လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ COVID-19 အသိ<br/>ပညာပေး လုပ်ငန်းဆောင်ရွက်မှုအတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်မှ<br/>ပါဝင်ဆောင်ရွက်

2020- June 16

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ COVID-19 အသိ
ပညာပေး လုပ်ငန်းဆောင်ရွက်မှုအတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်မှ
ပါဝင်ဆောင်ရွက်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဥ်မှ​ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၏ COVID-19 အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် လော်စပီကာ နှင့် ဆက်စပ် ပစ္စည်း အစုံ (၁၀၀) ကူညီထောက်ပံ့ ပေးခဲ့ပြီး COIVD-19 ကပ်ရောဂါတုန့်ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်  ဆက်လက် ကူညီ​ပံ့ပိုးလျှက်ရှိပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု အသိပညာမြှင့်တင်ရေး လုပ်ငန်းများကို အဓိက ဦးစားပေးလုပ်ငန်း အဖြစ် ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုကို COVID-19  ရောဂါ နှင့် ပတ်သက်၍ အမြဲတစေ နှိုးဆော်လျက်ရှိကာ ပြည်သူလူထု၏  ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည်လည်း အရေးပါသော အချက်ဖြစ်ပါသည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဥ်အနေဖြင့် COVID-19  ရောဂါအသိပညာပေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အားဖြည့် လုပ်ဆောင်နိုင်ရန် မြန်မာအစိုးရထံသို့ လော်စပီကာ နှင့် ဆက်စပ် ပစ္စည်း အစုံ (၁၀၀) ကို  ထောက်ပံ့ကူညီခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ထံသို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဥ်မှ ကိုယ်စားလှယ် ဒေါ်လတ်လတ်အေးက ၂၀၂၀ ပြည့်နှစ် ဇွန်လ (၁၅) ရက်နေ့တွင် ၎င်းပစ္စည်းများ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ COVID-19  လုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဥ်၏ ပူးပေါင်းပါဝင်မှုအား ကျေးဇူတင်စကားပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ ကာကွယ် တာဆီးရေးလုပ်ငန်းများလုပ်ဆောင်ရာ၌ အဓိကကျသော သတင်းအချက်အလက်များကို ယာယီခိုလှုံရာ စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများရှိ နေရပ်စွန့်ခွာသူများ အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူအားလုံး ထံ ရောက်ရှိရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ပံ့ပိုးထားသည့် ပစ္စည်းများအား အသိပညာပေး လုပ်ငန်းများတွင် သာမက သဘာဝဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းများတွင်ပါ အသုံးပြုသွားမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးများသို့ ဖြန့်ခွဲကာ အကျိုးရှိရှိ အသုံးချသွား မည်ဖြစ်ကြောင်း  ပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဥ်မှ  ဒုတိယဌာနေကိုယ်စားလှယ် Ms. Dawn Del Rio က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တို့နှင့် အချိန်ကြာမြင့်စွာ ပူးပေါင်းဆောင်ရွက်လာခဲ့မှုအား အသိအမှတ် ပြုလိုပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်မှုဖြင့် COVID-19 ကာကွယ်တားဆီးရေး လုပ်ငန်းများ ထိရောက်စွာ လုပ်ဆောင်နေမှုအား ကျေးဇူး အထူးတင်ရှိပါကြောင်း၊ ယာယီခိုလှုံရာစခန်းများနှင့် တိုက်ပွဲရှောင်စခန်းများရှိ နေရပ်စွန့်ခွာသူများ အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူအားလုံးအတွက် ဝန်ကြီးဌာန၏ အဓိကလုပ်ဆောင်လျက်ရှိသော COVID-19 ရောဂါ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုရန် အသံချဲ့စက်များ ထောက်ပံ့ရသည်ကို အလွန် ဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဥ် အနေဖြင့် COVID-19 ရောဂါ တုန့်ပြန် ကာကွယ်ရေးလုပ်ငန်းများတွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ ပြည်သူလူထု တို့နှင့် အတူတကွ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။