ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးလုပ်ငန်းများအတွက် လုပ်ငန်းခွင်အတွင်း လူ့အခွင့်အရေးဖော်ဆောင်မှုအခြေအနေအား မြန်ဆန်စွာဆန်းစစ်နိုင်သည့် ဆန်းစစ်ချက် တစ်ခုကို UNDP မှ ပြုစုဖြန့်ဝေ

2020- September 21

ကိုဗစ်-၁၉ သည် မြန်မာ့စီးပွားရေး လုပ်ငန်းများအပေါ် ဘက်ပေါင်းစုံမှ ထိခိုက်စေလျက် ရှိပါသည်။ နိုင်ငံ တကာကူးသန်းရောင်းဝယ်မှုများအားလုံးနီးပါး ရပ်ဆိုင်းသွားမှုနှင့်အတူ ပြည်တွင်းရှိ အကြီးစား၊ အလတ် စား သို့မဟုတ် အသေးစား စီးပွားရေးလုပ်ငန်းများသည် လုပ်ငန်းလည်ပတ်မှု များကို လျှော့ချ ခဲ့ရပြီး အရောင်းအဝယ် ကုန်သွယ်မှုများလည်း သိသိသာသာ ကျဆင်းသွားပါသည်။ ဝန်ထမ်းအများ အပြားမှာ လည်း မည်မျှကြာမည်မသိနိုင်သည့် အချိန်ကာလအထိ အလုပ်ရပ်ဆိုင်း ခံကြ ရပါသည်။ ကမ္ဘာ့ ကပ် ရောဂါသည် ကမ္ဘာတစ်လွှားတွင် တစ်ကျော့ပြန် ရိုက်ခတ်နေဆဲဖြစ်ရာ အကြီးစား၊ အသေးစား စီးပွားရေး လုပ်ငန်းများမှာ ထိခိုက်မှုများကို ဆက်လက်တောင့်ခံကြရဦးမည်ဖြစ်ပါသည်။  

ကိုဗစ်-၁၉ ကို ရင်ဆိုင်ကျော်လွှားရန်အတွက် စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ လုပ်ငန်း လည်ပတ် မှုများနှင့် စီမံခန့်ခွဲရေးကိစ္စများတွင် “လူနေမှုပုံစံအသစ်” နှင့် လိုက်လျောညီထွေ ရှိအောင် လုပ်ဆောင်နေ ကြပါသည်။ ဥပမာ ဆေးပစ္စည်းကိရိယာများ ပံ့ပိုးခြင်း၊ ဝန်ထမ်းများ၏ အဆင်ပြေ ကျန်းမာရေး ဆောင် ရွက်ပေးခြင်း၊ ထိခိုက်ခံစားကြရသည့် ပြည်သူများကို ကူညီပံ့ပိုးခြင်းတို့ ဖြစ်ပါသည်။ ထိုမျှသာမက စီးပွးရေးလုပ်ငန်းများအဖို့ စီးပွားရေး ကျပ်တည်းခက်ခဲသည့် အခြေအနေအချိန်အခါမျိုးတွင် လူ့အခွင့် အရေးများကို လေးစားကြောင်း လက်တွေ့ပြသရန်လည်း အရေးကြီးပါသည်။ လူသားတန်ဖိုးများအပေါ် ထိခိုက်မှုများ လျော့ပါးအောင် ဆောင်ရွက်ပေးခြင်း သည် အများပြည်သူ၏ ယုံကြည်မှုကို ရေရှည်ထိန်း သိမ်းထားနိုင်ရေးတွင် အရေးပါသော အခြေခံအစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) သည် စီးပွားရေးလုပ်ငန်းများအတွက် ၎င်းတို့၏ လုပ်ငန်းလည် ပတ်ဆောင်ရွက်မှုများ၏ လူ့အခွင့်အရေးအပေါ် သက်ရောက်မှုများကို စဉ်းစားသုံးသပ်၍ စီမံခန့်ခွဲရာတွင် အထောက်အကူဖြစ်စေမည့် ရိုးရှင်း၍ အလွယ်တကူ အသုံးပြုနိုင်သည့် ဆန်းစစ်မှုနည်းလမ်း တစ်ခုဖြစ်သော လူ့အခွင့်အရေးထိခိုက်စေမည့် အကြောင်းများအား ကြိုတင်တားဆီးရန် ဆန်းစစ်မှုနှင့် ကိုဗစ်-၁၉ - စီးပွားရေးလုပ်ငန်းများအတွက် မိမိဖာသာ မြန်ဆန်စွာ ဆန်းစစ်ရန် စစ်ဆေးမှု ကို ဒီဇိုင်းရေးဆွဲပေးခဲ့ပါသည်။ အဆိုပါ မိမိဖာသာ ဆန်းစစ်ရန် စစ်ဆေးမှုနည်းလမ်းတွင် စီးပွားရေးလုပ်ငန်း ကဏ္ဍအများအပြားတွင် အတွေ့ရများသည့် လူ့အခွင့်အရေးဆိုင်ရာ ထိခိုက်နိုင်ခြေအန္တရာယ်များနှင့် သက်ရောက်မှုများကို မြန်မြန်ဆန်ဆန် စဉ်ဆက်မပြတ် ပြန်လည်သုံးသပ်ဆင်ခြင်နိုင်မည့် လုပ်ဆောင် ချက်များ ပါဝင်ပါသည်။ ဤဆန်းစစ်မှုသည် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားလျက်ရှိသည့် အခြေအနေတွင် လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်ချက်များကို တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သော်လည်း အချက်အလက် စုံစုံလင်လင်ဖြင့် ရှုမြင်သုံးသပ်နိုင်မည်ဖြစ်ပါသည်။ 

