တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၊ ပြည်ထောင်စုအဆင့် လွှတ်တော်များမှ လွှတ်တော် အကြီးအကဲများအတွက် ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ခေါင်းဆောင်မှုဖလှယ်ပွဲမှ လုပ်ဆောင်လျက်ရှိသော အဖွဲ့အစည်းပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ

2018- December 4

အနာဂတ်လွှတ်တော် ဖွံ့ဖြိုးတိုးတက်စေရေး အခြေခံအုတ်မြစ်ဖြစ်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေလေ့လာသုံးသပ်မှု အစီအစဉ်တစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။ ယင်းအစီအစဉ်တွင် တိုင်း / ပြည်နယ် လွှတ်တော်များ၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ထောက်ပံ့ကူညီမှု ပေးလျှက်ရှိသည့် စီမံကိန်းဆောင်ရွက်ချက်များ စသည်တို့ကို လေ့လာ သုံးသပ်မှုများ ပြုလုပ်ခဲ့ပါသည်။ 

      

[နေပြည်တော်] - မြန်မာ့လွှတ်တော်များအဖွဲ့ (MPU) အစည်းအဝေးကျင်းပသည့် ယခုအပတ် ဒီဇင်ဘာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၁၄ ခုမှ ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌများအတွက်  ခေါင်းဆောင်မှု ဆွေးနွေးဖလှယ်ပွဲကို UNDP ၏ ကမကထ ပြုမှုဖြင့် ပြုလုပ်ခဲ့ပါသည်။ ယင်းဆွေးနွေးဖလှယ်ပွဲ၏ ရည်ရွယ်ချက်မှာ  တိုင်းဒေသကြီးနှင့်  ပြည်နယ်လွှတ်တော် အသီးသီး၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအကြောင်း၊ လွှတ်တော်အချင်းချင်းနှင့်  ပြည်ထောင်စုအဆင့် လွှတ်တော်များနှင့် ပိုမိုကောင်းမွန်သော ချိတ်ဆက်ဆောင်ရွက်မှုများ  ဆောင်ရွက်နိုင်ရန် အစီအစဉ် များကို ဆွေးနွေးခဲ့ကြပါသည်။

၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ် မေလများတွင် ပြုလုပ်ခဲ့သည့် ခေါင်းဆောင်မှု ဆွေးနွေးဖလှယ်ပွဲများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသည် လွှတ်တော်အချင်းချင်းသော်လည်းကောင်း၊ ပြည်ထောင်စု အဆင့် လွှတ်တော်များနှင့် သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်ခြင်းကို တိုးမြှင့်ရန်၊ လွှတ်တော်တစ်ရပ်ချင်း၏ ဖွံ့ဖြိုးတိုးတက်မှုများကို အလေးထားဆောင်ရွက်ရန်နှင့် ပိုမိုပြည့်စုံ ကောင်းမွန်သော လွှတ်တော်လုပ်ငန်းများ၊ မူဝါဒများကို ဖော်ဆောင်ရန်နှင့် ကိုယ်စားလှယ်များ၏ စောင့်ကြည့်လေ့လာထိန်းညှိခြင်း လုပ်ငန်းစဉ်များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန် ကတိကဝတ်များထားရှိခဲ့ကြသည်။

ထို့ပြင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်မှလည်း “ခေါင်းဆောင်မှုဆွေးနွေး ဖလှယ်ပွဲ  ပြုလုပ်ခြင်းသည် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများအတွက် မဟာဗျူဟာဆိုင်ရာ ဦးစားပေး လုပ်ငန်းများ  ဆောင်ရွက်ရန်အတွက် အရေးပါ၍ လက်တွေ့ကျသော နည်းလမ်းများကို သိရှိလာနိုင်မည်” ဟု ခေါင်းဆောင်မှု ဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းမှလည်း လွှတ်တော်အချင်းချင်း အပြန်အလှန်လေ့လာသင်ကြားဖို့ ထိတွေ့ဆက်ဆံမှုများ ပိုမိုပြုလုပ်လာပြီဖြစ်ကြောင်း ထပ်ပေါင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ခေါင်းဆောင်မှုဖလှယ်ပွဲတွင် UNDP သည် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေလေ့လာသုံးသပ်မှုအစီအစဉ်ကို တင်ပြခဲ့ပါသည်။ ယင်းအစီအစဉ်အား လွှတ်တော် ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများမှ လေ့လာသုံးသပ်ထားပြီး အနာဂတ်လွှတ်တော်အတွက်  ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေခံအုတ်မြစ်အဖြစ် ထားရှိ၍ အကောင်အထည်ဖော်  ဆောင်ရွက်လျှက်ရှိပါသည်။ ပေါ်ထွက်လာခဲ့သော တွေ့ရှိချက်များနှင့် အကြံပြုချက်များကိုလည်း အနာဂတ်တွင် လွှတ်တော်၏ ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ် ဆောင်ရွက်သွားရန် ဆွေးနွေး စီစဉ်လျက်ရှိပါသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များဆိုင်ရာ ဥပဒေများကို ပြန်လည်သုံးသပ်ခြင်း အစီအစဉ် ကဲ့သို့သော လုပ်ထုံးလုပ်နည်းဆိုင်ရာများ၊ ကော်မတီဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော် မဟာဗျူဟာစီမံကိန်း ရေးဆြွဲခင်းလုပ်ငန်းစဉ်များနှင့် ပြည်ထောင်စုအဆင့် လွှတ်တော်များနှင့် ချိတ်ဆက် ဆောင်ရွက်မည့် ICT လုပ်ငန်းများ ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

“UNDP မှလည်း မြန်မာနိုင်ငံရှိ လွှတ်တော်များဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၊ ပြည်ထောင်စုအဆင့် လွှတ်တော်များ အားလုံးနှင့် ချိတ်ဆက်၍ အတွေ့အကြုံဖလှယ်ခြင်း၊ အပြန်အလှန်  လေ့လာသင်ယူခြင်းများ၊ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ စသည်တို့ကို ဆောင်ရွက်လျှက်ရှိပါသည်” ဟု UNDP ၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Peter Batchelor မှလည်း ပြောကြားခဲ့ပါသည်။ ၎င်းမှပင် UNDP သည် မြန်မာ့ လွှတ်တော်များအဖွဲ့ (MPU) နှင့် ပူးပေါင်းဆောင်ရွက်၍လည်း လွှတ်တော်သင်ကြားရေးဗဟိုဌာနကို ပိုမိုတိုးတက် လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး လွှတ်တော်များ အားလုံးအား သက်ဆိုင်ရာလိုအပ်သည့် သင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်ရေးအတွက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

UNDP ၏ မြန်မာ့လွှတ်တော် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များအား သြစတြေးလျ၊ ဂျပန်၊ ဆွီဒင် နှင့် ယူနိုက်တက်ကင်းဒမ်း စသည့်နိုင်ငံများ၏ အစိုးရများမှ ပံ့ပိုးကူညီပေးပါသည်။

ထပ်မံသိလိုသည်များ ရှိပါက UNDP Myanmar ၏ Communication Team သို့ email ဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါသည် -