မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရာသီဥတုပြောင်းလဲမှုက ဘာကြောင့်အရေးပါသလဲ ၊ ဒီအတွက် ကျွန်ုပ်တို့ ဘာတွေဆောင်ရွက်နေသလဲ

2019- September 22

သူ့အတွေးသူ့အမြင်ဆောင်းပါး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နှင့် UNDP မြန်မာ ဌာနေကိုယ်စားလှယ် မစ္စတာပီတာဘက်ချလာ

တနင်္သာရီတိုင်းဒေသကြီးရှိ ဒီရေတော ဓါတ်ပုံ- ဆင်ဂေဒေါ်ဂျီ


မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်ချက်များစွာတို့အနက် ရာသီဥတု ပြောင်းလဲမှုမှာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည်။ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်ဘေးဆိုး ကို ပုံစံမျိုးစုံဖြင့် ခံစားနေရလျက်ရှိသည့်အပြင် ယင်းက တိုင်းပြည်၏ အနာဂါတ် ဖွံ့ဖြိုးတိုးတက်မှု အတွက် ခြိမ်းခြောက်မှုတရပ်ဖြစ်နေခြင်းကြောင့်ပင် အလွန်အရေးပါနေခြင်း ဖြစ်သည်။

မြန်မာ့ ပထဝီရေမြေ‌ဒေသ နှင့် ထူးကဲလှသည့် သဘာဝမြေမျက်နှာပြင်မတူကွဲပြားမှုများကြောင့် ပင် ရာသီဥတုပြောင်းလဲမှုမှာလည်း အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ဖြစ်ပေါ်လျက်ရှိရာတွင် အပူပိုင်း ဒေသ၌ အပူချိန် တိုးလာပြီး မိုးခေါင်ရေရှားမှုမှာ ပို၍ပြန့်နှံ့ဖြစ်ပေါ်နေသကဲ့သို့ ကမ်းရိုးတန်း ဒေသများတွင်လည်း တိုးပွါးလာသည့် ဆိုင်ကလုန်း အန္တရာယ်အလားအလာနှင့် အခါမလပ် ရင်ဆိုင်နေရသည်။ ယခုလောလောလတ်လတ်မိုးရာသီ၌ပင်လျှင် အလွန်အမင်းရေကြီးရေလျှံမှု ကြောင့် လူဦးရေ ၁၉၀၀၀၀ ကျော် အရေးပေါ်ခိုလှုံရာနေရာများတွင် ခိုလှုံနေကြရပြီး အိုးအိမ်များ ၊ စာသင်ကျောင်းများနှင့် စိုက်ခင်းများပျက်စီးခဲ့ရာ ယမန်နှစ်နှင့် ရှေ့ယခင်နှစ်များအတွင်းက ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲအကျိုးဆက်များပေါ် ထပ်ဆင့်၍ တပူပေါ်နှစ်ပူဆင့်စေသည်။

ပိုပြင်းထန်လာပြီး ခပ်စိပ်စိပ်ဖြစ်လာသည့် ရာသီဥတုဖောက်ပြန်မှု အလားအလာက မြန်မာနိုင်ငံအပေါ် ထိခိုက်နေနှင့်ပြီးဖြစ်သည်။ မြန်မာနိုင်ငံသည် ထိုကဲ့သို့ပြင်းထန်သည့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ကမ္ဘာပေါ်ရှိ ထိခိုက်ခံရအလွယ်ဆုံးတိုင်းပြည်များအနက်မှ တခုဖြစ်သည်။ ၂၀၀၈ ခုနှစ် အပျက်အစီးအထိခိုက်များသော ဆိုင်ကလုန်းနာဂစ် အမှတ်ရစရာများက ကွက်ကွက်ကွင်းကွင်းထင်ကျန်နေဆဲဖြစ်ရာ မကြာမီက ရရှိခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များမှာ ယင်းကဲ့သို့ ဘေးကျရောက်နိုင်မှုများအတွက် ခံနိုင်ရည် မရှိသေးပေ။ နာဂစ်အဆင့်ရှိဖြစ်ရပ်မပါဘဲ လက်ရှိနှစ်များအတွင်း ရေကြီးရေလျှံမှု ၊ မြေပြိုမှုနှင့် မိုးခေါင်ရေရှားမှုတို့ကြောင့်ပင်လျှင် အမေရိကန်ဒေါ်လာ သန်းထောင်နှင့်ချီ ဆုံးရှုံးနေသည်ဖြစ်ရာ အသက်သေဆုံးမှုနှင့် လူအများဘဝ ကမောက်ကမဖြစ်ရမှုများမှာမူ ဆိုဖွယ်ရာပင် မရှိချေ။ ပို၍အပူတပြင်းလိုအပ်နေသည့် ဖွံ့ဖြိုးတိုးတက်ရေးဦးစားပေးများအတွက် အချိန်နှင့် သယံဇာတများကို အသုံးပြုရမည့်အစား သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရန် ၊ တုံ့ပြန်ရန်နှင့် ပြန်လည်ထူထူထောင်ထောင် ဖြစ်လာရန် လိုအပ်ချက်အတွက် ဆုံးရှုံးနေရသည်။

