UNDP ၏ အစီရင်ခံစာအသစ် - အာရှ-ပစိဖိတ်ဒေသတွင်း လူသားဖွံ့ဖြိုးတိုးတက်မှု ရုတ်ချည်းရှေ့ရောက်လာသော်လည်း မညီမျှ

2019- December 9


နယူးယော့ခ်မြို့ ၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
 တကမ္ဘာလုံး အတိုင်းအတာအရ တဟုန်ထိုးမြင့်တက်လာသော လူသားဖွံ့ဖြိုးတိုးတက်မှုကို အာရှ-ပစိဖိတ်ဒေသတွင် မျက်မြင်ကိုယ်တွေ့ကြုံရပြီ ဖြစ်သည်။ ဤဒေသသည် မြန်နှုန်းမြင့်အင်တာနက် လက်လှမ်းမီမှုတွင် တကမ္ဘာလုံးအား ဦးဆောင်လျက်ရှိပြီး လူ့သက်တမ်း ၊ ပညာရေး ၊ ကျန်းမာရေး အစောင့်အရှောက်ရရှိမှုတို့တွင် ဖွံ့ဖြိုးပြီးဒေသများထက်ပင် အသာစီးရလျက်ရှိသည်။ သို့သော် ဤဒေသသည် နေရာအနှံ့ပြန့်နှံ့နေသော အဖက်ဖက်မှ ဆင်းရဲနွမ်းပါးမှုအား ဘတပြန်ကျားတပြန် ရင်ဆိုင်ဖြေရှင်းနေရဆဲ ဖြစ်သည့်အပြင် အဆင့်မြင့်ပညာရေး ၊ ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းများနှင့် စပ်လျဉ်း၍ ပေါ်ပေါက်လာသော  တန်းတူညီမျှမှုမရှိမှု အသွင်သစ်များကြောင့် ထိခိုက်လွယ်နိုင် သည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) က “ဝင်ငွေကိုလွန်၍ ၊ ပျမ်းမျှတန်ဖိုးများ ကိုလွန်၍ ၊ ယနေ့အချိန်ကာလကိုလွန်၍ - ၂၁ ရာစုအတွင်း လူသား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တန်းတူညီမျှမရှိမှုများ” ခေါင်းစဉ်ဖြင့် ယနေ့တွင် ဖြန့်ဝေသော ၂၀၁၉ လူသားဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာတွင် ပါရှိသည့် အဓိက တွေ့ရှိချက်များအနက်မှ အချို့ဖြစ်သည်။ http://hdr.undp.org/en/2019-report

နိုင်ငံများ၏ တိုးတက်ဖြစ်ထွန်းမှုကို စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု တခုတည်းသာမက ဘက်စုံထောင့်စုံမှ တိုင်းတာရာတွင် ရှေ့ဆောင်ဖြစ်သည့် လူသားဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာ (HDR) ၏ အဆိုအရ မကြုံစဖူးများစွာသော လူတို့မှာ ဆင်းရဲနွမ်းပါးမှု ၊ ဆာလောင်မွတ်သိပ်မှု နှင့် ရောဂါဘယမှ လွတ်ကင်းလာခြင်းကြောင့် အခြေခံစံနှုန်းများအရ ကွာဟချက်များမှာ ကျဉ်းမြောင်းလာပြီ ဖြစ်ရာ ဘဝရှင်သန် ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်များမှာလည်း ပြောင်းလဲတိုးတက်လာပြီ ဖြစ်သည်။ အထူးသဖြင့် နည်းပညာ ၊ ပညာရေးနှင့် ရာသီဥတု အကြပ်အတည်းနှင့် စပ်လျဉ်းသော တန်းတူညီမျှမှုမရှိမှုများ၏ မျိုးဆက်သစ်လည်း ထွက်ပေါ်လာပြီ ဖြစ်သည်။

“ဒါကတော့ တန်းတူညီမျှမရှိမှုရဲ့ မျက်နှာစာအသစ်ပဲဖြစ်ပါတယ်” ဟု UNDP အုပ်ချုပ်ရေးမှူး အေးခင်မ်စတိန်နာက ဆိုသည်။ “ဒီလူသားဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာက ပြဆိုထားသလိုပါပဲ  တန်းတူညီမျှမှုမရှိခြင်းတွေ အတွက် ဖြေရှင်းနည်းတွေ မကုန်ဆုံးသေးပါဘူး”

ဤအစီရင်ခံစာက တန်းတူညီမျှမှုမရှိခြင်းအား အဆင့် (၃) ဆင့် - “ဝင်ငွေကိုလွန်၍ ၊ ပျမ်းမျှတန်ဖိုးများ ကိုလွန်၍ ၊ ယနေ့အချိန်ကာလကိုလွန်၍” - ဖြင့် ခွဲခြမ်းစိတ်ဖြာ လေ့လာထားပြီး တန်းတူညီမျှမှုမရှိခြင်းအား တိုက်ဖျက်ရေးအတွက် ရွေးချယ်ရန် မူဝါဒများအား အဆိုပြုထားသည်။