ဤမိမိဖာသာ ဆန်းစစ်မှုတွင် အောက်ပါအဓိကကျသော အပိုင်းကဏ္ဍများတွင် လုပ်ဆောင်ရမည့် အဓိက လုပ်ငန်းများ သို့မဟုတ် ထည့်သွင်းစဉ်းစားရမည့်အချက်များကို ကိုဗစ်-၁၉ အကျပ် အတည်း ကာလ၏ အဆင့်သုံးဆင့်ဖြစ်သော ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း တို့အတွက် စုစည်း တင်ပြပေးထားပါသည် - လုပ်ငန်းခွင်အန္တရာယ်များ၊ အလုပ်သမားအခွင့်အရေးများ၊ ပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်းအပေါ် သက်ရောက်မှုများ၊ ပုဂ္ဂိုလ်ရေးလွတ်လပ်လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ဝိုင်းဝန်းကဲ့ရဲ့ပြစ်တင်မှုနှင့် ခွဲခြားဆက်ဆံမှုများကို တားဆီး ကာကွယ်ခြင်း၊ ကော်ပိုရိတ်မူဝါဒများနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ထည့်သွင်းစဉ်းစားရန် အချက်များ၊ စသည်တို့ ဖြစ်ပါသည်။ 

လူ့အခွင့်အရေးဆိုင်ရာ မူဝါဒ ချမှတ်ထားခြင်း မရှိသော ကုမ္ပဏီများအတွက် ဤမိမိဖာသာ ဆန်းစစ်မှု နည်းလမ်းသည် လူ့အခွင့်အရေးများအပေါ် ဆိုးကျိုးသက်ရောက်မှုများကို တားဆီးကာကွယ်ရန်၊ လျော့ပါးစေရန်နှင့် ကိုင်တွယ်ဆောင်ရွက်ရန် အများပြည်သူထံ စာဖြင့်ရေးသား ထားသည့် ကတိကဝတ် အား အများပြည်သူရှေ့မှောက်သို့ ထုတ်ပြန်နိုင်မည့် အခြေအနေများကို ဆန်းစစ်ရှာဖွေနိုင်မည့် အခွင့် အလမ်းတစ်ခု ဖြစ်ပါသည်။

ဤကိုဗစ်-၁၉ မိမိဖာသာဆန်းစစ်မှုသည် ဥရောပသမဂ္ဂမှ ရန်ပုံငွေပံ့ပိုးသည့် ကာကွယ်စောင့်ရှောက် ခြင်း၊ လေးစားခြင်းနှင့် ပြန်လည်ကုစားပေးခြင်း မူဘောင် စီမံကိန်း (Protect, Respect and Remedy Framework project) အောက်ရှိ ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိစေခြင်း အစီအစဉ်နှင့် ဆွီဒင်နိုင်ငံ အစိုးရ၏ ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဒေသတွင်း မိတ်ဖက်ပြု ပူးပေါင်း မှုများမှတစ်ဆင့် တာဝန်သိသော စီးပွားရေးလုပ်ငန်း အလေ့အကျင့်များ အားပေးမြှင့်တင်ခြင်း စီမံကိန်း (Promoting Responsible Business Practices through Regional Partnerships project) တို့၏ ပူးပေါင်းဆောင်ရွက်ချက်များမှ ထွက်ပေါ်လာသော ရလဒ် တစ်ခု ဖြစ်ပါသည်။