UNDP နှင့် နော်ဝေးနိုင်ငံ အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ဖွံ့ဖြိုးမှုများ တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်

2018- November 2

တောင်ကြီးမြို့ – အင်းလေးကန်ဒေသတွင် အရင်းအမြစ်များအား ရေရှည်တည်တံ့စေနိုင်ခြင်းမရှိသည့် နည်းလမ်းဖြင့် အသုံးပြုမှု၊ လူဦးရေတိုးပွားလာမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် ခရီးသွားလုပ်ငန်း လျှင်မြန်စွာ တိုးတက်လာမှုတို့၏ စုပေါင်းသက်ရောက်မှုများကြောင့် ပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုများ ကြုံတွေ့နေရပါသည်။ ဒေသရင်း အပင်များနှင့် တိရစ္ဆာန်မျိုးစိတ်များသည် ပြင်ပမှ ဝင်ရောက်လာသော ဒေသမျိုးရင်းမဟုတ်သည့် မျိုးစိတ်များနှင့် ရေ၏ အရည်အသွေးတို့ကြောင့် မျိုးသုဉ်းနိုင်သည့် အန္တရာယ်များ ရင်ဆိုင်နေရပါသည်။ ယခင်က ဘေးအန္တရာယ်ကင်းရှင်းစွာ သောက်သုံးနိုင်သော ရေသည် ယခုအခါ ညစ်ညမ်းနေပြီး ထိုရေကြောင့် ဒေသခံများကြား ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်စေလျက်ရှိပါသည်။   

ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ နော်ဝေးတော်ဝင်သံရုံးနှင့် UNDP မှ တာဝန်ရှိသူများအား အလုပ်ရုံဆွေးနွေးပွဲတွင် တွေ့ရစဉ်။ ဓာတ်ပုံ - UNDP မြန်မာ

UNDP သည် နော်ဝေးနိုင်ငံနှင့် မိတ်ဖက်ပြုပူးပေါင်းကာ “အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အင်းလေးကန်ဒေသအုပ်ချုပ်ရေး အဖွဲ့ကို အားကောင်းခိုင်မာစေခြင်း စီမံချက် ” မှတစ်ဆင့်  အင်းလေးကန်ဒေသအုပ်ချုပ်ရေးအဖွဲ့အား အင်းလေးကန်၏ ရေဝေရေလဲဒေသစီမံခန့်ခွဲမှု အားကောင်းစေရေး နည်းပညာနှင့် ငွေကြေးအကူအညီများ ပံ့ပိုးပေးခြင်းဖြင့် အဆိုပါ ပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် ကူညီပံ့ပိုးပေးလျက်ရှိပါသည်။  

ထိုစီမံချက်၏ ကနဦးအလုပ်ရုံဆွေးနွေးပဲအွား အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကျင်းပခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအရာရှိ များ၊ အင်းလေးကန်ဒေသရှိ တိုင်းရင်းသားအုပ်စုများမှ ကိုယ်စာလှယ်များနှင့် NGO များ တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များမှာ အစိုးရဌာနအဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူအစုအဖွဲ့များနှင့် တိုင်ပင်ဆွေးနွေး ရေးဆွဲထားသော စီမံချက်ဒီဇိုင်းနှင့် အစီအစဉ်ရေးဆွဲထားသော လုပ်ငန်းများအား အကျိုးသက်ဆိုင်သူများထံ ပိုမို ကျယ်ကျယ်ပြန့်ပြန့် မျှဝေအသိပေးရန်နှင့် စီမံချက်အား တရားဝင်ထုတ်ပြန်ကြေညာရန် ဖြစ်ပါသည်။

အဖွဲ့မိန့်ခွန်းတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူများနှင့် နိုင်ငံအတွက် အင်းလေးကန်ဒေသ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်အရ အရေးပါမှုကို အလေးပေး ပြောကြားသွားခဲ့ပါသည်။ အင်းလေးဒေသအား ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ရေးတွင် ရေရှည်စီမံခန့်ခွဲအုပ်ချုပ်မှုများ အားကောင်းစေရန်အတွက် ကဏ္ဍစုံ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်းကိုလည်း ထောက်ပြပြောကြားသွားခဲ့ပါသည်။  

