ ပံ့ပိုးမှုနှင့် UNDP မှ ဆုကြေးငွေ ဒေါ်လာ ၅,၀၀၀ တို့ကို ရရှိခဲ့ပါသည်။fv

“လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူတွေအတွက် ပံ့ပိုးမှု ဝန်ဆောင်မှုတွေကို ဆောင်ရွက်ဖို့ ကျောင်းသူကျောင်းသားတွေကို ဦးတည်တဲ့ campaign တစ်ခုလုပ်ဆောင်သွားဖို့ရှိပါတယ်။ နောက်ပိုင်းမှာတော့ အမျိုးသမီးတွေအတွက် ကာကွယ်ရေး ဝန်ဆောင်မှုတွေ ထည့်သွင်းသွားမှာပါ” “ကျွန်မက မြန်မာနိုင်ငံမှာ အမျိုးသမီးအခွင့်အရေးအတွက် ဆောင်ရွက်တဲ့ ဦးဆောင်သူ တစ်ဦးတော့ မဟုတ်ပါဘူး။ ကျွန်မအနေနဲ့ မြန်မာ အမျိုးသမီးတွေကို တတ်နိုင်သမျှကူညီပေးသွားချင်တာပါ” ဟု ပြောပါသည်။

Illustrations and photo in order: Bygermina/Shutterstock.com; UNDP Myanmar; Black Hill Design/Shutterstock.com; Rudall30/Shutterstock.com; Olga Lebedeva/Shutterstock.com