မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများကို အထောက်အပံ့ပေးမည့် UNDP ၏ ကနဦးရေဘေးပြည်လည်ထူထောင်ရေး အထောက်အကူပြု စီမံကိန်းလုပ်ငန်းများ မိတ်ဆက်ခြင်း

2018- December 13

     

ကျိုက်မရောမြို့နယ်၊ မွန်ပြည်နယ်၊ မြန်မာ။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်သည် ၎င်းအကောင်အထည်ဖော် ဆောင်ရွက်မည့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအား အထောက်အပံ့ပေးမည့် ကနဦးရေဘေးပြန်လည်ထူထောင်ရေး စီမံကိန်းအား မိတ်ဆက်ကြေငြာခဲ့ပါသည်။ ကျိုက်မရောမြို့နယ်သည် ၂၀၁၈ ခုနှစ် ဇူလိုင်နှင့် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများတွင် ထိခိုက်ခံရမှု အမြင့်ဆုံး မြို့နယ်စာရင်းတွင် ပါ၀င်ပါသည်။ စီမံကိန်းလုပ်ငန်းများ မိတ်ဆက်ကြေငြာခြင်း အခမ်းအနားကို ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ရှိဌာနဆိုင်ရာများနှင့်  UNDP တို့မှ တက်ရောက်ခဲ့ကြပါသည်။

မွန်ပြည်နယ်အစိုးရ ကိုယ်စားပြုအနေဖြင့် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးအောင်မြင့်ခိုင်နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေတို့ တက်ရောက်ခဲ့ကြပါသည်။ ၎င်းအပြင် ကျိုက်မရောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်လွင်တို့သည်လည်း မြို့နယ်အဆင့် တာဝန်ရှိသူများ ကိုယ်စားပြုအနေဖြင့် တက်ရောက်ခဲ့ပါသည်။ UNDP မှလည်း မွန်ပြည်နယ်ရုံး တာဝန်ခံ ဒေါ်နီနီလွင် နငှ့် ရန်ကုန်ရုံးမှ ၀န်ထမ်းများလည်း တက်ရောက်ခဲ့ပါသည်။

မွန်ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် UNDP ၏ ကနဦး ရေဘေး ပြန်လည်ထူထောင်ရေး အထောက်အကူပြုစီမံကိန်းလုပ်ငန်းများ မိတ်ဆက်ကြေငြာခြင်း အခမ်းအနားတွင် ၂၀၁၈ ခုနှစ် မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းအပေါ်တွင် ပြည်နယ်အစိုးရအနေဖြင့် လုပ်ဆောင်ခဲ့မှုများနှင့် သင်ခန်းစာများနှင့် ပတ် သက်ပြီး မျှဝေခဲ့ပါသည်။ ၀န်ကြီးမှ “ကျွန်တော့အနေနဲ့ ကျိုက်မရောမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများကို အကူအညီပေးတဲ့ UNDP ရဲ့ ကနဦး ရေဘေးပြန်လည်ထူထောင်ရေး စီမံကိန်းလုပ်ငန်းများ အပေါ် ၀မ်းသာပီတိ ဖြစ်ရပါတယ်။ ရေဘေးသင့်ကာလအတွင်းမှာလည်း အရေးပေါ်အခြေအနေများ စီမံခန့်ခွဲလုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ရာတွင် မွန်ပြည်နယ်အစိုးရ အနေဖြင့် အကောင်းဆုံးလုပ်ဆောင် ပေးနိုင်ခဲ့မှု အပေါ်တွင်လည်း ကျေနပ်မိပါတယ်။ ကျွန်တော့အနေဖြင့် နောက်ထပ်ဦးစားပေး ပြောကြားလိုတာ ကတော့ ဘေးအန္တရာယ်တစ်ခုကြုံတွေ့လာပါက သက်ဆိုင်ရာ တာဝန်ရှိသူများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု နှင့် အချင်းချင်းအချိတ်အဆက်မိမိ လုပ်ဆောင်နိုင်ဖို့က အလွန်အရေးကြီးကြောင်း နှင့် ကျွန်တော်တို့ လုပ်ဆောင်ခဲ့မှု အကောင်းဆုံးဖြစ်ခဲ့ခြင်းမှာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာမြို့နယ် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ မိတ်ဖက်အဖွဲ့များဖြစ်သည့် UN အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGO/NGOs) နဲ့  ကောင်းကောင်း ချိတ်ဆက်ပြီး လိုအပ်သည့်နေရာများတွင် ထိထိရောက်ရောက် အကူအညီပေးဆောင်ရွက်နိုင်အောင် စီစဉ်ပေးနိုင်ခဲ့မှုများကို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။” ဟုမျှဝေခဲ့ပါသည်။