 နော်ဝေးနိုင်ငံအစိုးရမှ ရန်ပုံငွေပံ့ပိုးပြီး UNDP ၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်သော ဤစီမံချက်သည် အစောပိုင်း ကာလ ဆောင်ရွက်ခဲ့သော အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေး စီမံချက် (၂၀၁၂-၂၀၁၆) မှ ရရှိခဲ့သည့် အောင်မြင်မှုများ၊ သင်ခန်းစာများ နှင့် အင်းလေးကန်ထိန်းသိမ်းစောင့်ရှောက်ရေး ငါးနှစ်စာ လုပ်ငန်း စီမံချက် (၂၀၁၆-၂၀၂၀)  ပေါ်တွင် အခြေပြုထားခြင်း ဖြစ်ပါသည်။ စီမံချက်သည် အားလုံးပါဝင်နိုင်သော အင်းလေးကန် စီမံ အုပ်ချုပ်မှုအတွက် ကူညီပံ့ပိုးပေးပြီး အသိပညာမြှင့်တင်ခြင်းနှင့် ရန်ပုံငွေရရှိနိုင်ခြေများ တိုးပွားလာခြင်းတို့ကို ဦးတည် ဆောင်ရွက်ကာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက်များအားလုံး၏ ရေရှည်အကျိုးသက် ရောက်မှုများ အမြင့်မားဆုံး ရရှိအောင် လုပ်ဆောင်သွားရန် ရည်ရွယ်ပါသည်။

မြန်မာနိုင်ငံရှိ နော်ဝေးတော်ဝင်သံရုံးမှ Minister Counsellor နှင့် Deputy Head of Mission ဖြစ်သူ မစ္စလီဇာနော်ဂတ်က ပထမစီမံချက်အား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး စီမံချက် အသစ်တွင်လည်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေရှည်တည်တံ့သော အကောင်းဆုံးရလဒ်များ ရရှိနိုင်စေရန်အတွက် အကျိုး သက်ဆိုင်သူများအနေဖြင့် ဆက်လက်ပါဝင်ကူညီဆောင်ရွက်ပေးကြပါရန် ပန်ကြားခဲ့ပါသည်။  

UNDP ရေရှည်တည်တံ့သော အားလုံးပါဝင်နိုင်သည့် တိုးတက်မှု ဌာနမှ ဌာနမှူး မစ္စတာဘစ်ဘလပ်ဖ် ချောင်ဒါရီကလည်း အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်မှုတွင် ထူးခြားအောင်မြင်မှုများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းအတွက် မြန်မာနိုင်ငံ အစိုးရနှင့် ရှမ်းပြည်နယ်အစိုးရတို့အား ဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။ ၎င်းက “အင်းလေးကန်ဒေသ ထိန်းသိမ်းစောင့် ရှောက်ရေး လုပ်ငန်းများကို ရေရှည်ဆောင်ရွက်သွားနိုင်ရေးတွင် ခိုင်မာအားကောင်းသည့် အင်းလေးကန်ဒေသအုပ်ချုပ်ရေး အဖွဲ့သည် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ UNDP သည် မြန်မာနိုင်ငံလုံးဆိုင်ရာ အစီအစဉ် (၂၀၁၈-၂၀၂၂) အောက်တွင် ပတ်ဝန်းကျင်အုပ်ချုပ်ရေးလုပ်ငန်းစဉ် အားကောင်းရေးနှင့် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုး တိုး တက်မှုကို အားပေးမြှင့်တင်နိုင်ရေးအတွက် ဘက်စုံပေါင်းစပ်ထားသော ကဏ္ဍစုံပါဝင်သည့် မဟာဗျူဟာတစ်ရပ်ဖြင့် ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း” ပြောကြားသွားပါသည်။  

CSO ကိုယ်စားလှယ်များကလည်း လက်ရှိ ဆောင်ရွက်လျက်ရှိသော အင်းလေးဒေသဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ၏ ရှုထောင့်အမြင်များကို မျှဝေပေးကြပြီး ဒေသခံပြည်သူများအတွက် ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို အကျဉ်းချုပ် တင်ပြကာ စီမံချက်တွင် ထည့်သွင်းစဉ်းစားရမည့် လုပ်ငန်းများကို အကြံပြုတင်ပြခဲ့ပါသည်။ စီမံချက်အကောင်အထည်ဖော်မှုနှင့် စောင့်ကြည့်လေ့လာမှု၏ အဆင့်များအားလုံးတွင် ဒေသခံ ပြည်သူများအတွက် ပါဝင် ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ တိုးတက်ရရှိလာမှုကို ၎င်းတို့က ကြိုဆိုခဲ့ကြပါသည်။

အင်းလေးကန်စီမံချက် ရလဒ်များမူဘောင်နှင့် လုပ်ငန်းအစီအစဉ်တွင် ပါဝင်သော လုပ်ငန်းများကို သဘောတူသတ်မှတ်ကာ ကနဦးအလုပ်ရုံဆွေးနွေးပွဲအား ပိတ်သိမ်းခဲ့ပါသည်။

စီမံချက်အကြောင်း ထပ်မံဖတ်ရှုလိုလျှင် - http://www.mm.undp.org/content/myanmar/my/home/projects/inlelake.html  

ထပ်မံသိလိုသည်များရှိပါက UNDP မြန်မာ၏ communications team ထံ အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည် -

ဆန်ဒရာဘားရိုးစ်          - Sandra.barrows@undp.org | 09 7974 36048

ယမုံဖူးသစ်                   - yamon.phu.thit@undp.org | 09 7916 39052