မြန်မာနိုင်ငံရှိနေထိုင်မှုအခြေအနေများတိုးတက်လာကြောင်းတွေ့ရှိ

2018- June 29

နေပြည်တော် – မြန်မာနိုင်ငံနေထိုင်မှုအခြေအနေစစ်တမ်းမှ ထွက်ပေါ်လာသော အဓိကညွှန်ကိန်းများအစီရင်ခံစာအရ မြန်မာနိုင်ငံရှိ နေထိုင်မှုအခြေအနေညွှန်ကိန်းများသည် လွန်ခဲ့သောဆယ်စုနှစ်အတွင်း၊ အထူးသဖြင့် လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း တိုးတက်လာခဲ့သည်ဟု သိရှိရပါသည်။ ဗဟိုစာရင်းအင်းအဖွဲ့သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ ကမ္ဘာ့ဘဏ် တို့နှင့် ပူးပေါင်းကာစစ်တမ်းရလဒ်များအား အခြေခံကာပြုစုထားသော ပထမဦးဆုံးအစီရင်ခံစာအား ယနေ့ နေပြည်တော်တွင် ထုတ်ပြန်ခဲ့ပါသည်။

အစီရင်ခံစာတွင် နေထိုင်မှုအခြေအနေများ သိသာထင်ရှားစွာပြောင်းလဲလာမှုများအား တင်ပြထားရာ လျှပ်စစ်မီးရရှိမှု၊ ပညာရေး၊ အသုံးအဆောင်ပစ္စည်းပိုင်ဆိုင်မှုနှင့် နည်းပညာအသုံးပြုမှု တို့တွင် သိသိသာသာပြောင်းလဲလာပါသည်။ ပြည်ထောင်စုအဆင့်တွင် ဆိုလာနည်းပညာသုံးစွဲမှု မြင့်မားလာခြင်းနှင့် မဟာဓာတ်အားလိုင်းတိုးချဲ့မှုတို့ကြောင့် အိမ်ထောင်စုများ၏ မီးရရှိရေး နည်းလမ်းပုံစံများပြောင်းလဲသွားခဲ့ပြီး အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးကိုလည်း ပိုမို သုံးစွဲလာနိုင်ကြပါသည်။ မဟာဓာတ်အားလိုင်းကွန်ရက်သည် ၂၀၁၅ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၃၄ ရာခိုင်နှုန်းကိုသာ လွှမ်းခြုံခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၄၂ ရာခိုင်နှုန်းကို တိုးတက်လွှမ်းခြုံနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများတွင် အလယ်တန်းကျောင်းအပ်နှံမှုနှုန်းသည် ၂၀၁၀ နှင့် ၂၀၁၇ ကြား၌ ၄၇ ရာခိုင်နှုန်းမှ ၆၈ ရာခိုင်နှုန်းသို့တိုးလာပါသည်။ ထို့ပြင် လက်ကိုင်ဖုန်းများပိုင်ဆိုင်မှုနှင့် အသုံးပြုမှုတိုးပွားလာခြင်းကြောင့် ဆက်သွယ်ချိတ်ဆက်နိုင်မှုများကို တိုးတက်စေခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် အိမ်ထောင်စုများ၏ ၈၂ ရာခိုင်နှုန်းသည် အနည်းဆုံးမိုဘိုင်းဖုန်းတစ်လုံးကို ပိုင်ဆိုင်သည်ဟု ဖြေဆိုခဲ့ကြပြီး ဖုန်းအများစုသည် စမတ်ဖုန်းများဖြစ်ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်း၏ကိုယ်စား ဖွင့်ပွဲ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး အဖွင့်မိန့်ခွန်းမြွက်ကြားစဉ်


