ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့်မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းပြီး မွန်ပြည်နယ်အတွင်း အသိပညာ ပေးလုပ်ငန်းများ၊ နှာခေါင်းစည်းများနှင့် လက်ဆေးဆပ်ပြာများဝေငှခြင်းများဆောင်ရွက်နေ

2020- June 11

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့်မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းပြီး မွန်ပြည်နယ်အတွင်း  အသိပညာ ပေးလုပ်ငန်းများ၊ နှာခေါင်းစည်းများနှင့် လက်ဆေးဆပ်ပြာများဝေငှခြင်းများဆောင်ရွက်နေ

ဓာတ်ပုံ- အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊မော်လမြိုင်မြို့နယ်



နယ်နိမိတ်ချင်းထိစပ်နေသောထိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ဖြစ်ပွားနေမှုကြောင့်ပြည်တော်ပြန် ရွှေ့ပြောင်း အလုပ်သားအများအပြားဝင်ရောက်လာကြသည်နှင့်ရင်ဆိုင်နေရသော  မွန်ပြည်နယ်တွင် ကပ်ရောဂါကူးစက်ပျံ့နှံ့နိုင်မှုအခြေ အနေမြင့်မားနေဆဲဖြစ်ပါသည်။ပြည်တော်ပြန်ရွှေ့ပြောင်းအလုပ်သမားအတော်များများသည်မွန်ပြည်နယ်မှဖြစ်ကြပြီး တချိန် တည်းမှာပင် မွန်ပြည်နယ်သည် အခြားတိုင်းနှင့်ပြည်နယ်များတွင်နေထိုင်ကြသည့် ပြည်တော်ပြန်အလုပ်သမားများ နေရပ် အသီးသီးသို့ပြန်ကြသည့်လမ်းကြောင်းခရီးပေါ်တွင်ရှိနေပါသည်။ ထို့ကြောင့် ဗိုင်းရပ်စ်ကူးစက်နိုင်မှုနှုန်းကိုလျှော့ချရန်နှင့် လူထုအကြားရောဂါကာကွယ်ရေးကိုအားဖြည့်ဆောင်ရွက်ရန်မှာဒေသဆိုင်ရာအစိုးရအဖွဲ့အတွက်ဉီးစားပေးလုပ်ငန်းဖြစ်လာခဲ့ပါသည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်သည် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်အတူလက်တွဲကာ ဇွန်လ  ၈ ရက်နေ့မှစတင်သည့်ငါးရက်ကြာ လူထုအကြားသတင်းအချက်အလက်မျှဝေပေးသည့် လှုံ့ဆော်ရေးတစ်ရပ်ကိုကျင်းပနေပါသည်။လှုံ့ဆော်ရေးကာလအတွင်း နှာခေါင်းစည်းများနှင့် လက်ဆေးဆပ်ပြာများကိုဝေငှပေးနေပါသည်။ထို့အပြင်မြန်မာ၊မွန်၊ကရင်၊ပအို့ဝ် ဘာသာစကား လေးမျိုး ဖြင့်ထုတ်ဝေထားသည့် ကပ်ရောဂါအကြောင်းလက်ကမ်းစာစောင်များကိုပါဖြန့်ဝေပေးခဲ့ပါသည်။ ဝေငှမှုများကို ပြည်နယ် အတွင်းရှိ  မြို့နယ် ၁၀ ခုရှိ ဈေးကဲ့သို့ လူစည်ကားသောနေရာများ၊ နယ်စပ်ဝင်ပေါက်များ၊ ရွှေ့ပြောင်းအလုပ်သမား များအများ အပြားနေထိုင်ကြသည့်နေရာဒေသများ စသည့်သတ်မှတ်နေရာ ၂၀၀ တွင်ဝေငှပေးနေခြင်းဖြစ်ပါသည်။

ပြည်နယ်အစိုးရ၏ရောဂါကာကွယ်ရေးလုပ်ငန်းအား ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ကဉီးဆောင်ကူညီသည့် ငါးရက်ကြာ အစီ အစဉ်တွင် အဖွဲ့အစည်းများစွာပုးပေါင်းပါဝင်ကြပါသည်။ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ၊ ကုလသမဂ္ဂဆိုင်ရာ အမျိုး သမီးအဖွဲ့၊ ကုလသမဂ္ဂလူဉီးရေရန်ပုံငွေအဖွဲ့ စသည့်အဖွဲ့များ၊ Halvetas စသည့် အစိုးရမဟုတ်သော နိုင်ငံတကာ အကူအညီ ပေးရေးအဖွဲ့အစည်းများ၊ ထို့အပြင် ရပ်ရွာလူမှုအဖွဲ့အစည်းများလည်းပါဝင်ကြပါသည်။ ရပ်ရွာလူမှုအဖွဲ့အစည်းများ၏ စေတနာ့ဝန်ထမ်း ၃၀၀ နီးပါးတို့က ရောဂါကာကွယ်ရေးပစ္စည်းများကိုလူထုအကြားဝေငှပေးခြင်းတို့အပြင် လက်ဆေးခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်း၊နှာခေါင်းစည်းများတပ်ဆင်ရန်လိုအပ်ပုံ စသည့်ရောဂါကူးစက်မှုကာကွယ်ရေးလုပ်ငန်းများကို လူထုအကြားအသိပညာပေးနေကြပါသည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ကဉီးဆောင်သည့် ပါးရက်ကြာလှုံ့ဆော်ခြင်းအစီအစဉ်သည် ဇွန် လ ၁၂ ရက်နေ့အထိ ငါးရက် တာကြာမြင့်မည်ဖြစ်ပြီး ပြည်နယ်အတွင်းရှိ ဖယ်ကျဉ်ထားခြင်းခံရသည့် အိမ်ထောင်စုများနှင့် ရောဂါကူးစက်နိုင်မှုမြင့်မားသည့် အိမ်ထောင်စုများ စုစုပေါင်း ၅၀,၀၀၀ ကျော်ကိုအကူအညီများပေးသွားနိုင်ရန် စီစဉ်ထားပါသည်။ လှုံ့ဆော်ရေးအစီအစဉ်သည် အောင်မြင်မှုများရရှိနေပြီး ပြည်နယ်အစိုးရအဖွဲ့၊ ဖွံ့ဖြိုးရေးဆိုင်ရာအကူအညီပေးရေးနိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသခံ    ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ တို့အကြားဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နေကြကာ ကိုဗစ်-၁၉ ကပ်ရောဂါမကူးစက်ရေး၊မပျံ့နှံ့ရေးအတွက် စုပေါင်းစည်းလုံးကြမှုကိုထင်ရှားစေသည့်သာဓကတစ်ခုလည်းဖြစ်ပါသည်။