ကမ္ဘာကြီးပူနွေးလာမှုကို အရှိန်လျှော့ချရန်နှင့် နောက်ပြန်ဆုတ်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လက်တွဲလုပ်ဆောင်ရမည်မှာ မြေကြီးလက်ခတ်မလွဲနိုင်သကဲ့သို့ ပင် တဘက်မှလည်း ပြောင်းလဲနေသည့်ရာသီဥတုနှင့် လိုက်လျောညီထွေနေခြင်းဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းကို ထူထောင်နေရမည်ဖြစ်သည်။

သန့်ရှင်းသောပတ်ဝန်းကျင် နှင့် အခြေအနေကောင်းသောဂေဟစနစ်များက တိုင်းပြည်၏ လူမှုရေး ၊ ယဉ်ကျေးမှုနှင့်စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုများကို ရေရှည်တည်တံ့အောင် ထိန်းသိမ်း ရာတွင် အခြေခံရမည့် အုဋ်မြစ်များပင်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက အသိအမှတ်ပြုပါသည်။ သို့ဖြစ်ရာ အနာဂါတ်မူဝါဒများနှင့် စီမံချက်များအားလုံးတွင် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ စဉ်းစားဆင်ခြင်မှုများကို စနစ်တကျ ဌာပနာထား ခြင်းအားဖြင့် အနာဂါတ်မျိုးဆက်သစ်များအတွက် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး အယူအဆကို ထည့်သွင်းထားသည့် နိုင်ငံတော်အဆင့် ဖွံ့ဖြိုးတိုးတက်မှု မူဘောင်အား နိုင်ငံတော် အစိုးရက သံန္နိဋ္ဌာန်ပြုချမှတ်ထားပါသည်။ မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအမံ (၂၀၁၈-၂၀၃၀) မှာ မကြာမီက နိုင်ငံတော်သမ္မတကြီး အစပျိုးပေးခဲ့သည့် နိုင်ငံတော်အဆင့် သဘာဝပတ်ဝန်းကျင်မူဝါဒသစ်နှင့် မြန်မာ့ ရာသီဥတုပြောင်းလဲမှု မူဝါဒများဖြင့် အစပ်အဟပ်မိပြီး ရာသီဥတုဆင်ခြင်ဂရုပြု ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ် မြန်မာနိုင်ငံ သံန္နိဋ္ဌာန်ပြုရပ်တည်နေစေသည်။ UNDP ကဲ့သို့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်များထံမှ နည်းပညာ အထောက်အပံ့များနှင့် မြန်မာနိုင်ငံအနှံ့ လူအများ နှင့် ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်အကြံဉာဏ် ရယူခြင်းမှ အကျိုးကျေးဇူးကို ယင်းမူဝါဒ ၂ ရပ်လုံး အတွက် ရရှိလျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုကြံ့ကြံ့ခံနိုင်စွမ်းရှိပြီး ကာဗွန်ထုတ်လွှင့်မှုနည်းပါးသည့် လူမှု အဖွဲ့အစည်းတရပ်ဖြစ်လာစေရန် ဤမူဝါဒ ၂ ရပ်ပေါင်းက မျှော်မှန်းချက်ချမှတ်ပေးပြီး လက်ရှိနှင့် နောင်အနာဂါတ်မျိုးဆက်များ၏ ကာယစိတ္တသုခအတွက် ရေရှည်တည်တံ့ကာ စည်ပင်ဝပြောပြီး အားလုံးတန်းတူအကျုံးဝင်စေမည့် လူမှုအဖွဲ့အစည်း ဖြစ်စေသည်။ ကမ္ဘာ့အပူချိန်ကို စက်မှုခေတ် မတိုင်မီကဖြစ်သော ၁.၅ ဒီဂရီဆဲလ်စီးယပ်စ်တွင် ထိန်းညှိထားရေး ပဲရစ်သဘောတူညီချက်အား မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်မှုအတွက်လည်း အရင်းခံပင် ဖြစ်သည်။

ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှင့်မှုလျော့ချရေးအတွက် မြန်မာနိုင်ငံ၏ ရည်မှန်းချက်ကြီးသော ချဉ်းကပ်မှုတွင် တိုင်းပြည်သစ်တောများ လျော့နည်းလာမှုအား ပြောင်းပြန်လှန်ပစ်ရန်လည်း ပါဝင်သည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (Myanmar Reforestation and Rehabilitation Programme) ၁၀ နှစ်ကျော်ကာလအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ သုံးစွဲရန် နိုင်ငံတော်အစိုးရက ကတိကဝတ်ထားပြီးဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏများများ သိုလှောင်ထားခြင်းအပြင် တဘက်မှလည်း ကမ်းရိုးတန်းနေလူထုအပေါ် ဆိုင်ကလုန်းနှင့် မုန်တိုင်းများ၏ အကျိုးဆက်ဘေးဆိုး ကျရောက်မှု လျော့နည်းစေရန် သဘာဝကြားခံများ ထူထောင်ခြင်းအားဖြင့် ကမ်းရိုးတန်း ဒီရေသစ်တော ကာကွယ်စောင့်ရှောက်ခြင်းကဲ့သို့ သဘာဝအခြေပြု ဖြေရှင်းရေးနည်းလမ်းများက ရာသီဥတု ဖောက်ပြန်ခြင်းအား လျော့ပါးသက်သာစေသည်။

အာရှ-ပစိဖိတ်ဒေသတွင်းရှိ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှင့်မှု၏ သုံးပုံနှစ်ပုံမှာ စွမ်းအင်ကဏ္ဍမှ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုမှာ ရာသီဥတု၏ အရိပ်အခြည် သိရမည် ဖြစ်ပြီး ယင်းကဏ္ဍ၏ပြောင်းလဲလာပြီဖြစ်သော စီးပွားရေးအကွက်အကွင်းကိုလည်း လျစ်လျှူရှုထား၍ မဖြစ်နိုင်ပေ။ လျှပ်စစ်လောက်လောက်လားလားမရရှိသည့် လူသန်းပေါင်း များစွာအတွက် လျှပ်စစ်ဓါတ်အားရရှိစေရေး တဘက်တလမ်းမှ အကူအညီပေးသကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိုလည်း ဆထက်တံပိုးသုံးစွဲရန် နိုင်ငံတော်အစိုးရက သံန္နိဋ္ဌာန်ချ ထားသည်။ နေရောင်ခြည်စွမ်းအင်နှင့်ဇီဝဒြပ်ထုအပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသွင်သစ်များက တိုင်းပြည့် ရောနှောစွမ်းအင်၏ ၉ ရာခိုင်နှုန်း အတွက် ၂၀၃၀ တွင် အားကူ ပေးနိုင်မည်ဖြစ်သည်။ ထင်းအစားထိုး ဇီဝစွမ်းအင်သုံး မီးဖိုများကို အိမ်ထောင်စု ၅ သန်းအထိ အလျင်အမြန်တိုးချဲ့ ဖြန့်ဖြူးပေးနိုင်ခဲ့ရာ လူအများ၏ ကျန်းမာရေးအခြေအနေ တိုးတက် ကောင်းမွန်စေပြီး ထင်းခုတ်သုံးစွဲခြင်းကြောင့် သစ်တောပြုန်းတီးမှုကို ရှောင်ရှားရာတွင်လည်း အထောက်အကူဖြစ်စေသည်။

ရာသီဥတုပြောင်းလဲမှုအား တုံ့ပြန်ဆောင်ရွက်ရာတွင် မြန်မာ့ပုဂ္ဂလိကကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသကဲ့သို့ စီးပွါးရေးဈေးကွက် ကြီးထွားလာသည်နှင့်အမျှ အခွင့်အလမ်းကြီးကြီးမားမားလည်း ရလာမည်ဖြစ်သည်။ ခေတ်ပြောင်း စိမ်းလန်းစိုပြေနည်းပညာ နှင့် ဆန်းသစ်တီထွင်မှုက ကာဗွန်ထုတ်လွှင့်မှုနည်း စီးပွါးရေးဈေးကွက်ဖြစ်ပေါ်လာစေရေး အရှိန်ရလာစေမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် စိမ်းလန်းစိုပြေစီးပွါးရေးလုပ်ငန်းများ အား ဆက်လက်အားပေးတိုက်တွန်းသွားမည် ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍအား ကာဗွန် ထုတ်လွှင့်မှုနည်း နည်းပညာများနှင့် မိတ်ဆက်ပေးရန် မက်လုံးပေးဆွဲဆောင်သွားမည်ဖြစ်သည်။

၂၁ ရာစု မြန်မာနိုင်ငံ ချမ်းသာဝပြောစေရေး ဗဟုသုတ ၊ ကျွမ်းကျင်မှု နှင့် သဘောထားအမြင်များ ဖြင့် မျိုးဆက်သစ်တို့၏ စွမ်းဆောင်နိုင်စွမ်းအား မြှင့်တင်ပေးရန်အတွက် သင်ရိုးညွှန်းတမ်းများ၌ သာမက ရာသီဥတုအားကြံ့ကြံ့ခံနိုင်သည့်စာသင်ကျောင်းများ တည်ထောင်ခြင်းဖြင့် ပညာရေး စနစ် ခိုင်မာအားကောင်းလာစေရေးတွင် ရာသီဥတုပြောင်းလဲမှုကို ထည့်သွင်းရမည်။

