ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုသလမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) မှ ကိုယ်စားလှယ်များ ရခိုင်ပြည်နယ်သို့သွားရောက်

2018- July 7

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ညွှန်ကြားရေးမှုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ရခိုင်တွင်တွေ့ဆုံ။ ဓာတ်ပုံ - Global New Light of Myanmar

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ  ညွှန်ကြားရေးမှူး  ဦးဆောင်၍  ကုလသမဂ္ဂ  ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ  ညွှန်ကြားရေးမှူး ပါဝင်သည့်ပူးတွဲကိုယ်စားလှယ်အဖွဲ့သည်  ဇူလိုင်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပါသည်။ အဆိုပါ ခရီးစဉ်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ၊ UNDP နှင့် UNHCR တို့ သုံးပွင့်ဆိုင်  နားလည်မှုစာချွန်လွှာ  ရေးထိုးအပြီးတွင်  ပထမဆုံး သွားရောက်သည့်   ခရီးစဉ်ဖြစ်ပါသည်။   ဤနားလည်မှု   စာချွန်လွှာကိုဒုက္ခသည်များ ၄င်းတို့၏ ဆန္ဒသဘောထားနှင့်အညီ၊အန္တရာယ်ကင်းစွာ၊ သိက္ခာရှိရှိ၊   စဉ်ဆက်မပြတ်   ပြန်လာစေနိုင်မည့် အခြေအနေကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ရေးထိုးခဲ့ခြင်း ဖြစ်ပါသည်။

ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် စစ်တွေနှင့် မောင်တောမြို့များရှိ အကြီးတန်းအစိုးရ အဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့ကြပါသည်။ ထို့ပြင် မောင်တောနှင့် ဘူးသီးတောင်မြို့နယ် များရှိ ကျေးရွာများတွင်နေထိုင်နေကြသောအသိုက်အဝန်းများအားလုံးနှင့်တွေ့ဆုံခဲ့ကြပါသည်။ ယင်းကဲ့သို့ သွားရောက်ရသည့်ရည်ရွယ်ချက်မှာ မတူညီသောအသိုက်အဝန်းအသီးသီး၏ အခြေအနေများနှင့် ပတ်သက်၍ သိရှိနိုင်ရန် ကနဦးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်ဖြစ်ပါသည်။ ထို့ပြင်အဆိုပါအ ခြေအနေများကို တိုးတက်ကောင်းမွန်စေရန်နှင့် ၄င်းတို့ကြုံတွေ့နေရသော အခက်အခဲများ ဖြစ်သည့် အသက်မွေးဝမ်းကျောင်းရရှိရေး၊ ဝန်ဆောင်မှုများကိုလက်လှမ်းမီရရှိရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အကာအကွယ်ရရှိရေးတို့ကို ကူညီဖြေရှင်းပေးနိုင်ရန် နည်းလမ်းများနှင့် အဆိုပါနည်းလမ်းများကို UNDP နှင့် UNHCR တို့မှမည်သို့ကူညီဆောင်ရွက်ပေးနိုင်မည်ကို မြန်မာနိုင်ငံအစိုးရနှင့် တိုင်ပင်ဆွေးနွေးရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

UNHCR၏ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးသည် ၄င်း၏ခရီးစဉ်အတွင်း နေပြည်တော်ရှိ အကြီးတန်းအစိုးရအဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် သုံးပွင့်ဆိုင်နားလည်မှု စာချွန်လွှာကို အမြန်ဆုံး ရှေ့ဆက်အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း နှင့် မြင်သာထင်သာသောရလဒ်များ အမြန်ဆုံးရရှိရန် အရေးကြီးကြောင်းကို သဘောတူလက်ခံခဲ့ကြပါသည်။