မြန်မာနိုင်ငံအပူပိုင်းဒေသတွင် ရိတ်သိမ်းချိန်လွန်ကာလ အလေ့အကျင့်များအား မြှင့်တင်ပြောင်းလဲခြင်းဖြင့် စားနပ်ရိက္ခာဖူလုံရေးကိုမြှင့်တင်

2018- June 6

မျိုးစေ့များထိန်းသိမ်ရန်အသုံးပြုသည့် သတ္တု silo များ။ ဓာတ်ပုံ - Adaptation Fund / UNDP

အကျိုးခံစားခွင့်ရှိသူနှင့် အသုံးပြုသူအုပ်စုဝင် ဒေါ်သက်ခိုင်ဝင်းအခမ်းအနားတွင်စကားပြောစဉ်။ ဓာတ်ပုံ - Adaptation Fund / UNDP

မန္တလေးမြို့၊ ၂၀၁၈ခုနှစ် ဇွန်လ ၆ရက် - လယ်ယာစိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် UNDP တို့သည် ဇွန်လ ၆ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ဘိုးတော်တောကျေးရွာရှိ လယ်သမားအုပ်စုအား မျိုးစေ့သိုလှောင်ရုံတစ်ခု လွှဲပြောင်းပေးအပ်ခဲ့သည်။ အရည်အသွေးကောင်းသည့် မျိုးစေ့များ ရရှိနိုင်မှုအား မြှင့်တင်ရန် ရိတ်သိမ်းချိန်လွန်ဆုံးရှုံးမှုများ လျှော့ချပေးနိုင်ပြီး  နိုင်ငံတွင်း အလွယ်တကူ ရရှိနိုင်သည့် နည်းပညာများ ထောက်ပံ့ပေးခဲ့ခြင်းဖြင့် မြန်မာနိုင်ငံရှိ အပူပိုင်းဒေသများတွင် စားနပ်ရိက္ခာဖူလုံမှု တိုးပွားစေခဲ့ပါသည်။

သိုလှောင်ရုံသည် မြင့်မားသော သိုလှောင်ခန်း နှင့်သတ္တု silo (၁၄) ခုပါဝင်ပြီး silo တစ်ခု၏ အလေးချိန်မှာ ၃၅၀ ကီလိုဂရမ်ရှိပါသည်။ သတ္တု silo များသည် နှစ်ထပ်အလွှာရှိသော ဆလင်ဒါပုံစံများဖြစ်ပြီး ဆလင်ဒါ၏အလွှာနှစ်ခုကြားတွင် သဲများထည့်အသုံးပြုထားပါသည်။ သဲသည် Silo များအတွင်းရှိ ပတ်ဝန်းကျင် အပူချိန်နှင့် အစိုဓာတ်များအား ထိန်းသိမ်းရန်ကူညီပေးပြီး  အင်းဆက်ပိုးမွှားများ၊ ငှက်များနှင့် ကြွက်များကြောင့် ကောက်ပဲသီးနှံများ ပျက်စီးစေခြင်းမှ ကာကွယ်ပေးပါသည်။ အစဉ်အလာအရ၊ အပူပိုင်းဒေသရှိ လယ်သမားများသည် အပင်များနှင့် မျိုးစေ့များအား ပိုးမွားများ၊ ငှက်များ နှင့် ကြွက်များမှ အလွယ်တကူ ဖျက်စီးနိုင်သည့် ဝါးတောင်းများ သို့မဟုတ် ဆန်အိတ်များ (ဂုန်နီ သို့မဟုတ် polyethylene နှင့်ပြုလုပ်ထားသည်) ဖြင့် သိုလှောင်ထားတတ်ကြပါသည်။

UNDP မှ ပြုလုပ်သည့် လေ့လာမှုတစ်ခုအရ မြန်မာနိုင်ငံအပူပိုင်းဒေသရှိ ရိတ်သိမ်းချိန်လွန်ဆုံးရှုံးမှုသည် ၂၀% အထိ မြင့်တက်နေပြီး ဆုံးရှုံးမှုများသည် ရိတ်သိမ်းပြီး ကိုင်တွယ် ရွှေ့ပြောင်းသည့်ကာလများနှင့် သိုလှောင်သည့် ကာလများတွင် အဓိကဖြစ်ပေါ်လေ့ရှိပါသည်။ ရလဒ်အနေဖြင့်လယ်သမားများသည် နောက်ရာသီအတွက် အရည်အသွေးကောင်းမျိုးစေ့များ ထိန်းသိမ်းနိုင်စွမ်းမရှိခြင်းများ ဖြစ်ပေါ်နေပြီး ဤပြဿနာသည် အပူပိုင်းဒေသရှိ တောင်သူလယ်သမားများ၏ စားနပ်ရိက္ခာဖူလုံမှုအပေါ်တွင် ကြီးမားစွာသက်ရောက်မှုရှိပါသည်။

“မျိုးစေ့သည် လယ်ယာလုပ်ငန်းအတွက် အဓိကသွင်းအားစုတစ်ခုဖြစ်ပါသည်။ သိုလှောင်ရုံသည် ဆုံးရှုံးမှုများကိုလျှော့ချရန်နှင့် လာမည့်ရာသီအတွက် မျိုးစေ့များထိန်းသိမ်းရန် ကူညီပေးခဲ့သည့် အတွက် ကျွန်မတို့ အလွန်ကျေနပ်မိပါသည်” ဟုအသုံးပြုသူအုပ်စုဝင် ဒေါ်သက်ခိုင်ဝင်းက ပြောကြားခဲ့ပါသည်။

