မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးများ - ရှေ့ဆက်လျှောက်လှမ်းရမည့် လမ်း

2018- October 1

ဓာတ်ပုံ - ယမုံဖူးသစ်/UNDP မြန်မာ

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် UNDP သည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုအတွက် လမ်းပြမြေပုံတစ်ခုအဖြစ် UN ၏ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးများဆိုင်ရာ လမ်းညွှန် စည်းမျဉ်းများကို မိတ်ဆက်ပေးခြင်း။

လွန်ခဲ့သည့် ရက်သတ္တပတ်က အစိုးရအရာရှိများ၊ ပုဂ္ဂလိကကဏ္ဍမှ ခေါင်းဆောင်များနှင့် ကျွမ်းကျင်ပညာရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များသည် နေပြည်တော်တွင် စုဝေးကာ မြန်မာပြည်သူများ အားလုံးအတွက် ပိုမို ဝပြောစည်ပင်၍ အားလုံးပါဝင်နိုင် သော စီးပွားရေးကဏ္ဍကြီး ပေါ်ထွန်းလာရေး အတွက် UN ၏ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးများဆိုင်ရာ လမ်းညွှန် စည်းမျဉ်းများက မည်သို့ အထောက်အကူပြုမည်ဆိုသည်ကို ဆန်းစစ်လေ့လာခဲ့ကြပါသည်။ စီးပွားရေး လုပ်ငန်းနှင့် လူ့အခွင့်အရေးများဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲအား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHCR) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့က သြစတြေးလျနိုင်ငံနှင့် ယူကေနိုင်ငံ အစိုးရများ၏ ပံ့ပိုးမှုဖြင့် ကျင်းပခဲ့ပါသည်။

၂၀၁၁ခုနှစ်တွင် UN ၏ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးများဆိုင်ရာ လမ်းညွှန်စည်းမျဉ်းများ ကို လူ့အခွင့်အရေး ကောင်စီမှ တညီတညွတ်တည်း အတည်ပြုခဲ့ပြီး ထိုစည်းမျဉ်းများသည် စီးပွားရေး လုပ်ဆောင်ချက်များမှ လူ့အခွင့်အရေး များအပေါ် ဆိုးကျိုးသက်ရောက်မှုများကို တားဆီး ကာကွယ်ရန်နှင့် ကိုင်တွယ်ဖြေရှင်းရန်အတွက် နိုင်ငံများနှင့် စီးပွားရေး လုပ်ငန်းများမှ လိုက်နာရမည့် စံတစ်ခုပင် ဖြစ်ပါသည်။ 

ဓာတ်ပုံ - ယမုံဖူးသစ်/UNDP မြန်မာ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်မိန့်ခွန်းတွင် UN ၏ ဤလမ်းညွှန်စည်းမျဉ်း များသည် စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးများအတွက် အခြေခံတစ်ခု ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ သည် လူ့အခွင့်အရေးကို လေးစားသင့်ပြီး စီးပွားရေး လုပ်ငန်းများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူ ဆောင်ရွက်နိုင်ရန်နှင့် ချိုးဖောက်ခြင်း မခံရအောင် ကာကွယ်စောင့်ရှောက်ပေးရန် မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်ပေးရန်မှာ နိုင်ငံတော်၏ တာဝန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဥက္ကဋ္ဌက မကြာသေးမီက အစိုးရ၏ ဆောင်ရွက် ချက်အချို့ကို ရည်ညွှန်းကာ သိမ်းဆည်းထားသောမြေများကို မူလတောင်သူများထံ ပြန်လည်ပေးရန် လိုအပ်ကြောင်းနှင့် လမ်းညွှန်စည်းမျဉ်းများနှင့်အညီ အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန် အရေးကြီးကြောင်း ကို အထူးအလေးထား ပြောကြားသွားပါသည်။ 

UNDP ၏ ဌာနေညွှန်ကြားရေးမှူး Mr. Peter Batchelor က မြန်မာနိုင်ငံတွင် UN၏ လမ်းညွှန်စည်းမျဉ်းများ အသက် ဝင်လာစေရန် ဆွေးနွေးဖလှယ်မှုတစ်ခု စတင်ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ထိုစည်းမျဉ်းများကို ကနေ့ အစိုးရအဆင့်များ အားလုံးရှိ မူဝါဒချမှတ်သူများအား မိတ်ဆက်ပေးရန် ဖြစ်ပါကြောင်း၊ အဆိုပါ စည်းမျဉ်းများသည် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအတွက် အခြေခံကျသော စည်းမျဉ်းများဖြစ်ပြီး ထိုစီမံကိန်းအား ရေးဆွဲစဉ်က စီးပွားရေးလုပ်ငန်းများနှင့်လူ့အခွင့်အရေးများ ကိစ္စကို ထည့်သွင်းစဉ်းစားရေးဆွဲထားသည်ဟူသော အချက်ကို သတိပြုထိုက်ပါကြောင်း ပြောကြားသွားပါသည်။  

