ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုဖြင့် SDG ပန်းတိုင်များ ပြည့်မြောက်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အူရီဒူးမြန်မာနှင့် UNDP တို့ပူးပေါင်း၍ Hackathon အား ကျင်းပ

2018- November 15

ရန်ကုန်၊ မြန်မာ - မိတ်ဖက်များအဖြစ် ပူးပေါင်းဆောင်ရွက်ရန် နှစ်နှစ်တာနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက်တွင် အူရီဒူးမြန်မာနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့သည် ပထမဆုံးသော Hackathonအား ရန်ကုန်မြို့ရှိ အူရီးဒူးရုံးချုပ်နှင့် မန္တလေးမြို့ရှိ ရုံးခွဲတို့တွင် ဒီဇင်ဘာလ ၉ ရက်နှင့် ၁၀ ရက်အထိ တစ်ပြိုင်နက် ၂ရက်တာကျင်းပသွားမည်ဖြစ်သည်။ “Hackathon ၂၀၁၈”ကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDGs) ပြည့်မြောက်ရေးအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် အတွက် မြန်မာလူငယ်များအား စုစည်းကာ ၎င်းတို့၏ ဆန်းသစ် တီထွင်သော အတွေးအကြံများအား ထုတ်ဖော်ပြသခွင့်ပေးရန် ဖြစ်ပါသည်။ “Hackathon ၂၀၁၈”  တွင် ပါဝင်ဆင်နွဲနိုင်ရန်အတွက် လူငယ်များသည် http://bit.ly/hackmm2018 မှတဆင့် စာရင်းသွင်း၍ လျှောက်ထားရမည်ဖြစ်ပါသည်။ စာရင်းပေးသွင်းရန် နောက်ဆုံး သတ်မှတ်ရက်မှာ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် ဖြစ်ပါသည်။ ပါဝင်ယှဉ်ပြိုင်မည့် အဖွဲ့တစ်ဖွဲ့တွင် စီးပွားရေးစီမံအုပ်ချုပ်မှုနှင့် သတင်းအချက်အလက်နည်းပညာအား နားလည် သိရှိသော အဖွဲ့ဝင် အနည်းဆုံး သုံးဦး ပါဝင်သင့်ပါသည်။ ယခုကျင်းပမည့် Hackathon ၏ ခေါင်းစဉ်မှာ “စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာစနစ်များတွင် အမျိုးသမီးများနှင့် လူငယ်များအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း” ဖြစ်ပါသည်။  အူရီဒူးရုံးချုပ် (တာဝါ ၁၊ မြန်မာစင်တာ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့) နှင့် အူရီဒူး မန္တလေးရုံးခွဲ (အမှတ် ၁၉/၈၁၊ ၃၅ လမ်း၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့) တို့တွင် ကျင်းပမည့် Hackathon တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရမည့် အဖွဲ့များအား ကော်မတီတစ်ခု ဖွဲ့စည်းကာ စိစစ်ရွေးချယ်မည်ဖြစ်ပါသည်။ မန္တလေးမှ ပါဝင်ယှဉ်ပြိုင်မည့်အဖွဲ့များသည် live stream မှတစ်ဆင့် ၎င်းတို့၏ အတွေးအကြံများအား အကဲဖြတ်ဒိုင်အဖွဲ့သို့ တင်ပြကြရမည်ဖြစ်သည်။

ရွေးချယ်ခြင်းခံရသည့် အဖွဲ့များသည် UNCTAD နှင့် UNDP မှ ကျွမ်းကျင်ပညာရှင်များ ဦးဆောင်၍ ခြောက်ရက်ကြာ ကျင်းပပေးမည့် စီးပွားရေးစွမ်းဆောင်ရှင် အလုပ်ရုံဆွေးနွေးပွဲအား တက်ရောက်ခွင့်ရ မည်ဖြစ်သည်။ ထိုအလုပ်ရုံဆွေးနွေးပွဲသည် အောင်မြင်သည့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

