အူရီဒူးမြန်မာနှင့် UNDP တို့ စဉ်ဆက်မပြတ်ဖွံ့ဖြိုး ရေးပန်းတိုင်များအတွက် ကူညီထောက်ပံ့ရန် သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း

2018- November 9

ဓာတ်ပုံ - UNDP မြန်မာ

ရန်ကုန်၊ မြန်မာ - အူရီဒူးမြန်မာ ၏ အမှုဆောင်အရာရှိချုပ် Mr. Vikram Sinha နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှုး Mr. Peter Batchelor တို့သည် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ အောင်မြင် ပြည့်မီမှုရရန်အတွက် ဒီဂျစ်တယ် နည်းပညာများ၏ စွမ်းရည်များကို အသုံးချပြီး အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် အမျိုးသမီးများနှင့် လူငယ်များကို ဗဟိုပြု၍ အထောက်အကူပြု လှုပ်ရှားမှုများ ပြုလုပ်ခြင်းတွင် ပူးတွဲဆောင်ရွက်ပေးရန် ၂ နှစ် သက်တမ်းရှိ မိတ်ဖက်သဘောတူ စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ သဘောတူ စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်တွင် ရန်ကုန်မြို့ The Strand Hotel တငွ် ကျင်းပပြုလုပ်ခဲ့ပါသည်။

မိုဘိုင်းအခြေပြု အက်ပလီကေးရှင်းများ၊ စက်ပစ္စည်း ကိရိယာများနှင့် ကိုင်တွယ်ဖြေရှင်းနည်း များသည် လုပ်ရိုးလုပ်စဉ်လုပ်ငန်း ပုံစံများကို အဆုံးသတ်စေခဲ့ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ ဆောင်ရွက်ရာ နယ်ပယ်တစ်ဝန်းတွင် တီထွင်ဆန်းသစ်မှုများနှင့် ကုန်ကျစရိတ် သက်သာပြီး ထိရောက်သော ကိုင်တွယ်ဖြေရှင်းနည်းများဖြင့် အစားထိုး လုပ်ဆောင်လာကြသည်။ နိုင်ငံများသည် တီထွင်ဆန်းသစ်သော နည်းလမ်းအသစ်များဖြစ်သည့် အီလက်ထရောနစ် ကုန်သွယ်ရေး (e-commerce) ဖြင့် ကုန်ထုတ်လုပ်သူများနှင့် စားသုံးသူများအကြား တိုက်ရိုက် ချိတ်ဆက်ပေးခြင်း၊  မိုဘိုင်းငွေကြေးနှင့် ဒီဂျစ်တယ် ဘဏ်လုပ်ငန်းကို အသုံးပြုခြင်း၊ စိုက်ပျိုးရေး ကုန်ထုတ်စွမ်းအား မြှင့်တင်ခြင်း၊ ပညာရေးလုပ်ငန်းကိစ္စများ ဆောင်ရွက်ခြင်းနှင့် စီးပွားရေးနယ်ပယ် တစ်ဝန်းတွင် တန်ဖိုးမြင့် ထုတ်ကုန်နှင့် ၀န်ဆောင်မှုများ ပေးစွမ်းနိုင်သည့် မျိုးဆက်သစ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ထွက်လာစေခြင်း စသည်တို့ကို လုပ်ဆောင်လျက် ရှိပါသည်။ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ဦးတည်ရာ လမ်းကြောင်းများနှင့်အညီ လိုက်ပါ၍ မိုဘိုင်းအခြေပြု နည်းလမ်းများဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းကိုင်တွယ် ဆောင်ရွက်မှုများကို ပိုမို တိုးမြင့်လုပ်ဆောင် လာပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် အမျိုးသမီးများနှင့် လူငယ်များသည် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် ကြီးမားသော အနှိုင်းမဲ့ စွမ်းရည် ပိုင်ဆိုင်သူများအဖြစ် အထူးဂရုပြု အာရုံစိုက်သင့်သူများဖြစ်လာသည်။   

နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးသည့် အခမ်းအနား အခါသမယတွင် အူရီဒူး နှင့် UNDP တို့သည် ဆွေးနွေးပွဲ စကားဝိုင်း တခုကို ’’စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်များ အောင်မြင်ရန် အရှိန်မြှင့် လုပ်ဆောင်ခြင်းတွင် အမျိုးသမီးများနှင့် လူငယ်များ ပါ၀င်လာခြင်းကို ဆန်းသစ် ပြောင်းလဲမှုများဖြင့် ချဉ်းကပ်လုပ်ဆောင် အားပေးခြင်း’’ ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ခေတ်သစ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ဖြစ်သော 360ed တည်ထောင်သူ ဒေါ်လှလှဝင်း နှင့် ဆန်းသစ်တီထွင် အသိပညာ အခြေပြု စီးပွားရေးလုပ်ငန်းများ အစဉ်တစိုက် လုပ်ဆောင်နေသော စီးပွားရေးစွမ်းဆောင်ရှင် ဦးသောင်းစုငြိမ်း တို့မှ ဆန်းသစ် ပြောင်းလဲသော သမရိုးကျ မဟုတ်သည့် စီးပွားရေး လုပ်ငန်းများ တည်ထောင်ခြင်း၏ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ အကြောင်းကို ပြောဆို ဆွေးနွေးခဲ့ကြရာတွင် အချို့အကြောင်းအရာများသည် ယခု ဖွဲ့စည်းလိုက်သော မိတ်ဖက်ပြုမှုအတွက် လုပ်ငန်း ကိစ္စရပ်များ ကိုင်တွယ်ဆောင်ရွက်မှုများတွင် အကျိုးဖြစ်စေမည်ဟု မျှော်လင့်ပါသည်။

လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် အူရီဒူးမြန်မာ၏ အမှုဆောင် အရာရှိချုပ် Mr. Vikram Sinha က “နည်းပညာဆင့်ကဲပြောင်းလဲမှုနဲ့ ဆန်းသစ်တီထွင်ခြင်းများဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်တွေ အတွက် အဓိက မောင်းနှင်အားတွေ ဖြစ်တယ်လို့ အသိအမှတ်ပြုထားကြပါတယ်။ မြန်မာနိုင်ငံမှာ SDGs ရည်မှန်းချက်တွေအတွက် နည်းပညာ ဆန်းသစ်ပြောင်းလဲခြင်းများရဲ့ စွမ်းရည်ကို အပြည့်အဝ ကိုင်တွယ်အသုံးပြုနိုင်ဖို့ UNDP ကဲ့သို့ ဂုဏ်သရေရှိ အဖွဲ့အစည်းနဲ့ မိတ်ဖက်ပူးပေါင်းပြီး သဘာဝ ဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ အမျိုးသမီးများနဲ့ လူငယ်များအတွက် လုပ်ပိုင်ခွင့် ပိုမိုလွှဲပြောင်း ပေးအပ်ရေး၊ စိုက်ပျိုးရေးကဏ္ဍ စတဲ့ နယ်ပယ်တွေမှာ ကျွန်တော်တို့ရဲ့ အသင်းအဖွဲ့နဲ့ ဆိုင်တဲ့ လူမှုရေးအကျိုးပြုလုပ်ငန်းတွေအတွက် အဓိက တန်ဖိုးထားမှုတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ နည်းပညာ တိုးတက်ပြန့်ပွားခြင်းတွေမှာ အပြည့်အဝ ပံ့ပိုးထောက်ပံ့မှုတွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။’’ ဟု ပြောပါသည်။

UNDP ၏ ဌာနေကိုယ်စားလှယ် Mr. Knut Ostby က “ယခုလို မိတ်ဖက်ပြုခြင်းဟာ လူငယ်တွေနဲ့ နည်းပညာတို့ရဲ့ အင်မတန် အလားအလာရှိတဲ့ စွမ်းရည်တွေကို အသုံးပြုပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်တွေရဲ့ မျှော်မှန်းချက်တွေဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ဖို့၊ ဘယ်သူ တစ်ဦးတစ်ယောက်မှ နောက်ကျကျန်မနေရစ်ဖို့နဲ့၊ လူတိုင်းအတွက် လူ့အခွင့်အရေးတွေ ရရှိဖို့ကို အထောက်အကူပြုစေမှာဖြစ်ပါတယ်။ အခုလိုမျိုး အူရီဒူးအနေနဲ့ ကျွန်ုပ်တို့နဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ ကတိကဝတ်ပြုမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။” ဟု ပြောသည်။