အခမ်းအနားတွင် ပြည်နယ်အဆင့်ကိုယ်စားပြု တက်ရောက်ခဲ့သော ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေမှလည်း ၂၀၁၈ ခုနှစ် မွန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရေဘေးစီမံခန့်ခွဲမှုများနှင့် ပတ်သက်ပြီး အကောင်းဆုံးလုပ်ဆောင်ခဲ့မှုများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လိုအပ်သလို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ကိုလည်း တိုက်တွန်းပြောကြား သွားပါသည်။ ညွှန်ကြားရေးမှူး ဦးသောင်းရွှေ အကြံပေးမျှဝေပေးခဲ့ရာတွင် “ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန အနေဖြင့်လည်း ဘေးအန္တရာယ် စီမံခန့်ခွဲရေး လုပ်ငန်းများ ထိထိရောက်ရောက် လုပ်ဆောင်နိုင်စေရန် မွန်ပြည်နယ်အစိုးရ၏ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီတွင် လည်း တွဲဖက် အတွင်းရေးမှူး အနေဖြင့် ဦးဆောင်လုပ်ကိုင်နေပါတယ်၊ ပြီးတော့ ကျွန်တော်တို့ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနသည် ဘေးအန္တရာယ် စီမံခန့်ခွဲရေးနဲ့ပါတ်သက်တဲ့ လုပ်ငန်းများတွင် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်ဖို့ အတွက် အဓိကဌာနလည်း ဖြစ်ပါတယ်။ ယခုလို ဘေးအန္တရာယ်အလွန် ပြန်လည်ထူထောင်ရေးကာလတွင် ကျိုက်မရော မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား အကူအညီပေးသည့် UNDP ၏ ကနဦးရေဘေး ပြန်လည်ထူထောင်ရေး စီမံကိန်းလုပ်ငန်းအပေါ်တွင် ကျွန်တော့ အနေဖြင့် အတိုင်းမသိ၀မ်းသာရပါတယ်။” ဟူ၍‌ပြောကြားခဲ့ပါသည်။

ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူးမှလည်း ၂၀၁၈ ခုနှစ် ရေဘေးပြန်လည်ထူထောင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ရာတွင် “ပထမဦးဆုံးအနေနဲ့ပြောချင်တာကတော့ ကျွန်တော်တို့ ကျိုက်မရောမြို့နယ်မှ ရေဘေးသင့်ပြည်သူများအား ရေဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့အကူအညီပေးမည့် UNDP အား အထူးပင် ကျေးဇူး တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ၎င်းအပြင် ကျိုက်မရောမြို့နယ်ကို ရေဘေး ပြန်လည်ထူထောင်ရေးနဲ့ ပါတ်သက်ပြီး ကျွန်တော်တို့ မြို့နယ်ဆိုင်ရာ တာဝန်ရှိသူများနဲ့ ပူးပေါင်းပြီး လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက်လည်း ၀မ်းသာပါတယ်။ သက်ဆိုင်ရာ မြို့နယ် ဌာနဆိုင်ရာများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်သွားပါမယ်လို့လည်း ကျွန်တော့အနေဖြင့် ပြောကြားလိုပါတယ်” စသည်ဖြင့် ဆွေးနွေးသွားပါသည်။

UNDP သည် နိုင်ငံတကာအဆင့်တွင် ကနဦးပြန်လည်ထူထောင်ရေးနယ်ပယ်၌ အတိုင်းအတာတစ်ခုထိ တာဝန်ရှိသည့်အဖွဲ့အစည်းအနေဖြင့် ယခုအထောက်အပံ့သည် ရေဘေးသင့်ပြည်သူများ လျှင်မြန်စွာ ပြန်လည် နလန်ထူလာစေခြင်း၊ ပြန်လည်ပြီးပိုမိုကောင်းမွန်လာအောင် တည်ဆောက်ခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခြင်း၊ တုန့်ပြန်ခြင်းနှင့် ပိုမိုတုန့်ပြန် တွန်းလှန်နိုင်သော ပြည်လည်ထူထောင်ရေး ဘေးအန္တရာယ်စီမံခန့်ခွဲရေးတွင် အဆင့်အသီးသီးရှိ မြန်မာအစိုးရဌာနဆိုင်ရာများအား စွမ်းဆောင်ရည် မြှင့်တင်ပေး ခြင်းတို့တွင်များစွာ အထောက်အကူ ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ယင်းအကြောင်းအရာများနှင့် စပ်လျဉ်းပြီး UNDP မွန်ပြည်နယ်ရုံး တာဝန်ခံ ဒေါ်နီနီလွင်မှလည်း ဆွေးနွေးခဲ့ပြီး၊ ယင်းဆွေးနွေးမှုများတွင် “UNDP သည် ရေဘေးသင့် ပြည်သူများအား အထောက်အပံ့ပေးမည့် ကနဦးရေဘေးပြန်လည်ထူထောင်ရေးတွင် ကျိုက်မရော မြို့နယ်အား အထောက်အပံ့ပေးသွားမည်ဖြစ်ပြီး၊ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းတွေ ကတော့  ရေဘေးသင့်ပြည်သူများအား အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ လုပ်ငန်းများကို ထောက်ပံ့ပေးသွား ပါမယ်။ အဆိုပါလုပ်ငန်းတွေကတော့ အလုပ်အကိုင်ဖန်တီးပေးခြင်း၊ တောင်သူ လယ်သမားများအား အထောက်အပံ့ပေးခြင်း၊ နှင့် ပြည်နယ်နှင့် မြို့နယ်အဆင့်ရှိ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများအား စွမ်းဆောင်ရည် မြှင့်တင်မှု သင်တန်းများ ပေးအပ်ခြင်း စတာတွေကို လုပ်ဆောင်သွားမှာပါ”  စသည်ဖြင့် ဆွေးနွေးခဲ့ပါသည်။

