မြန်မာကုမ္ပဏီများ အတွက် စီးပွားရေးလုပ်ငန်းကျင့်ဝတ်ဖြောင့်မှန်ရေး ဂုဏ်သိက္ခာဆိုင်ရာ လက်စွဲစာအုပ် ပြုစုထုတ်ပြန်နိုင်ရန် UNDP ကူညီ

2020- August 24
မြန်မာ ကုမ္ပဏီ များအတွက်ရည်စူးထုတ်ဝေလိုက်တဲ့ စီးပွားရေးလုပ်ငန်းကျင့်ဝတ်ဖြောင့်မှန်ရေးဂုဏ်သိက္ခာဆိုင်ရာ လက်စွဲစာအုပ်အကြောင်း မိတ်ဆက်ပြောကြားထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဉ် ဒုတိယဌာနေ ကိုယ်စားလှယ် မစ္စဒေါန်းဒယ်လ်ရီယို ရဲ့ ဗီဒီယိုလေးကို ဝေမျှလိုက်ပါတယ်။ ဒီလက်စွဲစာအုပ်မှာ မြန်မာကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းတွေ ကို တာဝန်သိသိနဲ့ ကျင့်ဝတ်တန်ဖိုးတွေကို ထိန်းသိမ်းပြီး ရိုးသားစွာ ဆောင်ရွက်ကြဖို့ တိုက်တွန်းအားပေးထားပြီး လိုအပ်တဲ့ လမ်းညွှန်အကြံပေးချက်တွေကိုလဲ ဖော်ပြထားပါတယ်။ မြန်မာ့ စီးပွားရေးအသိုင်းအဝိုင်းဟာ ကျင့်ဝတ်ဖြောင့်မှန် ပြီး အဂတိလိုက်စားမှုကင်းရှင်းမယ်ဆိုရင် နိုင်ငံတကာ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ အလွန်စိတ်အားထက်သန်လာ ကြမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကုန်သည် ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနတို့နှင့် ပူးပေါင်း၍ မြန်မာကုမ္ပဏီများအတွက် စီးပွားရေးလုပ်ငန်းကျင့်ဝတ် ဖြောင့်မှန်ရေး ဂုဏ်သိက္ခာဆိုင်ရာ လက်စွဲစာအုပ်ကို ပြုစုခဲ့ပါသည်။

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ပြုလုပ်နေပြီး နိုင်ငံတကာအသိုက်အဝန်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများအတွက် တံခါးဖွင့်စီးပွားရေးစနစ်ကို ဆက်လက်ကျင့်သုံးလျက်ရှိပါ သည်။ မြန်မာနိုင်ငံရှိ စီးပွားရေးအသိုင်းအဝိုင်းသည် ကျင့်ဝတ်ဖြောင့်မှန်၍ အဂတိလိုက်စားမှု အလေ့အထများ တွင် ပါဝင်ပတ်သက်ခြင်း ကင်းရှင်းမည်ဆိုပါက နိုင်ငံတကာကုမ္ပဏီများသည် မြန်မာနိုင်ငံနှင့် မိတ်ဖက်ပြု ပူးပေါင်းမှုများကို များစွာ တန်ဖိုးထား ပြုလုပ်လာကြမည်ဖြစ်သည်။

ဤလက်စွဲစာအုပ်သည် မြန်မာကုမ္ပဏီများအတွက် လုပ်ငန်းများကို တာဝန်သိစွာနှင့် ကျင့်ဝတ် တန်ဖိုး များကို ထိန်းသိမ်း၍ ရိုးသားစွာ ဆောင်ရွက်ကြရန် တိုက်တွန်းအားပေးပြီး လိုအပ်သည့် အကြံပေး လမ်းညွှန်ချက်များကို ဖော်ပြထားပါသည်။ စီးပွားရေးလုပ်ငန်းများကို တာဝန်ယူမှုရှိစွာ လုပ် ဆောင်ခြင်း ဖြင့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တန်ဖိုးများကို အခြေခံသည့် မြန်မာ နိုင်ငံ၏ ရေရှည် အကျိုးစီးပွားအတွက် များစွာ အကျိုးပြုနိုင်မည် ဖြစ်ပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က “ဤလက်စွဲစာအုပ်သည် ကုမ္ပဏီများအတွက် တာဝန်သိစွာ ဆောင်ရွက်ရေး၊ ပြည်သူများနှင့်လည်းကောင်း၊ အစိုးရနှင့်လည်းကောင်း တူညီသော တန်ဖိုးများကို ထားရှိစောင့်ထိန်းနိုင်ရေး အားပေးလှုံ့ဆော်နိုင်ပြီး မိမိတို့အားလုံး အရောက်သွားလို သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပန်းတိုင်ကို လှမ်းကိုင်နိုင်စေရန် အထောက်အကူပြုမည် ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ 

UNDP အနေဖြင့် အဂတိလိုက်စားမှု၏ အခန်းကဏ္ဍနှင့် ဆင်းရဲနွမ်းပါးမှုနှင့် ဆက်နွှယ်ချိတ်ဆက် နေပုံကို ကောင်းစွာ နားလည်သိရှိထားပါသည်။ UNDP ဌာနေရုံးတာဝန်ခံ/ ဒုတိယဌာနေကိုယ်စား လှယ်ဖြစ်သူ မစ္စဒေါန်းဒယ်လ်ရီယိုက “အဂတိလိုက်စားမှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲ နွမ်းပါးမှု၊ တန်းတူညီမျှမရှိမှု၊ အုပ်ချုပ်ရေးလုပ်ငန်းစဉ်၊ ကျားမတန်းတူညီမျှမရှိမှုနှင့် သဘာဝ ပတ်ဝန်းကျင်တို့ အပေါ်တွင် ပြင်းထန်သည့် သက်ရောက်မှုများ ရှိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် ကဏ္ဍစုံနှင့်သက်ဆိုင်သည့် လူသားဖွံ့ဖြိုးမှုကိစ္စရပ်တစ်ခု ဖြစ်ပြီး ဘက်စုံထောင့် စုံမှ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း” ရှင်းပြပါသည်။ စီးပွားရေးလုပ်ငန်းများ သည် အဂတိလိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းရန် ဆောင်ရွက်သည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း များတွင် ပွင့်လင်းမြင်သာမှု ရှိရေးနှင့် အကြံပြုဆွေးနွေး တိုက်တွန်းပေးနိုင်ရေးတို့တွင် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဟု UNDP မှ အခိုင်အမာ ယုံကြည်ထားပါသည်။ 

ဤလက်စွဲစာအုပ် ပြုစုခြင်းသည် Fairbiz Project ၏ တစိတ်တပိုင်းဖြစ်ပြီး   ယူနိုက်တက် ကင်းဒမ်း နိုင်ငံအစိုးရ၏ သာယာဝပြောရေးရန်ပုံငွေ၊ အာဆီယံဒေသစီးပွားရေး ပြုပြင်ပြောင်းလဲရေး အစီအစဉ်က အကူအညီပေးခဲ့ပါသည်။

ဗီဒီယိုကို ကြည့်ရှုရန်…..