လူ့အခွင့်အရေးများနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု  

ဓာတ်ပုံ - ယမုံဖူးသစ်/UNDP မြန်မာ


Mr. Peter Batchelor က ဆက်လက်ပြောကြားရာတွင် မြန်မာနိုင်ငံတွင်သာမက နိုင်ငံများအားလုံးတွင် ပိုမိုကျယ်ပြန့် သော လူ့အခွင့်အရေးများနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကြီးအတွင်း ပုဂ္ဂလိကကဏ္ဍသည် အရေးကြီး သော အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ မြန်မာနိုင်ငံသည် စျေးကွက်စီးပွားရေးစနစ်သို့ ဆက်လက်အသွင်ကူးပြောင်း လျက်ရှိသည်နှင့်အမျှ ဒေသတွင်းတွင်ရော၊ နိုင်ငံတကာနှင့်ပါ ဆက်သွယ်ချိတ်ဆက်မှုများ တိုးတက်ဖြစ်ပေါ်နေပါကြောင်း၊ ဤအခြေအနေတွင် လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးခြင်းနှင့် လေးစားခြင်းဟူသည့် အခြေခံအုတ်မြစ် ပေါ်တွင် မြန်မာပြည်သူများအားလုံး၏ အကျိုးစီးပွားကို သယ်ပိုးပေးနိုင်သော ဝပြောစည်ပင်၍ အားလုံးပါဝင်နိုင်သော စီးပွားရေးကဏ္ဍကြီးအား တည်ဆောက်သွားပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့အခွင့်အရေးများသည် ဒွန်တွဲနေပြီး တစ်ခုမရှိလျှင် အခြားတစ်ခု မရရှိနိုင်သည်မှာ ထင်ရှားပါကြောင်း၊ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း မရှိသည့် ဖွံ့ဖြိုးတိုးတက်မှုသည် ရေရှည်တည်တံ့ခိုင်မြဲနိုင်မည် မဟုတ်ပါကြောင်း ပြောကြားခဲ့ပါသည်။

မျှဝေထမ်းဆောင်ရမည့် တာဝန်တစ်ခု - ကာကွယ်စောင့်ရှောက်ရန်၊ လေးစားလိုက်နာရန်နှင့် ပြန်လည်ကုစားပေးရန်

UN ၏ လမ်းညွှန်စည်းမျဉ်းများသည် ကာကွယ်စောင့်ရှောက်ပေးခြင်း၊ လေးစားလိုက်နာခြင်းနှင့် ပြန်လည်ကုစားပေးခြင်း ဟူသည့် ထောက်တိုင်သုံးခုပေါ်တွင် အခြေပြုထားပါသည်။ “ကာကွယ်စောင့်ရှောက်ခြင်း” ဟူသည် နိုင်ငံတော်အစိုးရ၏ တာဝန်ဖြစ်ပြီး တာဝန်သိ၍ ကျင့်ဝတ်နှင့်ညီသော ရင်းနှီးမြှုပ်နှံမှုကို အားပေးရန်နှင့် အခွင့်အရေးချိုးဖောက်မှုများ ရှိပါက စုံစမ်းစစ်ဆေးရန် စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေမူဘောင်တစ်ခု ချမှတ်ပေးခြင်းဖြင့် အခွင့်အရေးများကို ချိုးဖောက်ခြင်း မရှိစေအောင် ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်သည်။ “လေးစားလိုက်နာခြင်း” ဟူသည် စီးပွားရေးလုပ်ငန်းများ၏ တာဝန်ဖြစ်ပြီး အခြားသူများ၏ အခွင့်အရေးများကို ချိုးဖောက်ခြင်း မပြုဘဲ မိမိတို့လုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသည့် မည်သည့်ဆိုးကျိုးသက်ရောက်မှုကိုမဆို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။ နောက်ဆုံးထောက်တိုင်ဖြစ်သည့် “ပြန်လည် ကုစားပေးခြင်း” ကိုမူ စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ချိုးဖောက်မှုများကို ခံခဲ့ရသူများအတွက် တရားရေး၊ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး နည်းလမ်းများဖြင့် ဆောင်ရွက်ပေးသင့်ပါသည်။  

တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာပြည်သူများအားလုံး၏ အခွင့်အရေးများကို ခိုင်မာအားကောင်းအောင် ထောက်ပံ့ပေးနိုင်သည့် အားလုံးပါဝင်နိုင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေနိုင်သောကြောင့် ဤအစည်းအဝေး သည် အကြီးတန်းအစိုးရအရာရှိများအား ၎င်းတို့၏ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန်နှင့် ပုဂ္ဂလိက ကဏ္ဍအား လူ့အခွင့်အရေးများကို လေးစားလာအောင် အားပေးရန် တာဝန်များအား မိတ်ဆက်ပေးရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်ပါသည်။

