အာရှဖွံ့ဖြိုးရေးဘဏ်နှင့် UNDP တို့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်သို့ သွားရောက်ရာတွင် အောင်မြင်မှုများကို အရှိန်မြှင့်တင်ရန် သဘောတူညီချက်ကို သက်တမ်းတိုး

2019- April 12

ဝါရှင်တန် ဒီစီ၊ အမေရိကန်ပြည်ထောင်စု (၂၀၁၉ ခုနှစ် ဧပြီ ၁၂ ရက်) - အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် UNDP တို့သည် အာရှနှင့် ပစိဖိတ်ဒေသအတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များသို့ ရောက်ရှိရန် ကြိုးပမ်းမှုကို အရှိန်မြှင့်တင်ရန် နှစ်တာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။

နားလည်မှုစာချွန်လွှာကို အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဌ Mr. Takehiko Nakao နှင့် UNDP ၏ အုပ်ချုပ်ရေးမှူး Mr. Achim Steiner တို့က ဝါရှင်တန် ဒီစီတွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ စာချွန်လွှာတွင် ADB နှင့် UNDP တို့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန်၊နိုင်ငံအဆင့်နှင့် ဒေသဆိုင်ရာ အဆင့်များတွင် ပူးပေါင်းမှုများကို အရှိန်မြှင့်တင်ရန်နှင့် အာရှနှင့် ပစိဖိတ်ဒေသအတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များသို့ ရောက်ရှိရန် ကြိုးပမ်းမှုကို အရှိန်မြှင့်တင်ရာတွင် အားကောင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်ပါသည်။

 “ADB နဲ့ UNDP တို့ဟာ အာရှနဲ့ ပစိဖိတ်ဒေသအတွင်းမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကာလကြာရှည် လက်တွဲဆောင်ရွက်နေကြတဲ့ မိတ်ဖက်တွေပဲဖြစ်ပါတယ်။” ဟု Mr. Nakao က ပြောသည်။ “UNDP က နိုင်ငံတော်တော်များများမှာ ဆောင်ရွက်နေတဲ့ မူဝါဒရေးရာ ဒိုင်ယာလော့ခ်တွေနဲ့ နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးတွေဟာ ADB ရဲ့ စီမံချက်တွေ အကောင်အထည်ဖော်ရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ဒီနားလည်မှု စာချွန်လွှာကနေတဆင့် ကျွန်ုပ်တို့ဟာ သာယာဝပြောပြီး အားလုံးပါဝင်မှုရှိကာ ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ အာရှနဲ့ ပစိဖိတ်ဒေသဖြစ်လာဖို့ ကြိုးပမ်းသွားမှာပါ။” ဟု ပြောသည်။

စာချွန်လွှာတွင် ပူးပေါင်းဆောင်ရွက်သွားမည့် ဦးစားပေးလုပ်ငန်းများကို ဒေသတွင်းရှိ နိုင်ငံများ၏ လိုအပ်ချက်နှင့် ဦးစားပေးမှုများအပေါ်အခြေခံ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး SDG ပန်းတိုင်များသို့ ရောက်ရှိရန် ကြိုးပမ်းရာတွင် ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုများတွင် အသိပညာများ ပူးတွဲ ဖန်တီးခြင်း၊ အပြန်အလှန် ဖလှယ်ခြင်းနှင့် ထိတွေ့ဆောင်ရွက်ခြင်း၊ တိုက်ရိုက် နည်းပညာ အကူအညီပေးခြင်းနှင့် SDG များ အကောင်အထည်ဖော်ခြင်း၊ SDG အတွက် ဆန်းသစ်တီထွင်သော ရန်ပုံငွေများ ပေးခြင်း၊ သဘာဝ ဘေးအန္တရာယ် လျှော့ချခြင်း၊ သန့်စင်၍ အကုန်အကျ သက်သာသော စွမ်းအင်ကို လက်လှမ်းမီရရှိစေခြင်းနှင့် ဒေသတွင်းဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများ မြှင့်တင်ခြင်း စသော စီမံချက် အကောင်အထည်ဖော်မှုများကို ဆောင်ရွက်ခြင်းတို့ ပါဝင်မည်ဖြစ်ပါသည်။

အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ UNDP တို့ရဲ့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအသစ်ကို ကျွန်ုပ်တို့ ကျေနပ်အားရပါတယ်။ ဒါဟာ အာရှနှင့်ပစိဖိတ်၊ အာရှအလယ်ပိုင်းနဲ့ တောင်ပိုင်းကော့ကေးဆပ်ရှိ နိုင်ငံတွေမှာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဖို့ ကျွန်ုပ်တို့၏ကတိကဝတ်တွေကို ပြသခြင်းဖြစ်ပါတယ်။” ဟု Mr. Steiner က ပြောသည်။ “ဒီပူးပေါင်းဆောင်ရွက်မှုက ဒီဒေသတွေမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးရေးရည်မှန်းချက်တွေ တိုးတက်မှုကို အရှိန်မြှင့်ဖို့ နိုင်ငံတွေနဲ့ ကျွန်ုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပေးပါလိမ့်မယ်။" ဟု ပြောသည်။