သိုလှောင်ရုံရှိခြင်းအားဖြင့် ဘိုးတော်တောကျေးရွာမှ ယခင်လယ်အမားဦးရေထက် လယ်သမား (၃၇) ဦးအပို အကျိုးခံစားခွင့်ရစေပါသည်။ ယေဘူယျအားဖြင့် ဤစီမံကိန်းသည် မြို့နယ် (၅) မြို့နယ်ရှိ အိမ်ထောင်စု (၈၉၅) စု(အမျိုးသား ဦးဆောင်သည့် အိမ်ထောင်စု ၇၆၈ စု နှင့် အမျိုးသမီး ဦးဆောင်သည့် အိမ်ထောင်စု ၁၄၇ စု) တို့အား အကျိုးအမြတ်ရှိစေသည့် သိုလှောင်ရုံ ၃၆ ခုအား ထောက်ပံ့ပေးနေ ပါသည်။

လယ်ယာစိုက်ပျိုးရေးဌာနမှ ဒေါ်မေကြွယ်ဝင်းသည် “လယ်သမားတွေဟာ ယခုဆို အရည်အသွေး ကောင်းတဲ့ မျိုးစေ့တွေကို ရရှိနိုင်ပါပြီ။ စိုက်ပျိုးရေးဌာနက ဒီနည်းပညာကို မြို့နယ်အတွင်းရှိ အခြားကျေးရွာများကို ဖြန့်ဝေဖို့ကတိပြုထားပါတယ်။” ဟုပြောကြားခဲ့ပါသည်။

သိုလှောင်ရုံအား “အပူပိုင်းဒေသရှိ ရာသီဥတုပြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်လာသည့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ ပြဿနာများအား ကိုင်တွယ်ဖြေရှင်းခြင်း” ဆိုသည့် စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပံ့ပိုးပေးခံရခြင်းဖြစ်ပါသည်။ စီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွှေဘိုနှင့်မုံရွာ၊  မန္တလေးတိုင်းမှ မြင်းခြံနှင့်ညောင်ဦး နှင့်မကွေးတိုင်းရှိ ချောက်တို့ ပါဝင်သည့် မြို့နယ်ငါးခုတွင် နေထိုင်နေသော လူဦးရေ ၂၅၀,၀၀၀ ကျော်အား အကျိုးရှိစေရန် ရည်ရွယ်ပါသည်။

လေးနှစ်ကြာစီမံကိန်းအတွက် Adaptation Fund မှ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၇.၉ သန်း တန်ဖိုးရှိ ရန်ပုံငွေများကို ပထမဆုံးအကြိမ် ရရှိခဲ့ပြီးနောက် UNDP သည် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန (MONREC) နှင့် အထူးသဖြင့် မန္တလေးတွင်တည်ရှိသည့်  အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတို့ဖြင့် ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။ စီမံကိန်းအား ၂၀၁၅ ခုနှစ်တွင်စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အပြီးသတ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

“မိုးခေါင်သည့်အချိန် သို့မဟုတ် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် အလွန်အရေးပါသည့် အစားအစာများအား သိုလှောင်ထားနိုင်ရန်နှင့် ဒေသအဆင့်တွင် စျေးနှုန်းတည်ငြိမ်မှုရှိစေရန် လုံခြုံမှုရှိသည့် သိုလှောင်ရုံများသည် မရှိမဖြစ်လိုအပ်ပါသည်။ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန်လွန် ကာလများတွင် ကြံတွေ့ရတတ်သည့် ရာသီဥတုအခြေအနေများ (ဥပမာ - မိုးသည်းထန်စွာ ရွာသွန်းခြင်း)၊ သိုလှောင်မှုစနစ်များ မကောင်းမွန်ခြင်း၊ အလုပ်သမားရှားပါးခြင်း နှင့် အချိန်မီအလုပ်သမားများ မရရှိနိုင်ခြင်း ဆိုသည့် ပြဿနာတို့ကြောင့် ရိတ်သိမ်းထားသောစပါးများ ပျက်စီးဆုံးရှုံးရခြင်းများကို ဖြစ်ပေါ်စေပါသည်။ အပူပိုင်းဒေသမှ တောင်သူလယ်သမားများသည် ဤရှေ့ပြေးစမ်းသပ်မှုမှ အကျိုးကျေးဇူးများခံစားနေရမှန်းသိရတော့ ကျွန်မဝမ်းသာပါတယ်” ဟု UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ ဌာနေကိုယ်စားလှယ် Dawn Del Rio ကပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအပူပိုင်းဒေသများရှိ လူထုများသည် ဤစီမံကိန်း၏ လုပ်ဆောင်မှုများဖြစ်သည့် ရေဝေရေလဲဒသကာကွယ်ခြင်းဖြစ်သည့် မြေဆီလွှာနှင့်ရေအရင်းအမြစ် စီမံခန့်ခွဲရေးမှအစ၊ ရာသီဥတုဒဏ်ခံနိုင်သည့် လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးအလေ့အကျင့်များနှင့် ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဒဏ်များအား ကြံကြံခံနိုင်ရန်အတွက် ရာသီဥတု အန္တရာယ်သတင်းအချက်အလက်စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ဆောင်ပေးမှုများအဆုံး စီမံကိန်း၏ အကျိုးကျေးဇူးများအား လက်တွေ့ခံစားနေကြပါသည်။