အူရီဒူးမြန်မာနှင့် UNDP တို့သည် ရဲဝံ့ခိုင်မာသော ပြုပြင်ပြောင်းလဲရေးခြေလှမ်းများဖြင့် မြန်မာပြည်သူများကို  ရေရှည်တည်တံ့ပြီး ပြန်လည်တိုးတက်ရေးလမ်းကြောင်းပေါ်တွင် ပြောင်းလဲ လျှောက်လှမ်း နေနိုင်ရန်အတွက် လိုအပ်သော ၀ိုင်းဝန်းကူညီမှုပြုရန် ဆုံးဖြတ်ချက် ချမှတ်ထားပါသည်။ ၄င်းတို့သည် ဤမိတ်ဖက်လုပ်ငန်းကို စတင်ပါ၀င်ဆောင်ရွက်ကြရာတွင် မည်သူတဦးတယောက်မျှ နောက်ကျကျန်ရစ်မနေရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု အတွက် မိတ်ဖက်ပြုလုပ်ငန်း များတွင် ဖြည့်ဆည်းပံ့ပိုးပေးရန်ဖြစ်သည်။ ဤမိတ်ဖက်ပြုခြင်းသည် SDGs များ အောင်မြင်ရရှိစေရန် အရှိန်မြှင့် လုပ်ဆောင်ရာတွင် စွန့်ဦးတီထွင် အခွင့်အလမ်းများကို လက်လှမ်းမီစေနိုင်ရန် ဆန်းသစ်ပြောင်းလဲသော ချဉ်းကပ်ပုံများဖြင့် အမျိုးသမီးများနှင့် လူငယ်များ ပါ၀င်လာစေနိုင်မည် ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် -

Ooredoo Communication Team | +959 9733 33322 | mhan1@ooredoo.com.mm
UNDP Communication Team | +95 9 7916 39052 | yamon.phu.thit@undp.org      

အူရီဒူးမြန်မာ၏ အကြောင်း

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများအား ပေးအပ်ရာတွင် ဦးဆောင်လျှက်ရှိပြီး ၂၀၁၈ ခုနှစ် မေလတွင် ၀န်ဆောင်မှုအသုံးပြုသူ ၉သန်းကျော် ရှိလာပြီ ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဆက်သွယ်ရေးဝန်ဆောင်မှုများအား စတင်ပေးအပ်ပြီးသည့် နောက်တွင် အူရီဒူးသည် 3G နှင့် 2G ကွန်ရက်များအား နိုင်ငံတဝှမ်းတွင် ဖြန့်ကြက်လွှမ်းခြုံခြင်းဖြင့် ၀န်ဆောင်မှုများ ပေးအပ်လျှက်ရှိပြီး အကျယ်ပြန့်ဆုံးနှင့် လိုင်းအတည်ငြိမ်ဆုံး 4G ကွန်ရက်ကိုပါ ဖြန့်ကြက်ပေး ထားပါသည်။ Ookla Speedtest Intelligence® ၏ ၂၀၁၈ခုနှစ် Q1-Q2 ဒေတာများအရ အူရီဒူး၏  4G/3G ကွန်ရက်သည်မြန်မာနိုင်ငံတွင် အမြန်ဆုံးကွန်ရက် အဖြစ်အသိအမှတ်ပြုမှုကို ရရှိခဲ့ပါသည်။ ၎င်းသည် 4G ကွန်ရက်ကို ဆက်လက်ဖြန့်ကြက်ပေးလျှက်ရှိပြီး 4G ကွန်ရက်လွှမ်းခြုံထားသော မြို့နယ်ပေါင်းသည် ၂၀၁၈ခုနှစ်၊ စက်တင်ဘာလကုန်တွင် မြို့နယ်ပေါင်း ၂၈၅ မြို့နယ်အထိ ရှိလာပြီဖြစ်ပါသည်။