ရာသီဥတုကောင်းကျိုးပြုသည့်အရာများက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူအများ၏ ဘဝရှင်သန်ရေးအတွက်လည်း အကျိုးများစေကြောင်း ထိုနည်းလမ်းများက ပြသပေးသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့၌ ကျင်းပမည်ဖြစ်သော ကုလသမဂ္ဂ ရာသီဥတု ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ် ထိပ်သီးညီလာခံတွင် ရာသီဥတုပြောင်းလဲမှုဖြေရှင်းရေး နည်းလမ်း၏ တထောင့်တနေရာမှပါဝင်ရန် မြန်မာနိုင်ငံက အသင့်ဖြစ်နေပြီဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ၎င်း၏ ကြိုးပမ်းအားထုတ်မှုများကို အလျဉ်မပြတ် ဆထက်တံပိုး ဆောင်ရွက်လျက်ရှိသည့်နည်းတူ UNDP ကဲ့သို့ မိတ်ဖက်များထံမှ နိုင်ငံတကာအကူအညီများ လိုအပ်နေဆဲဖြစ်သည်။ အောက်ခြေလုပ်ငန်းခွင်ဆောင်ရွက်ချက်များအတွက် အဖိုးနည်းဝန်ပါ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာကဲ့သို့ နည်းပညာ သိမြင်တတ်ကျွမ်းမှုလိုအပ်သည်။ လူ့စွမ်းအားနှင့် ဆန်းသစ်တီထွင် ဖြေရှင်းနည်းများ၌ ရင်းနှီးမြုပ်နှံမှုအား ထောက်ပံ့ရန် ဘဏ္ဍာငွေလိုအပ်သည်။ အစိုးရများ ၊ ရပ်ရွာလူထုများနှင့် ပုဂ္ဂလိကကဏ္ဍကဲ့သို့ ပါဝင် ဆောင်ရွက်သူများ၏ စွမ်းရည်တက်လာစေရန် သင်တန်းနှင့် နည်းပညာ အထောက်အပံ့များ လိုအပ်သည်။

ရာသီဥတုပြောင်းလဲရေးအား ပြောင်းပြန်လှန်ပစ်ရေးအတွက် လုပ်ဆောင်မှုအသစ်များကို ကမ္ဘာ့ ခေါင်းဆောင်များအတူတကွစုဝေး တင်ပြကြရန်အတွက် နယူးရော့ခ်ရှိ ရာသီဥတုထိန်းသိမ်းမှု လုပ်ငန်းစဉ် ထိပ်သီးညီလာခံက အခရာကျသောဖိုရမ်တခုဖြစ်လာမည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အဖိုးအန္တဂထိုက်သောကြိုးပမ်းအားထုတ်မှုများအား အသိအမှတ်ပြုခံရမည့် အပြင် ရေရှည်တည်တံ့ပြီး ကာဗွန်ထုတ်လွှင့်မှုနည်းသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်လိုက်သည့် နိုင်ငံများအတွက် အထောက်အပံ့များ နှစ်ဆတိုးစေမည့် အခွင့်အလမ်းတရပ်လည်း ဖြစ်သည်။

လတ်တလောတွင် ကမ္ဘာကြီးမှာ စိတ်ပျက်အားလျော့ဖွယ်ရာ အနေအထားဖြင့် ရာသီဥတု ပြောင်းလဲမှုနှင့်အပြိုင် ပြေးပွဲဝင်နေရပေသည်။ မြန်မာနိုင်ငံ၏ လက်ရှိနှင့်အနာဂါတ် ဖွံ့ဖြိုးတိုးတက်မှုအား ကာကွယ်ထိန်းသိမ်းရာတွင် သန်မာအားကောင်းပြီး ချက်ချင်းလက်ငင်း ဖြစ်သော ပြည်တွင်းနှင့်နိုင်ငံတကာလုပ်ဆောင်ချက်များက ပဓာနကျသည်။ ကျွန်ုပ်တို့အားလုံး စည်းလုံးညီညာမှသာ ဤအပြေးပြိုင်ပွဲ၌ အောင်ပွဲဆင်နိုင်မည်ဖြစ်ပြီး ကမ္ဘာနှင့် မြန်မာနိုင်ငံ အတွက်သာမက မြန်မာပြည်သူပြည်သားများအတွက်ပါ ရေရှည်တည်တံ့မည့်အနာဂါတ် ဧကန်မုချရရှိစေမည်ဖြစ်သည်။