အူရီဒူးမြန်မာမှလည်း ရွေးချယ်ခြင်းခံရသော အဖွဲ့များအား အထူးဆုများ ချီးမြှင့်မည်ဖြစ်ပါသည်။ ထို့ပြင် ရွေးချယ်ခြင်းခံရသော အဖွဲ့များသည် ၎င်းတို့၏ အတွေးအကြံများအား ပုံဖော်ရန်၊ စမ်းသပ်ရန်၊ တိုးမြှင့်လုပ်ဆောင်ရန် အထောက်အကူဖြစ်စေမည့် စီးပွားရေးစွမ်းဆောင်ရှင်များ၊ ဖန်တီးသူများနှင့် ဆန်းသစ်တီထွင်သူများ အတူတကွ တက်ကြွ လှုပ်ရှားလုပ်ကိုင်နိုင်သည့် နေရာတစ်ခုဖြစ်သော ရန်ကုန်မြို့ရှိ IMPACT HUB Yangon မှ ဝန်ဆောင်မှုများ (အနီးကပ်ပံ့ပိုး လမ်းညွှန်ပြသမှုနှင့် ကျွမ်းကျင် ပညာရှင်များ၏ အကြံဉာဏ်များ) နှင့် ထောက်ပံ့ပစ္စည်းများကိုလည်း သုံးစွဲခွင့် ရရှိမည်ဖြစ်သည်။ အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Mr. Vikram Sinha က “အူရီးဒူးမြန်မာဟာ လူမှုအသိုင်းအဝိုင်းများနှင့် ပြည်သူများအတွက် များစွာ အလေးထားဆောင်ရွက်လျက် ရှိပါတယ်။ ပြည်သူများ၏ မျှော်လင့်ချက်များနှင့် ဆန္ဒေများပြည့်မြောက်စေရေးအတွက် ပံ့ပိုးကူညီနိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ယခုနှစ် Hackathon တွင် စီးပွားရေးနှင့် နည်းပညာ သဘောတရား နှစ်ခုကို နားလည်သိရှိတဲ့ လူငယ်များအား မြင်တွေ့ရတော့မှာဖြစ်တဲ့အတွက် အလွန် စိတ်လှုပ်ရှား မိပါတယ်။ နိုင်ငံတစ်ဝှမ်းက မြန်မာလူငယ်များထံမှ ဆန်းသစ်တီထွင်ထားတဲ့ ဖန်တီးမှုများနှင့် နည်းပညာဆိုင်ရာ အဖြေများ ထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ အမျိုးသမီးထုနဲ့ စိုက်ပျိုးရေးကဏ္ဍကို စွမ်းရည်မြှင့်တင်နိုင်ဖို့ အသုံးဝင်တဲ့ နည်းလမ်းတွေ ပေါ်ထွက်လာမှာဖြစ်ပြီး ဒါတွေကို အသုံးပြုပြီး လူတိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်မှာဖြစ်ပါတယ်။” ဟု ပြောကြားလိုက် ပါသည်။

UNDP မြန်မာ၏ ဌာနေညွှန်ကြားရေးမှူး Mr. Peter Batchelor က အူရီဒူးနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးသည့်ပွဲတွင် ပြောကြားသည်မှာ “ဒီကနေ့ UNDP နဲ့ အူရီဒူးမြန်မာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို စတင်မိတ်ဆက်လိုက်ပါတယ်။ ဒါဟာ ကျွနု်ပ်တို့ အနေနဲ့ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ကဏ္ဍနဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်တာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ မြန်မာနိုင်ငံမှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်တွေအား ရောက်ရှိဖို့ ကြိုးပမ်းရာတွင် နည်းပညာများကို အသုံးပြုပြီး ပံ့ပိုးပေးသွားမှာပါ။ အထူးသဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ငွေကြေးပါဝင်မှုရှိခြင်းနဲ့ မိုဘိုင်းငွေကြေး အစရှိတဲ့ ကိစ္စရပ်များအား ဦးတည်ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ ကျွနု်ပ်တို့အနေနဲ့ နည်းပညာများကို အသုံးပြုပြီး မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အခက်အခဲတွေကို ကူညီဖြေရှင်းပေး သွားမှာ ဖြစ်သလို ဆင်းရဲနွမ်းပါးသူများ၊ ထိခိုက်လွယ်သူများနှင့် သွားလာရခက်သော ဒေသတွေမှာ နေထိုင်သူတွေကို ဦးတည်ဆောင်ရွက်ပေးသွားမှာပါ။” ဟု ပြောပါသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် -

Ooredoo Communication Team | +959 9733 33322 | mhan1@ooredoo.com.mm
UNDP Communication Team | +95 9 7916 39052 | yamon.phu.thit@undp.org      
 

အူရီဒူးမြန်မာ၏ အကြောင်း

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများအား ပေးအပ်ရာတွင် ဦးဆောင်လျှက်ရှိပြီး ၂၀၁၈ ခုနှစ် မေလတွင် ၀န်ဆောင်မှုအသုံးပြုသူ ၉သန်းကျော် ရှိလာပြီ ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဆက်သွယ်ရေးဝန်ဆောင်မှုများအား စတင်ပေးအပ်ပြီးသည့် နောက်တွင် အူရီဒူးသည် 3G နှင့် 2G ကွန်ရက်များအား နိုင်ငံတဝှမ်းတွင် ဖြန့်ကြက်လွှမ်းခြုံခြင်းဖြင့် ၀န်ဆောင်မှုများ ပေးအပ်လျှက်ရှိပြီး အကျယ်ပြန့်ဆုံးနှင့် လိုင်းအတည်ငြိမ်ဆုံး 4G ကွန်ရက်ကိုပါ ဖြန့်ကြက်ပေး ထားပါသည်။ Ookla Speedtest Intelligence® ၏ ၂၀၁၈ခုနှစ် Q1-Q2 ဒေတာများအရ အူရီဒူး၏  4G/3G ကွန်ရက်သည်မြန်မာနိုင်ငံတွင် အမြန်ဆုံးကွန်ရက် အဖြစ်အသိအမှတ်ပြုမှုကို ရရှိခဲ့ပါသည်။ ၎င်းသည် 4G ကွန်ရက်ကို ဆက်လက်ဖြန့်ကြက်ပေးလျှက်ရှိပြီး 4G ကွန်ရက်လွှမ်းခြုံထားသော မြို့နယ်ပေါင်းသည် ၂၀၁၈ခုနှစ်၊ စက်တင်ဘာလကုန်တွင် မြို့နယ်ပေါင်း ၂၈၅ မြို့နယ်အထိ ရှိလာပြီဖြစ်ပါသည်။

