ပဲခူးတိုင်းဒေသကြီး၌ အကျင့်ပျက်ခြစားမှုဆိုင်ရာ အသိအမြင်ဖွင့်ရေး အခမ်းအနားကျင်းပ

2019- January 18

ဓါတ်ပုံ - UNDP မြန်မာ


တာဝန်သိသော အုပ်ချုပ်ရေးနှင့် စီးပွါးရေးလုပ်ငန်း’ ဝိုင်းဝန်းအကြံပြုဆွေးနွေးပွဲကို ပဲခူးမြို့ မြို့တော်ခန်းမတွင် ၂၀၁၉ ဇန်နဝါရီ ၁၇ ရက်က ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များ ၊ လွှတ်တော်အဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ UNDP ကိုယ်စားပြု တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဤဆွေးနွေးပွဲကို UNDP မြန်မာထံမှ နည်းပညာအကူအညီ ၊ ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယ ရုံးထံမှ ဘဏ္ဍာငွေအကူအညီဖြင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကော်မရှင်တို့က ပူးတွဲစီစဉ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် “ကောင်းမွန်တဲ့အုပ်ချုပ်ရေးဖြစ်လာစေဖို့ စိတ်ပိုင်းဖြတ်လုပ်ဆောင်ကြရာမှာ ပြည်သူလူထုရဲ့ ယုံကြည်မှုအပြည့်အဝရတဲ့ အစိုးရအုပ်ချုပ်ရေးတရပ်ဖြစ်လာစေမဲ့ အပြောင်းအလဲတွေကို လူတိုင်းဖန်တီးကြဖို့ လိုအပ်ပါတယ်။ ပဲခူးတိုင်းဒေသကြီးအစိုးရအနေနဲ့ ကန့်ကွက်တိုင်ကြားလွှာပေါင်း ၁၂၉ စောင် လက်ခံရရှိခဲ့ရာမှာ ၈၅ မှုကို ဖြေရှင်းပေးခဲ့ပြီးဖြစ်ပါတယ်။ အကျင့်ပျက်ခြစားမှုကို ဆန့်ကျင် တိုက်ဖျက်ရာမှာ လက်ဦးမှုယူတဲ့နည်းလမ်းများက အရေးကြီးပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကား၌ ထည့်သွင်းပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ လူဦးရေ ၅၀၀ ကျော်တက်ရောက်ခဲ့ရာတွင် ပုဂ္ဂလိကကဏ္ဍစီးပွါးရေးလုပ်ငန်းများ ၊ အလတ်စားနှင့်အသေးစားလုပ်ငန်းများ ၊ မီဒီယာများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း ပေါင်းစုံပါဝင်သည်။ ဆွေးနွေးပွဲခေါင်းစဉ်များမှာ စီးပွါးရေးလုပ်ငန်း သမာသမတ်ရှိမှု ၊ ကော်ပိုရိတ်လူမှုရေးတာဝန်ယူသိတတ်မှု ၊ တာဝန်သိသောအုပ်ချုပ်ရေး ၊ အကျင့်ပျက်ခြစားမှု ကာကွယ်တားဆီးရေး၌ မီဒီယာများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍတို့ ဖြစ်ကြသည်။

အခမ်းအနား၌ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က “အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးမှာ အစိုးရနှင့် စီးပွါးရေးလုပ်ငန်းကဏ္ဍများအနေနဲ့ ၎င်းတို့ရဲ့ တာဝန်ဝတ္တရားတွေကို တိုးမြှင့်ကြမယ်ဆိုရင်ဖြင့် ကျတော်တို့တိုင်းပြည်က အကျင့်ပျက်ခြစားမှုဖြစ်ရပ်တွေ လျော့နည်းသွားမယ်လို့ ကော်မရှင်က ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့သည်။

သမာဓိနှင့်အဂတိတရားဆိုင်ရာ အသိအမြင်ဖွင့်ပေးရန်အတွက် နှီးနှောဖလှယ်ဆွေးနွေးပွဲ နှင့် ပညာပေး လုပ်ငန်း အစီအစဉ်စီးရီးတွဲကို မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးတို့တွင် ကော်မရှင်က UNDP ၊ ဗြိတိန်နိုင်ငံတို့နှင့် လက်တွဲဆောင်ရွက်လျက်ရှိသည်။

စီမံချက်နှင့်စပ်လျဉ်းသမျှ

တာဝန်ယူတာဝန်ခံမှုနှင့် တရားဥပဒေစိုးမိုးရေးအား အားကောင်းခိုင်မာစေခြင်း (SARL)
တာဝန်ယူတာဝန်ခံမှု ၊ တရားဥပဒေအစောင့်အရှောက်ရရှိခြင်းနှင့် တရားဥပဒေစိုးမိုးရေးစနစ်များအား အားကောင်းခိုင်မာစေခြင်းဖြင့် ‘အားလုံးတန်းတူအကျုံးဝင်သော အလျဉ်မပြတ်ဖွံ့ဖြိုးတိုးတက်မှု’ မျှော်မှန်းချက်ရရှိစေရေးအတွက် မြန်မာနိုင်ငံအစိုးရအား ကူညီပေးရန် SARL စီမံချက်က ရည်မှန်းထား သည်။ ထိုသို့ဖြစ်မြောက်စေရန် အစိုးရမဏ္ဍိုင် ၃ ရပ်စလုံး၏ အလွှာတိုင်း၌ SARL က လုပ်ဆောင်သွားမည် ဖြစ်သည်။