ဒုတိယအကြိမ်လွှတ်တော် ကိုယ်စားလှယ်စစ်တမ်းအစီရင်ခံစာ မိတ်ဆက်ခြင်း

2020- March 31

ဓာတ်ပုံ-အမျိုးသားလွှတ်တော်


ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) နှင့် နိုင်ငံတကာပါလီမန်များ အဖွဲ့ (IPU) သည် ပြည်ထောင်စုအဆင့် လွှတ်တော်သုံးရပ်နှင့် လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ တို့၏ အကူအညီဖြင့် “မြန်မာလွှတ်တော် ကိုယ်စားလှယ်စစ်တမ်း - ဒုတိယအကြိမ် လွှတ်တော်မှ ကိုယ်စားလှယ်များ၏ ထင်ဟပ်သုံးသပ်ချက်များ” ဟုအမည်ပေးထားသော စစ်တမ်းအစီရင်ခံစာကို အောင်မြင်စွာ ရေးသားပြုစုနိုင်ခဲ့ပါသည်။ အစီရင်ခံစာတွင် လွှတ်တော်၏ မဟာဗျူဟာ ဦးတည်ချက်နှင့် အင်စတီကျူးရှင်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပေးသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ၊ လုပ်ငန်းတာဝန်များနှင့် ကျင့်သုံးမှုများအပေါ် သက်သေအထောက်အထား အခြေခံ၍ သုံးသပ်ထားသည့် သဘောထားအမြင်များကို ဖော်ပြထားပါသည်။ စစ်တမ်းကောက်ယူမှု၏ ပထမအဆင့်အနေဖြင့် လူချင်းတွေ့ဆုံမေးမြန်းခြင်းနှင့် အဖွဲ့လိုက် တွေ့ဆုံမေးမြန်းခြင်းများကို ကိုယ်စားလှယ် ၆၃ ဦးနှင့် ပြုလုပ်ခဲ့ပါသည်။ ဒုတိယအဆင့်အနေဖြင့် မေးခွန်းလွှာပေးပို့၍ စစ်တမ်းကောက်ယူရာတွင် ကိုယ်စားလှယ် ၃၉၄ ဦးက တုန့်ပြန်ဖြေကြားခဲ့ကြပါသည်။ ဤအစီရင်ခံစာမှာ ၂၀၁၅ ခုနှစ်တွင် UNDP/IPU ကောက်ယူခဲ့သည့် ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ် စစ်တမ်းအပေါ် ထပ်မံပေါင်းစပ်ဖြည့်စွက် ထားခြင်းဖြစ်ပြီး ပထမအကြိမ် လွှတ်တော်သက်တမ်းမှ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအထိ လွှတ်တော်၏ တိုးတက်ပြောင်းလဲမှုများကို ထည့်သွင်းတင်ပြထားပါသည်။

အစီရင်ခံစာတွင် ဒုတိယအကြိမ် လွှတ်တော်ကို ပထမအကြိမ် လွှတ်တော်၏ အောင်မြင်မှုများအပေါ်တွင် အခြေခံတည်ဆောက်ထားခြင်းများအကြောင်းကို ဖော်ပြထားပြီး လွှတ်တော်၏ လုပ်ငန်းစဉ်များနှင့် ကျင့်သုံးမှုများအပါအဝင် လွှတ်တော်အင်စတီကျူးရှင်း၏ လုပ်ငန်းလည်ပတ်မှု တိုးတက်ပြောင်းလဲလာမှုများအကြောင်းကိုလည်း ဖော်ပြထားပါသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ဒီမိုကရေစီကျင့်စဉ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲအတားအဆီးများ ရင်ဆိုင်နေရကြောင်းကို ဖော်ပြသည့် သက်သေအထောက်အထားများလည်း ပါရှိပါသည်။ တွေ့ရှိချက်များအားဖြင့် လွှတ်တော်ရုံးများသည် မိမိတို့ရုံးများ၏ ဝန်ဆောင်မှုများ၊ ကူညီပံ့ပိုးမှုများ နှင့် ပညာရပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများ အပါအဝင် အင်စတီကျူးရှင်း စွမ်းရည်များကို မြှင့်တင်ပေးနိုင်မည့် လမ်းကြောင်းများကို လမ်းညွှန်ပေးနိုင်မည်​ ဖြစ်ပါသည်။