 ယခုအခါတွင် အူရီဒူးမြန်မာသည် လူမှုဘဝတိုးတက်ကောင်းမွန်စေရန် အထောက်အကူပြုမည့် မိုဘိုင်းငွေကြေးစနစ်၊ တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးကို အထောက်အကူပြုစေမည့် ၀န်ဆောင်မှုများ၊ FTTH ၊ Supernet Wireless နှင့် အခြားများစွာသော ၀န်ဆောင်မှုများစွာကို ပေးအပ်လျှက်ရှိပါသည်။ အင်တာပရိုက်များ၊ အစိုးရရုံးဌာနများ နှင့် အသေးစားအလတ်စား စီပွားရေးလုပ်ငန်းများ အတွက်လုပ်ငန်းအရှိန်အဟုန်မြှင့်တင်လုပ်ဆောင်နိုင်ရန်အတွက် Fixed နှင့် Mobile ကဲ့သို့သော အခြေခံ ဆက်သွယ်ရေးဝန်ဆောင်မှုများမှစတင်ပြီး IPVPN ကဲ့သို့သော Business Solution များကို ၀န်ဆောင်မှုပေးအပ်လျှက်ရှိပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ ၀န်ဆောင်မှုများ နှင့် လူမှုအကျိုးပြုလုပ်ငန်းများဖြစ်သည့် “မိနစ်များ များများပြောလေ” အစီအစဉ်၊ UNOPS နှင့် ပူးပေါင်းဆောင်ရွက်ပေးထားသည့် ပဏာမ  ကျန်းမာရေးစောင့်ရှောက်မှုကွန်ရက် ဆောက်လုပ်ခြင်း အစီအစဉ်နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးပေါင်းဆောင်ရွက်ထားသည့် ရေကောင်းရေသန့်ရရှိရေး အစီအစဉ် စသည်တို့ကို လုပ်ဆောင်ခြင်းဖြင့် မြန်မာပြည်သူများ၏ ဘဝကို တိုးတက်အောင် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

Instagram: @ooredoomyanmar
Facebook: www.facebook.com/OoredooMyanmar
LinkedIn: www.linkedin.com/company/ooredoomyanmar

UNDP၏ အချက်အလက်များ

UNDP သည် နိုင်ငံပေါင်း ၁၇၀ ကျော်တွင် မြေပြင်လက်တွေ့ ပါ၀င်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာအမြင်နှင့် ပြည်တွင်း အသိအမြင်များ စုစည်းကာ နည်းပညာ အကူအညီများ၊ မူဝါဒ အကြံပြုချက်များနှင့် ဖွံ့ဖြိုးမှု အထောက်အကူပြု လုပ်ငန်းများကို စီစဉ်ပံ့ပိုးပေးလျက်ရှိသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ အလွန်အမင်းဆင်းရဲမွဲတေမှု ပပျောက်သွားရန်၊ မညီမျှမှုများ လျော့ကျသွားစေရန်နှင့် ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ အောင်မြင်ပြည့်မှီရန် လုပ်ငန်းစဉ်များတွင် နိုင်ငံများသို့ ၀ိုင်းဝန်း ကူညီ ထောက်ပံ့ပေးရန်ဖြစ်သည်။

မြန်မာနိုင်ငံတွင် UNDP သည် ၁၉၅၀ ပြည့်နှစ်များမှ စတင်ပြီး မြန်မာပြည်သူများသို ဖွံ့ဖြိုးရေး အကူအညီများ ပေးအပ်လျက်ရှိသည်။ ယနေ့ကာလတွင် UNDP မြန်မာသည် ရည်မှန်းချက် ကြီးမားသော ၂၀၃၀ လုပ်ငန်းစဉ် အောင်မြင်ရန် အကူအညီပေးခြင်းနှင့် SDGs များ အကောင်အထည် ဖော်ရာတွင် ကမ္ဘာအနှံ့ လက်တွေ့ လုပ်ဆောင်မှုကောင်းများနှင့် အပြည်ပြည်ဆိုင်ရာစံနှုန်းများ သယ်ဆောင်လာခြင်းနှင့် မိတ်ဖက်များနှင့် နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်ခြင်း၊ ကုလသမဂ္ဂ၏ စနစ်ဖြစ်သော ၂၀၃၀ လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံတဝှမ်း ဖွံ့ဖြိုးရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဦးစားပေး အစီအစဉ်အလိုက် စု‌ပေါင်းလျက် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများသို့ပေးအပ်နိုင်ရန် ထောက်ပံ့ ကူညီပေးလျက်ရှိသည်။

Facebook: www.facebook.com/UNDPMyanmar
Twitter: www.twitter.com/UNDP_Myanmar
Website: www.mm.undp.org