အမှန်စင်စစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၆) သည် “နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအလို့ငှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်” ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှု မူဝါဒတွင်လည်း “ပြည်တွင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ဆောင်မှုဆိုင်ရာ အခြေခံစည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ပြီး ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတဆိုင်ရာ ကိစ္စရပ်များကို တန်းတူညီမျှ ခွဲခြားခြင်းမရှိဘဲ အစဉ်အမြဲ လိုက်နာရန်လည်း ပါဝင်သည်” ဟု ပြဋ္ဌာန်းထားပါသည်။

လူ့အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု - SDG ပန်းတိုင်များကို လက်တွေ့ အကောင်အထည်ဖော်ခြင်း  

ဓာတ်ပုံ - ယမုံဖူးသစ်/UNDP မြန်မာ

လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များအားလုံးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၃၀ လုပ်ငန်းစဉ်တို့တွင် အခိုင်အမာ ပါရှိနေပါသည်။ မြန်မာနိုင်ငံအစိုးရသည် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုးသားအဆင့် စီမံကိန်းအတွက် ပြင်ဆင်ဆောင် ရွက်နေသည့်အားလျော်စွာ အစည်းအဝေးတက်ရောက်လာသူများက စီးပွားရေးလုပ်ငန်းများအတွက် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ကာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ပါဝင်ကူညီပေးချင် လာအောင် ဆွဲဆောင်အားပေး နိုင်မည့် အခွင့်အလမ်းအများအပြား ရှိနေသည်ကို သတိပြုမိကြပါသည်။ မစ္စတာဘတ်ချ်လာက မကြာခဏဆိုသလို လူ့ အခွင့်အရေးများ လေးစားခြင်းအား လိုက်နာရမည့် ကိစ္စတစ်ခု၊ စွန့်စားရမည့်အရာများကို စီမံခန့်ခွဲမှုတစ်ခုအဖြစ်သာ ရှုမြင် လေ့ရှိကြကြောင်း၊ UN ၏ လမ်းညွှန်စည်းမျဉ်းများသည် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လူ့အခွင့်အရေးများ အား လေးစားခြင်းအား မဖြစ်မနေပါဝင်ရမည့် အစိတ်အပိုင်းတစ်ခု ဖြစ်စေရန် ရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ ယင်းသည် လုပ်ပြီးလျှင် ပြီးသွားသည့် အရာတစ်ခုမျှသာ မဟုတ်ကြောင်း၊ စီးပွားရေးလုပ်ရာတွင် လူ့အခွင့်အရေးများကို လေးစားခြင်း သည် စာရင်းစစ်ခြင်းများ၊ ရှောင်တခင်စစ်ဆေးခြင်းများကို ကျော်ဖြတ်နိုင်ရန် လိုက်နာရမည့်အရာတစ်ခုသက်သက်မျှ မဟုတ်ဘဲ စွမ်းရည်မြှင့်တင်မှု၊ ဆန်းသစ်တီထွင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ခေါင်းဆောင်မှုတို့ လိုအပ်ကြောင်း ရှင်းပြပါ သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ဆွေးနွေးဖလှယ်ပွဲနှင့်ပတ်သက်၍ စိတ်ကျေနပ်မှုရှိ ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ယခုအစည်းအဝေးသည် ပထမခြေလှမ်းသာဖြစ်ပြီး ဝန်ကြီးဌာနများမှ အကြီးတန်းအစိုးရ ကိုယ်စားလှယ်များနှင့် ၎င်းတို့ကို အပ်နှင်းထားသော လုပ်ပိုင်ခွင့်တာဝန်များအရ ‘ကာကွယ်စောင့်ရှောက်ရန် တာဝန်’ ဟူသည် မည်သည့်အဓိပ္ပါယ် ဆောင်ကြောင်း ဆက်လက်ဆွေးနွေးသွားရမည်ဖြစ်ပြီး ထိုတာဝန်များထဲတွင် တည်ဆဲနှင့် အသစ်ရေးဆွဲမည့် စည်းမျဉ်းဥပဒေများအားလုံးတွင် လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ ထည့်သွင်းစဉ်းစားသွားရန်လည်း ပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် UN ၏ လမ်းညွှန်စည်းမျဉ်းများနှင့်စပ်လျဉ်းသည့် ရှေ့လုပ်ငန်းစဉ်များ အကြောင်း ထုတ်ပြန်ချက်တစ်ရပ်ကို သဘောတူချမှတ်ကာ ဆွေးနွေးဖလှယ်ပွဲအား ပိတ်သိမ်းခဲ့ပါသည်။

 ထပ်မံသိလိုသည်များ ရှိပါက ဆက်သွယ်ရန် -