ဤနားလည်မှု စာချွန်လွှာသည် ADB နှင့် UNDP အကြား ၂ဝဝ၇ ခုနှစ်က ရေးထိုးခဲ့သော သဘောတူညီချက်ကို ၂ဝ၁၄ ခုနှစ်တွင် သက်တမ်းတိုးခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ထိုသဘောတူညီချက်အရ ADB နှင့် UNDP တို့သည် ဒေသတွင်းရှိ နိုင်ငံအဆင့်တွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းလုပ်ဆောင်နေကြပါသည်။

ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှေ့နိုင်ငံတွင် ADB ၏  ဒုတိယ စစ်တကောင်းတောင်တန်းဒေသ ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းအရ ADB နှင့် UNDP တို့သည် ဌာနေတိုင်းရင်းသားများအား ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများပေးရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် ADB နှင့် UNDP တို့သည် ကော့ဘဇားရှိ စီမံကိန်းများအတွက် ပြင်ပအထောက်အပံ့များကို ရရှိရန် ညှိနှိုင်း ဆောင်ရွက်ရန်နှင့် ရိုဟင်ဂျာဒုက္ခသည်များကို ကူညီပံ့ပိုးရာတွင် အလှူရှင်များနှင့် ညှိနှိုင်းမှုကို ထိရောက်စွာ အားဖြည့်ရန်လုပ်ဆောင်နေကြပါသည်။

ထို့အပြင် ADB နှင့် UNDP တို့သည် SDG အကောင်အထည်ဖော်မှုကို ညှိနှိုင်းရာတွင်  အဖွဲ့အစည်းများ တည်ထောင်ရန် ကာဇက်စတန်အစိုးရအား နည်းပညာပိုင်းဆိုင်ရာပံ့ပိုးကူညီမှုများပေးခဲ့သည်။

ADB နှင့် UNDP တို့သည် တောင်အာရှဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စွမ်းအင်စနစ် တိုးချဲ့ခြင်း စီမံကိန်းဖြင့် အသေးစား ရေအားလျှပ်စစ်နှင့် အသေးစား ဓာတ်အားလိုင်းစနစ် စီမံချက်များကို အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ဤပဏာမခြေလှမ်းသည် နီပေါနိုင်ငံရှိ ဝေးလံသောဒေသများတွင် လျှပ်စစ်ဓာတ်အား လက်လှမ်းမီရရှိမှုကို တိုးချဲ့ရန်ရည်ရွယ်သည်။

နောက်ဆုံးအနေဖြင့် UNDP နှင့် ADB တို့သည်ဖွံ့ဖြိုးဆဲအဖွဲ့ဝင်နိုင်ငံများ၌ SDG ဆိုင်ရာ အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဤပူးပေါင်းမှုမှ ထိုးထွင်းသိမြင်မှုများကို ADB ၏ နိုင်ငံများနှင့် မိတ်ဖက်ပြုရေးဆိုင်ရာ မဟာဗျူဟာများကို အသိပေးနိုင်ပြီး SDG ပန်းတိုင်းများထံ အရောက်သွားရာတွင် အာရှနှင့်ပစိဖိတ်ဒေသကို အထောက်အကူပြုနိုင်သည်။

ADB သည် အလွန်အမင်း ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပြီး သာယာဝပြောပြီး အားလုံးပါဝင်မှုရှိကာ ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် အာရှ ပစိဖိတ် ဒေသဖြစ်လာရန် ကတိကဝတ်ပြုထားပါသည်။ ၂၀၁၈ ခုနှစ်တွင် ADB သည် ၂၁.၆ ဘီလီယံ တန်ဖိုးရှိ ချေးငွေများနှင့် ထောက်ပံ့ငွေများကို ပေးခဲ့ပါသည်။ ADB ကို ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ပြီး အဖွဲ့ဝင် ၆၈ ဦး (အာရှ ပစိဖိတ်ဒေသမှ ၄၉ ဦး) တို့က ပိုင်ဆိုင်ပါသည်။

UNDP သည် လူ့အဖွဲ့အစည်း အဆင့်အသီးသီးရှိ လူများနှင့် အတူလက်တွဲပြီး အကျပ်အတည်းကို ခံနိုင်ရည်ရှိသည့် နိုင်ငံများကို တည်ဆောက်ရန်နှင့် လူတိုင်းအတွက် ဘဝအရည်အသွေးကို တိုးတက်စေရန် ကူညီထောက်ပံ့ပေးပါသည်။ နိုင်ငံနှင့် နယ်မြေ ၁၇၀ နီးပါးရှိ ပြည်သူများ၏ ဘဝကို မြှင့်တင်ရန်နှင့် ကြံ့ကြံ့ခံနိုင်သော နိုင်ငံများ ဖြစ်လာစေရန် ကမ္ဘာလုံးဆိုင်ရာရှုထောင့်နှင့် ဒေသတွင်း ထိုးထွင်းသိမြင်မှုကို ဆောင်ရွက်ပေးနေသည်။ www.undp.org @UNDP

အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန် -

  • Robert Davis, Principal Communications Specialist, ADB
    Mob: (63) 999 999 6867 Email: rdavis@adb.org

  • Cedric Monteiro, Regional Communications Specialist, UNDP
    Tel: (66) 9225 67835 Email: cedric.monteiro@undp.org