အီလက်ထရွန်နစ် လွှတ်တော်လုပ်ငန်းစနစ်၏ အစိတ်အပိုင်းအဖြစ် လွှတ်တော် Intrenet စနစ်ကို ပြည်ထောင်စုလွှတ်တော် စတင်မိတ်ဆက်

2019- May 8

ဓာတ်ပုံ - UNDP Myanmar/Alex Read

UNDP နှင့် Inter-Parliamentary Union (IPU) တို့၏ ပူးပေါင်းအကောင်အထည်ဖော်မှုဖြင့် အီလက်ထရွန်နစ် လွှတ်တော်လုပ်ငန်းစနစ်၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် Intranet စနစ်ကို ပြည်ထောင်စုလွှတ်တော်က မေလ ၈ ရက်နေ့မှ စတင်မိတ်ဆက်လိုက်ပါသည်။

Intranet စနစ်သည် Microsoft Sharepoint Platform ကို အသုံးပြုထားပြီး လွှတ်တော်၏ သတင်းအချက်အလက် စီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်စေရန်နှင့် လွှတ်တော်ဆိုင်ရာ စာရွက်စာတမ်းများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးများအကြား လွယ်ကူလျင်မြန်စွာ မျှဝေနိုင်စေရန် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ပါသည်။ လွှတ်တော်အစည်းအဝေးဆိုင်ရာ အစီအစဉ်နှင့် အစည်းအဝေးမှတ်စုများ၊ ကော်မတီ အစီရင်ခံစာများ၊ သုတေသနများနှင့် ကိုယ်တိုင် လေ့လာနိုင်သော စာရွက်စာတမ်းများအားလုံးကို လွယ်ကူစွာ လက်လှမ်းမီမှု ရရှိခြင်းဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းများ ဆောင်ရွက်မှုကို ပိုမို တိုးတက်ကောင်းမွန်လာစေသလို လွှတ်တော်သုံးရပ်အတွင်း လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်မှု ပိုမို အားကောင်းလာစေမည်ဖြစ်ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌဖြစ်သည့် ဦးထွန်းထွန်းဟိန်က လွှတ်တော်၏ လုပ်ငန်းတာဝန်များကို ပိုမိုအားကောင်းလာစေရန် နည်းပညာ၏ အရေးပါမှုကို ပြောကြားသွားခဲ့ပါသည်။ “ဒီစနစ်ကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းတွေ ပိုမိုလျင်မြန် ချောမွေ့အောင် ဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်။” ဟု ပြောပါသည်။

၎င်းက အီလက်ထရွန်နစ် လွှတ်တော်လုပ်ငန်းစနစ်အဖြစ် ကူးပြောင်းနိုင်ပြီဖြစ်သော အရေးပါသော မှတ်တိုင်ကို ဂုဏ်ပြုချီးကျူးပြီး လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို အသုံးပြုကြရန် တိုက်တွန်းခဲ့ပါသည်။

UNDP ၏ စီမံကိန်း အကြံပေးနှင့် အဖွဲ့ခေါင်းဆောင်ဖြစ်သူ Mr Joerg Stahlhut က “ခေတ်မီနည်းပညာတွေကို အသုံးပြုခြင်းဟာ လွှတ်တော်တွေအတွက် ပိုမို ပွင့်လင်းမြင်သာမှု၊ တာဝန်ခံယူမှု၊ လက်လှမ်းမီမှုနဲ့ ထိရောက်မှုတွေကို ရရှိစေပါတယ်” ဟု ပြောသည်။


ပြည်ထောင်စုလွှတ်တော် ICT ဌာန၏ သတင်းအချက်အလက်အရာရှိချုပ် ဦးအောင်သူမင်းက Intranet စနစ်ဖော်ဆောင်ခြင်းသည် လွှတ်တော် ICT ဦးစီးကော်မတီတို့၏ ပံ့ပိုးမှုနှင့် ကျွမ်းကျင် လွှတ်တော် ဝန်ထမ်းများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုတို့ဖြင့် ငါးနှစ်တာ ကြိုးပမ်းမှု၏ ရလဒ်ဖြစ်သည်ဟု ပြောပါသည်။ ထို့နောက် IPU ၏ ICT ကျွမ်းကျင်သူများက လွှတ်တော်ကိုယ်စားလှယ်များအား ဤစနစ်ကို အသုံးပြုရန် လိုအပ်သော လေ့ကျင့်သင်ကြားမှုများကို ပြုလုပ်ပေးမည့်အကြောင်း ရှင်းလင်းပြောပြခဲ့ပါသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် ဤစနစ်သစ်ကို အသုံးပြုရန် စိတ်အားတက်ကြွနေကြပြီး ယင်းသည် လွှတ်တော်ကို အခြားသော အစိုးရဌာနများထက် တပန်းသာစေသည်ဟု မှတ်ချက်ပြုကြပါသည်။ “ဒီလို စနစ်ကို ဖော်ဆောင်ပေးဖို့ မျှော်လင့်နေတာ ကြာပါပြီ။ ကျွန်တော့်အနေနဲ့ e-Government ဆိုတာကို မကြာခဏဆွေးနွေးဖြစ်ပါတယ်။ အစိုးရဌာနတွေအားလုံးအတွက် ဒီလိုစနစ်ကို ဖော်ဆောင်ဖို့ဆိုတာ အချိန်လိုပါတယ်။ ဒါကြောင့် လွှတ်တော်ကနေ နမူနာအနေနဲ့ အစပြုရအောင်လို့ ကျွန်တော် အမြဲပြောလေ့ ရှိပါတယ်။” ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါသည်။

 “နောက်တစ်ချက်အနေနဲ့ကတော့ ကျွန်တော်တို့ဆီမှာ ပုံနှိပ်ထားတဲ့ စာရွက်စာတမ်းတွေ အများကြီးရှိပါတယ်။ ဒါတွေက ငွေကုန်ကြေးကျလဲများပြီး ထိန်းသိမ်းရတဲ့ ဝန်ထမ်းတွေအတွက်လဲ အလုပ်တွေ ပိုစေပါတယ်။ ဒါကြောင့် ဒီလိုစနစ်ဖြစ်ပြီး အစည်းအဝေးမှာ ဆွေးနွေးခဲ့တာတွေ အစည်းအဝေးမှတ်စုတွေကို အလွယ်တကူပြန်လည်ရှာဖွေနိုင်ဖို့၊ မျှဝေနိုင်ဖို့ ကျွန်တော့်အနေနဲ့ မျှော်လင့်ခဲ့တာကြာပါြပီ။” ဟု ပြောပါသည်။

UNDP ၏ ထိရောက်မှုရှိပြီး တုံ့ပြန်ဖြည့်ဆည်းပေးမှုရှိသော အဖွဲ့အစည်းများဖြစ်ပေါ်ရေး အထောက်အကူပြု စီမံချက် (SERIP) ကို Australia’s Department of Foreign Affairs and Trade (DFAT)၊ Swedish International Development Agency (Sida) နှင့် ဂျပန်နိုင်ငံ အစိုးရတို့မှ ရန်ပုံငွေပံ့ပိုးပေးပါသည်။