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး
သည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်း၏ကိုယ်စား အဖွင့်မိန့်ခွန်း မြွက်ကြားရာတွင် “အစီရင်ခံစာတွင်ပါရှိသောအချက်အလက်များကို စနစ်တကျခွဲခြမ်းစိတ်ဖြာ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအကျိုးရှိစေရေးအတွက် မူဝါဒများ ချမှတ်ရာတွင်လည်းကောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း သက်ဆိုင်ရာဌာနများမှ လက်တွေ့အသုံးချသွားရမည်ဖြစ်ကြောင်း၊ အစီရင်ခံစာပါအချက်အလက်များမှတစ်ဆင့် အားသာချက်များ၊ အားနည်းချက်များနှင့် လိုအပ်ချက်ရှိသောကဏ္ဍများကို သိရှိနိုင်မည်ဖြစ်၍ အားနည်းချက်ရှိသည့်၊ လိုအပ်သည့်ကဏ္ဍများကို အားဖြည့်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဝန်ကြီးဌာနများအတွက် ဘဏ္ဍာငွေနှင့်အရင်းအမြစ်များခွဲဝေချထားခြင်းဆိုင်ရာမူဝါဒများအား ပြန်လည်သုံးသပ်နိုင်မည်ဖြစ်ပါကြောင်း၊ အသုံးချသုတေသနလုပ်ငန်းသည် လက်ရှိအခြေအနေကို လေ့လာသုံးသပ်၍ အားနည်းချက်များကိုအားဖြည့်ဆောင်ရွက်ကာ ပိုမိုကောင်းမွန်တိုးတက်စေရန် အချက်အလက်များကို ထောက်ပံ့ပေးနိုင်သဖြင့် အလွန်အရေးကြီးပါကြောင်း၊ ယခုစစ်တမ်းအပါအဝင် စစ်တမ်းအသီးသီးမှအချက်အလက်များကို မူဘောင်များနှင့် လမ်းပြမြေပုံများ ချမှတ်ရာတွင် လည်းကောင်း၊ စီမံကိန်းရေးဆွဲရာတွင်လည်းကောင်း လက်တွေ့အသုံးပြု၍ နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်း” ပြောကြားသွားခဲ့ပါသည်။

ဖွင့်ပွဲ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားတွေ့ရစဉ်


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
မှ “ဤအစီရင်ခံစာသည် ပြည်သူလူထုအတွက် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရာရောက်ပြီး ပြည်သူများအနေဖြင့်မည်သည့်အရာများတည်ရှိနေသည်၊ မည်သည့်အရာများ မရှိသေးပါ၊ စသည်ဖြင့်လိုအပ်ချက်များကို ဖော်ထုတ်နိုင်ပြီး အစိုးရအနေဖြင့် မည်သည်တို့ကို ကြိုးပမ်းဆောင်ရွက်ပေးရန်လိုအပ်သည်၊ ပြည်သူတို့ဘက်မှလည်း ၎င်းတို့၏အစိုးရအား မည်သည့်အရာများတောင်းဆိုသင့်သည်၊ စသည်တို့ကိုသိရှိစေနိုင်ကြောင်း” အမှာစကားတွင် ထည့်သွင်းပြောကြားသွားပါသည်။

ထို့ပြင် နိုင်ငံ၏အချို့သောနေရာဒေသများနှင့် အချို့သောညွှန်ကိန်းများတွင် ပညာရေး၊ ရေနှင့်သန့်ရှင်းမှု၊ အိမ်ရာအနေအထားများ၌တိုးတက်မှုများ နောက်ကျကျန်နေဆဲဖြစ်ကြောင်းကိုလည်း အစီရင်ခံစာက ပြသနေပါသည်။ ဥပမာရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မူလတန်း ကျောင်းနေအရွယ် ကလေးဆယ်ဦးတွင်တစ်ဦးသည် ကျောင်းတက်ရောက်နိုင်ခြင်း မရှိသည်ကို တွေ့ရပါသည်။ ရေနှင့်သန့်ရှင်းမှုအပိုင်းတွင်လည်း ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ရှိ ဒေသအချို့တွင် မြစ်၊ ချောင်းရေ၊ အိုင်တို့မှရေများအား သောက်ရေအဖြစ် အသုံးပြုမှု မြင့်မားနေဆဲ ဖြစ်ပါသည်။

ဒီအစီရင်ခံစာကြောင့် မြန်မာနိုင်ငံဆိုင်ရာ နောက်ဆုံးရအချက်အလက်များကို ကျွန်တော်တို့ သိခွင့်ရပါတယ်။ တိုးတက်မှုရှိခဲ့တဲ့နေရာတွေကိုလည်းသိရှိနိုင်သလို လိုအပ်မှုတွေရှိနေသေးတဲ့ နေရာတွေကိုလည်း ကွက်ကွက်ကွင်းကွင်းသိမြင်နိုင်ပါတယ်။ ပြည်သူတွေအားလုံးအတွက် တိုးတက်မှုရဲ့ အကျိုးကျေးဇူးတွေခံစားနိုင်အောင် အလေးထားလုပ်ဆောင်ကြဖို့လိုအပ်ပါတယ်။” ဟု ကမ္ဘာ့ဘဏ်မှ ဌာနေမန်နေဂျာ Gevorg Sargsyan ကပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အပြီးသတ်ရေးဆွဲနေတဲ့အချိန်မှာ ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာကြောင့် အစီရင်ခံစာဟာ ပိုလို့တောင်အချိန်အခါသင့်ပြီး အသုံးဝင်မှာဖြစ်ပါတယ်။” ဟု၎င်းကထပ်မံပြောကြားသွားပါသည်။