စီမံကိန်းမိတ်ဆက်ကြေငြာခြင်း အခမ်းအနားတွင် ရေဘေးသင့်ဒေသခံပြည်သူများထဲမှ ဒေသခံအချို့ တက်ရောက်ခဲ့ပြီး၊ ၎င်းတို့အထဲမှ ဒေါ်ခိုင်ခိုင်ရီ နှင့် ဦးဖေသန်းတို့မှလည်း ရေကြီးစဉ်ကာလနှင့် ရေဘေးကာလလွန် ပြည်လည်ထူထောင်းရေး ကာလအတွင်း ၎င်းတို့ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများနှင့် မှ အကူအညီပေးမည့် ကနဦးရေဘေးပြန်လည်ထူထောင်ရေး စီမံကိန်း လုပ်ငန်းများအပေါ်တွင် ကျေနပ်မိကြောင်း၊ ယခုလို အထောက်အပံ့များရရှိမှုအပေါ်တွင် ထောက်ပံ့ပေးသော အဖွဲ့နငှ့် ချိတ်ဆက်လုပ်ဆောင်ပေးသော သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားသွားပါသည်၊ “ကျွန်တော့အနေဖြင့် ရေဘေးသင့် ပြည်သူများကိုယ်စား ပြောလိုတာကတော့ ယခုလို လယ်သမားများအား ရေသွင်းစိုက်ပျိုးရေးတွင် ပြန်လည်စိုက်ပျိုးထားသော စပါးခင်းများ မျိုးအောင်ရေရရှိစေရန်အတွက် ရေတင်ရေသွင်းနိုင်စေရန် လောင်စာဆီထောက်ပံ့ပေးမှုသည် ကျွန်တော်အပါအဝင် တောင်သူအားလုံးအတွက် အရမ်းကို အကျိုးရှိလို့ ကျေးဇူးအထူး တင်ရပါတယ်။”

ကနဦးရေဘေးပြန်လည်ထူထောင်ရေး စီမံကိန်းလုပ်ငန်းများ မိတ်ဆက်ပွဲ အခမ်းအနားတွင် အကျိုးခံစားခွင့်ရ အမျိုးသမီး၊ အမျိုးသား လယ်သမားစုစုပေါင်း ၁၅၈၃ ဦး အား ရေသွင်းစိုက်ပျိုးရေးတွင် လယ်များအတွင်း ရေစုပ်စက်ကိုအသုံးပြုပြီး ရေတင်နိုင်စေရန် လောင်စာဆီထောက်ပံ့ပေးခြင်းအား ၃ ရက်ဆက်တိုက် လုပ်ဆောင်သွားပါမည်။ ရေးဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး၊ ပြန်လည် စိုက်ပျိုးထားသော စပါးစိုက်ခင်းဧက ၅၅၀၀ ခန့်အား ရေတင်သွင်းပေးနိုင်ရန် လောင်စာဆီများ အထောက်အပံ့ပေးခြင်း ဖြစ်ပါသည်။ ယခု အထောက်အကူပြု စီမံကိန်းသည် ရေဘေးသင့်ဒေသများရှိ အထိခိုက်ခံဒေသခံပြည်သူများအား မြန်မာအစိုးရ၏ ကနဦးရေဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ဖြည့်စွက်သည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး၊ အထူးသဖြင့် ရေဘေးကြောင့် အထိခိုက်ခံ တောင်သူများအား ရေဘေးထိခိုက်မှုမှ ပြန်လည်နလန်ထလာစေရန် အထောက်အကူပြုသော စီမံကိန်းလည်း ဖြစ်ပါသည်။

ကနဦးရေဘေးပြန်လည်ထူထောင်ရေး   အထောက်အကူပြု စီမံကိန်းလုပ်ငန်းများတွင် အခြားသော လုပ်ငန်းများလည်း ပါ၀င်ပါသည်။ ၎င်းတို့မှာ ရေကြီးမှုကြောင့် ထိခိုက်ခံခဲ့ရသော ကျိုက်မရော မြို့နယ်အတွင်းရှိ မြစ် ၄-၅ စင်းအတွင်း ကျရောက်ခဲ့သော အနည်အနှစ်များ ပြန်လည်ဆယ်ယူခြင်း နှင့် ရေဘေးသင့်ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းအတွက် လူဦးရေ ၁၀၀၀ ကျော်အား အလုပ်အကိုင်ဖန်တီးပေးခြင်း စသည်တို့ဖြစ်ပြီး၊ ယင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းအား နောက်လများတွင် ချက်ချင်းလုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ထပ်မံသိလိုသည်များ ရှိပါက UNDP Myanmar ၏ Communication Team သို့ email ဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်