ဤအစီရင်ခံစာကို online နှင့် ပြည်ထောင်စုလွှတ်တော်၏ intranet တို့တွင် တပြိုင်နက်လွှင့်တင်ခြင်း ဖြစ်ပါသည်။ UNDP / IPU သည် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဌာနများထံ သတင်းအချက်အလက်ဖြန့်ဝေမှု ပိုမိုအားကောင်းလာစေရန် ICT စနစ်ဖွံ့ဖြိုးရေးအတွက် ကူညီထောက်ပံ့ပေးခဲ့ပြီး ၎င်းစနစ်များသည် နိုင်ငံသားများနှင့် လွှတ်တော်များအကြား ထိတွေ့ဆက်ဆံမှုကို ပိုမိုအားကောင်းစေလိမ့်မည် ဖြစ်ပါသည်။ SharePoint စနစ်အသုံပြုထားသည့် လွှတ်တော် intranet ကို ၂၀၁၉ ခုနှစ်၊ မေလတွင် စတင်မိတ်ဆက်ခဲ့ပြီး ၎င်းမှာ ကိုယ်စားလှယ်များထံ roll out လုပ်ခဲ့သည့် ပထမဦးဆုံး e-parliament ဝန်ဆောင်မှု ဖြစ်ပါသည်။

ဤစစ်တမ်းကောက်ယူမှုအတွက် သြစတြေးလျ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဌာန (DFAT)၊ ဆွီဒင်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (Sida) နှင့်ကနေဒါအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (CIDA) တို့က ရန်ပုံငွေကူညီပံ့ပိုးပေးခဲ့ပါသည်။

“လွှတ်တော်များအားလုံးသည် မိမိတို့ရဲ့ စွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်ရန်နှင့် အစဉ်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါတယ်။ ကိုယ်စားလှယ်များ၏ လုပ်ငန်းများအပေါ်  နက်နက်နဲနဲစဉ်းစား သုံးသပ်ထားတဲ့ သဘောထားအမြင်များ ပါဝင်ပြီး လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့ အရင်းအမြစ်တွေ အများကြီးပါဝင်ပါတယ်။ အလုပ်ကြိုးစားတဲ့ စစ်တမ်းအဖွဲ့ကို ဦးဆောင်ခွင့်ရခဲ့ရခြင်း နဲ့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်မြုပ်ဆောင်ရွက်လျက်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အတွေ့အကြုံတွေကို ကြားသိခွင့်ရခဲ့ခြင်းများအတွက် အလွန်ပဲဝမ်းသာဂုဏ်ယူမိပါတယ်။”

Ms. Meg Munn - စစ်တမ်းအဖွဲ့ခေါင်းဆောင်၊ ယူကေအောက်လွှတ်တော်ကိုယ်စားလှယ်ဟောင်း နှင့် ဝန်ကြီးဟောင်း

လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို သူတို့ရဲ့ စွမ်းဆောင်မှုတွေ၊ သူတို့ရဲ့လုပ်ငန်း ဆောင်ရွက်ပုံတွေကို ပြန်လည်သုံးသပ် ဆင်ခြင်ပေးကြတဲ့အတွက် များစွာချီးကျူးမိပါတယ်။ ဒီအစီရင်ခံစာမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့  ကြီးမားလှတဲ့ နှစ်မြှုပ်အားထုတ်ကြိုးပမ်းမှုတွေကို မှတ်တမ်းတင်ထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အနာဂတ် ဦးတည်ချက်လမ်းကြောင်းကို ရှာဖွေရာမှာ ဒီအစီရင်ခံစာက တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

Dr. Mary C. Murphy- အစီရင်ခံစာဦးဆောင်ရေးသားသူ