UNDP မြန်မာ၏ ဌာနေညွှန်ကြားရေးမှူး Peter Batchelor အားဖွင့်ပွဲတွင်တွေ့ရစဉ်


UNDP မြန်မာ၏ ဌာနေညွှန်ကြားရေးမှူး Peter Batchelor
က “UNDPအနေနဲ့ မြန်မာနိုင်ငံအစိုးရအား ဒီစစ်တမ်းကောက်ယူမှုမှာကူညီပံ့ပိုးခွင့်ရခဲ့တဲ့အတွက် အထူးပဲ ဝမ်းမြောက်မိပါတယ်။ ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေဟာ သက်သေအထောက်အထား အခြေခံတဲ့ မူဝါဒချမှတ်မှုလုပ်ငန်းစဉ်တွေကို ဘယ်လိုပံ့ပိုးပေးနိုင်တယ်၊ နိုင်ငံအနှံ့အပြားမှာရှိတဲ့ ပြည်သူတွေရဲ့အခြေအနေမှန်တွေကိုသိရှိဖို့ ဘယ်လိုအထောက်အကူဖြစ်တယ်ဆိုတာ ဒီစစ်တမ်းက ပြသလိုက်တာပါပဲ” ဟုပြောကြားခဲ့ပါသည်။

၎င်းကပင်ဆက်လက်၍ “ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံရဲ့ဘယ်ဒေသတွေဟာ ထိခိုက်အလွယ်ဆုံး ဖြစ်နေတယ်၊ ဘယ်ဒေသတွေက ပြည်သူတွေက ဖွံ့ဖြိုးမှုမှာ နောက်ကျကျန်နေခဲ့တယ် ဆိုတာတွေကို မီးမောင်းထိုးပြနိုင်ပြီး အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုကိုရရှိဖို့အတွက် ဘယ်နေရာတွေမှာ ပိုပြီး ကြိုးပမ်းလုပ်ဆောင်ရမယ်ဆိုတာကိုလည်း ပြသနိုင်ပါတယ်။ ဒီအစီရင်ခံစာဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်တွေပြည့်မီရေးကို အထောက်အကူပြုမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟုပြောကြားသွားပါသည်။

မြန်မာနေထိုင်မှုအခြေအနေစစ်တမ်းသည် မြန်မာပြည်သူများ၏ဘဝ  အဆင်ပြေသာယာမှုအား  ဘက်စုံဆန်းစစ်ထားသော စစ်တမ်းတစ်ခု ဖြစ်ပါသည်။ စစ်တမ်းမှ ယုံကြည်စိတ်ချရပြီး တိကျသော နောက်ဆုံးရ  အချက်အလက်များကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး  ထိုအချက်အလက်များအား  အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်  မူဝါဒများ  ရေးဆွဲရာတွင်လည်းကောင်း၊ ၂၀၃၀ လုပ်ငန်းစဉ်အရ  အကောင်အထည်ဖော်နေသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များအား စောင့်ကြည့်လေ့လာရာတွင်လည်းကောင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

၂၀၁၈ ခုနှစ် နောက်ပိုင်းကာလများတွင် အစဉ်အလိုက်ဆက်လက်ထွက်ရှိလာမည့် မြန်မာ နေထိုင်မှုအခြေအနေစစ်တမ်းကို ဆန်းစစ်လေ့လာထားသည့် အစီရင်ခံစာများတွင် ဤအစီရင်ခံစာသည် ပထမဦးဆုံးအစီရင်ခံစာဖြစ်ပါသည်။

ဒေါင်းလုပ်ရယူရန် -

  • မြန်မာနိုင်ငံနေထိုင်မှုအခြေအနေစစ်တမ်း ၂၀၁၇ - အဓိကညွှန်းကိန်းများ အစီရင်ခံစာ [အင်္ဂလိပ်]

  • အဓိကရှာဖွေတွေ့ရှိချက်များ - မြန်မာနိုင်ငံနေထိုင်မှုအခြေအနေစစ်တမ်း ၂၀၁၇ [အင်္ဂလိပ်, မြန်မာ]

  • သတင်းထုတ်ပြန်ချက် - ပူးတွဲအစီရင်ခံစာအရ မြန်မာနိုင်ငံရှိ နေထိုင်မှုအခြေအနေများ တိုးတက်လာကြောင်းတွေ့ရှိရ [အင်္ဂလိပ်, မြန်မာ]

ထပ်မံသိလိုသည်များရှိပါက ဆက်သွယ်ရန် -