UNDP၊ UNCTAD နှင့် အူရီဒူးမြန်မာတို့ ပူးပေါင်းကာ စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှု မြှင့်တင်မှုသင်တန်းကို ရန်ကုန်မြို့တွင် ပြုလုပ်

2018- December 24

ရန်ကုန် - မကြာသေးမီက ပြုလုပ်ပြီးစီးခဲ့သော UNDP၊ Ooredoo Myanmar နှင့် Impact Hub တို့ ပူးပေါင်းပြုလုပ်သည့် Hackathon 2018 တွင် ဆုရရှိသော တက္ကသိုလ် ကျောင်းသား ကျောင်းသူမျာသည် ဒီဇင်ဘာလ ၁၅ရက် မှ ၂၀ရက် ထိ အူရီဒူးမြန်မာနှင့် ပူးပေါင်း ကျင်းပပြုလုပ်ခဲ့သော UNCTAD နှင့် UNDP ၏ စွမ်းဆောင်ရည်မြင့် စွန့်ဦးတီထွင်ပညာရပ်ဆိုင်ရာ သင်တန်းတွင် ပထမဦးဆုံး သင်တန်းဆင်းများ ဖြစ်လာကြသည်။
 

ဤ၆ ရက်ကြာသင်တန်း သည် ၁၉၈၈ တွင်စတင်ခဲ့ကာ နိုင်ငံပေါင်း ၄၀ ကျော်တွင် သင်တန်းသားပေါင်း ၄၄၀,၀၀၀ အားမွေးထုတ်နိုင်ခဲ့သည့် UNCTAD ၏ Empretec Programme  အောက်တွင် ပါရှိသောသင်တန်းဖြစ်ပြီး ဤသင်တန်းသည် UNDP နှင့် အူရီဒူးမြန်မာတို့အကြား ၂၀၁၈ နိုဝင်ဘာလတွင် နှစ်ဦးသဘောတူ နားလည်မှုစာချုပ် ရေးထိုးကြပြီးနောက် ဒုတိယအကြိမ်မြောက် ပူးပေါင်းခြင်း ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ သင်တန်းဖွင့်ပွဲတွင် UNDP ၏ Sustainable and Inclusive Growth Unit ၏ ခေါင်းဆောင် Biplove Choudhary က “မြန်မာနိုင်ငံမှာ တည်ငြိမ်ပြီး ခိုင်မာမှုရှိတဲ့ ပုဂ္ဂလိကကဏ္ဍ ဖြစ်ပေါ်လာဖို့ UNDP က ပံ့ပိုးပေးဖို့ ကတိကဝတ်ပြုထားပါတယ်။ အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းတွေကို ပံ့ပိုးကူညီခြင်းဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့အတွက် ဒီလုပ်ငန်းတွေကို ထောက်ပံ့ဖို့ ဆန်းသစ်တဲ့ နည်းလမ်းတွေကို ဆက်လက်ရှာဖွေ ပံ့ပိုးသွားမှာပါ။” ဟု ပြောသည်။

သင်တန်းတွင် ပါဝင်တက်ရောက်ခဲ့သူများထဲမှ တစ်ဦးဖြစ်သော မဟန်နီမြဝင်းက “ကျွန်မရဲ့ စွန့်ဦးတီထွင် ခရီးစဉ်အတွက် ဘဝပြောင်းလဲစေနိုင်လောက်တဲ့ ပညာများရခဲ့ပါတယ်” ဟုပြောကြားခဲ့ပြီး Hackathon တွင် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေး ခေါင်းစဉ်တွင် အနိုင်ရရှိခဲ့သည့် အဖွဲ့ဝင် မခိုင်လွင်မြင့်ကလည်း “ကျွန်မမှာ ကျွန်မတို့ရဲ့ app ကိုတီတွင်ဖို့ တစ်နှစ်ပဲ အချိန်ရတယ်ဆို တာသိရပါတယ်။ လုပ်ချင်တဲ့ idea ပဲရှိပြီး လက်တွေ့ အကောင်အထည် ဘယ်လိုဖော်ရမှန်းမသိ ဖြစ်နေခဲ့တာပါ။ ဒီသင်တန်းကိုတက်ပြီးသွားမှပဲ ဘယ်ကနေဘာကို စလုပ်ရမယ်ဆိုတာကို သိရှိလာခဲ့ပါတယ်။ ကျွန်မအတွက်တော့ အရမ်းအကျိုးရှိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

၎င်းသင်တန်းသည် စွန့်ဦးတီထွင်သူများမွေးထုတ်ပေးခြင်း၊ အလုပ်အကိုင်များ ဖန်တီးပေးခြင်းနှင့် အမျိုးသမီးများနှင့် လူငယ်များအတွက် လူမှုရေးသက်ရောက်မှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှု များ ပြုလုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ရည်ရှည်တည်တံခိုင်မြဲရေးအား မြှင့်တင်ပေးရန် UNDP စီမံကိန်း ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ UNDP သည် UNCTAD နှင့်ပူးပေါင်း၍ Empretec သင်တန်းပုံစံအား မြန်မာပြည်တွင် စမ်းသပ်ကြည့်ခြင်းဖြစ်ပြီး  နိုင်ငံအတွက် မည်မျှအသုံးဝင်သည်ဆိုသည်ကို  သိရှိသုံးသပ်နိုင်ရန်လည်း ဖြစ်ပါသည်။

Empretec သင်တန်းဆင်းများသည် UNDP နှင့် ရှေ့လျှောက်ပူးပေါင်းကာ ပုဂ္ဂလိကကဏ္ဍ ချိတ်ဆက်မှုများ၊ အတွေ့အကြုံမျှဝေခြင်းများနှင့် လမ်းညွှန်သင်ပြခြင်းများ မြှင့်တင်သွားရန် ကတိကဝတ်ပြုခဲ့ကြပါသည်။

အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန်

ဆက်စပ်လင့်ခ်များ