 ယခုအခါတွင် အူရီဒူးမြန်မာသည် လူမှုဘဝတိုးတက်ကောင်းမွန်စေရန် အထောက်အကူပြုမည့် မိုဘိုင်းငွေကြေးစနစ်၊ တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးကို အထောက်အကူပြုစေမည့် ၀န်ဆောင်မှုများ၊ FTTH ၊ Supernet Wireless နှင့် အခြားများစွာသော ၀န်ဆောင်မှုများစွာကို ပေးအပ်လျှက်ရှိပါသည်။ အင်တာပရိုက်များ၊ အစိုးရရုံးဌာနများ နှင့် အသေးစားအလတ်စား စီပွားရေးလုပ်ငန်းများ အတွက်လုပ်ငန်းအရှိန်အဟုန်မြှင့်တင်လုပ်ဆောင်နိုင်ရန်အတွက် Fixed နှင့် Mobile ကဲ့သို့သော အခြေခံ ဆက်သွယ်ရေးဝန်ဆောင်မှုများမှစတင်ပြီး IPVPN ကဲ့သို့သော Business Solution များကို ၀န်ဆောင်မှုပေးအပ်လျှက်ရှိပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ ၀န်ဆောင်မှုများ နှင့် လူမှုအကျိုးပြုလုပ်ငန်းများဖြစ်သည့် “မိနစ်များ များများပြောလေ” အစီအစဉ်၊ UNOPS နှင့် ပူးပေါင်းဆောင်ရွက်ပေးထားသည့် ပဏာမ  ကျန်းမာရေးစောင့်ရှောက်မှုကွန်ရက် ဆောက်လုပ်ခြင်း အစီအစဉ်နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးပေါင်းဆောင်ရွက်ထားသည့် ရေကောင်းရေသန့်ရရှိရေး အစီအစဉ် စသည်တို့ကို လုပ်ဆောင်ခြင်းဖြင့် မြန်မာပြည်သူများ၏ ဘဝကို တိုးတက်အောင် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

Instagram: @ooredoomyanmar
Facebook: www.facebook.com/OoredooMyanmar
LinkedIn: www.linkedin.com/company/ooredoomyanmar

UNDP၏ အချက်အလက်များ

UNDP သည် နိုင်ငံပေါင်း ၁၇၀ ကျော်တွင် မြေပြင်လက်တွေ့ ပါ၀င်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာအမြင်နှင့် ပြည်တွင်း အသိအမြင်များ စုစည်းကာ နည်းပညာ အကူအညီများ၊ မူဝါဒ အကြံပြုချက်များနှင့် ဖွံ့ဖြိုးမှု အထောက်အကူပြု လုပ်ငန်းများကို စီစဉ်ပံ့ပိုးပေးလျက်ရှိသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ အလွန်အမင်းဆင်းရဲမွဲတေမှု ပပျောက်သွားရန်၊ မညီမျှမှုများ လျော့ကျသွားစေရန်နှင့် ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ အောင်မြင်ပြည့်မှီရန် လုပ်ငန်းစဉ်များတွင် နိုင်ငံများသို့ ၀ိုင်းဝန်း ကူညီ ထောက်ပံ့ပေးရန်ဖြစ်သည်။

မြန်မာနိုင်ငံတွင် UNDP သည် ၁၉၅၀ ပြည့်နှစ်များမှ စတင်ပြီး မြန်မာပြည်သူများသို ဖွံ့ဖြိုးရေး အကူအညီများ ပေးအပ်လျက်ရှိသည်။ ယနေ့ကာလတွင် UNDP မြန်မာသည် ရည်မှန်းချက် ကြီးမားသော ၂၀၃၀ လုပ်ငန်းစဉ် အောင်မြင်ရန် အကူအညီပေးခြင်းနှင့် SDGs များ အကောင်အထည်ဖေါ်ရာတွင် ကမ္ဘာအနှံ့ လက်တွေ့ လုပ်ဆောင်မှုကောင်းများနှင့် အပြည်ပြည်ဆိုင်ရာစံနှုန်းများ သယ်ဆောင်လာခြင်းနှင့် မိတ်ဖက်များနှင့် နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်ခြင်း၊ ကုလသမဂ္ဂ၏ စနစ်ဖြစ်သော ၂၀၃၀ လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံတဝှမ်း ဖွံ့ဖြိုးရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဦးစားပေး အစီအစဉ်အလိုက် စု‌ပေါင်းလျက် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများသို့ပေးအပ်နိုင်ရန် ထောက်ပံ့ ကူညီပေးလျက်ရှိသည်။

Facebook: www.facebook.com/UNDPMyanmar
Twitter: www.twitter.com/UNDP_Myanmar
Website: www.mm.undp.org