ချောမွေ့မှုမရှိသည့် လမ်းကြောင်းတလျောက် တိုးတက်ဖြစ်ထွန်းမှု

ဤအစီရင်ခံစာ၏ လူသားဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်း (HDI) အရ ယင်းကဲ့သို့ လျင်မြန်စွာ တိုးတက်ဖြစ်ထွန်းမှုမျိုး အခြားမည်သည့်ဒေသတွင်မျှ မကြုံဖူးပေ။ တောင်အာရှမှာ အလျင်မြန်ဆုံးတိုးတက်လာသောဒေသ (၁၉၉၀-၂၀၁၈ ကာလ အတွင်း တိုးတက်မှု ၄၆  ရာခိုင်နှုန်း) ဖြစ်ပြီး ၎င်း၏နောက်တွင် အရှေ့အာရှနှင့် ပစိဖိတ်ဒေသက ၄၃ ရာခိုင်နှုန်းဖြင့် ရပ်တည်လျက်ရှိသည်။ HDI စာရင်းဝင် နိုင်ငံ အားလုံးအနက် ထိုင်းနိုင်ငံသည် ၂၀၁၃-၂၀၁၈ ကာလအတွင်း အဆင့် ၁၂ ဆင့် တက်သွားရာ ဒုတိယအမြင့်ဆုံး တိုးတက်လာခြင်းဖြစ်ပြီး အိုင်ယာလန်နိုင်ငံ၏ နောက်တွင် ရပ်တည်လျက်ရှိသည်။ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နိုင်ငံများမှာလည်း လူသားဖွံ့ဖြိုးတိုးတက်မှု မြင့်မားသောအဆင့်များတွင် ပါဝင်လာကြသည်။ လူ့သက်တမ်း နှင့် ကျောင်းတက်ရောက်မှု နှစ်အရေအတွက် အပိုင်း၌ အကြီးမားဆုံး သော ခုန်ပျံကျော်လွှားမှုကို တောင်အာရှဒေသတွင် မြင်ရသည်။ မကြာမီက ထုတ်ပြန်သော UNDP မြန်မာ ၏ ၂၀၁၉ HDR က နိုင်ငံနှင့်နယ်မြေပေါင်း ၁၈၉ ခု အနက် မြန်မာနိုင်ငံကို အဆင့် ၁၄၅ သတ်မှတ်ထားပြီး လူသားဖွံဖြိုးတိုးတက်မှု အလယ်အလတ်တန်းစား အုပ်စုတွင် ထည့်သွင်းထားသည်။ သို့သော် ပို၍ အရေးကြီးသည်မှာ တန်းတူညီမျှမှုမရှိခြင်း အသွင်သစ်များနှင့် ချိန်ညှိလိုက်သည့် အခါတွင် လူသားဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်း (HDI) မှာ ၂၃ ရာခိုင်နှုန်းကျော်အောင် သိသိသာသာပင် ကျဆင်းသွားသည်။

သို့သော် အခြေခံစံနှုန်းများ နှင့် စွမ်းဆောင်နိုင်ရည်များ အပိုင်းမှ ရလဒ်များကို ကျော်လွန်၍ ကြည့်ပါက မြင်ကွင်းမှာ ပို၍ ရှုပ်ထွေးလာသည်။ တန်းတူညီမျှမှု မရှိခြင်း၏ ‘မျိုးဆက်သစ်’ ကြောင့် ဖွံ့ဖြိုးတိုးတက်မှုနယ်တကြော အောင်မြင်မှု ရှေ့ပိုရောက်စေလိမ့်မည်ဟု ဖော်ပြထားသော ဤအစီရင်ခံစာက လူသား ဖွံ့ဖြိုး တိုးတက်မှု အလွန်မြင့်မားသော နိုင်ငံများတွင် အများသုံး မြန်နှုန်းမြင့် အထိုင်ချ အင်တာနက် ချိတ်ဆက်မှုမှာ ၁၅ ဆ မြင့်တက်လာပြီး အရွယ်ရောက်ပြီးသူ ဦးရေ နှင့် တက္ကသိုလ်ပညာရေး အချိုးမှာလည်း လူသားဖွံ့ဖြိုးတိုးတက်မှု နိမ့်သော နိုင်ငံများ ထက် မြန်နှုန်း ၆ ဆ ကျော်ဖြင့် တိုးတက်လျက်ရှိကြောင်း ဥပမာပေး မှတ်ချက်ပြု ထားသည်။

ဤဒေသမှာ နည်းပညာအသွင် ကူးပြောင်းရေးတွင်လည်း တပ်ဦးနေရာ၌ ရှိနေသည်။ တပ်ဆင်ပြီးအင်တာနက် ဒေတာစီးဆင်းမှုပမာဏ (installed bandwidth) အလားအလာဆိုင်ရာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ၁၉၈၇ မှ ၂၀၀၇ ခုနှစ် တိုင်အောင်  အပြောင်းအလဲ မရှိသလောက် ဖြစ်သော်လည်း ထောင်စုနှစ်အကူးတွင် အပြောင်းအလဲများပေါ်ပေါက်လာရာ အရှေ့နှင့် မြောက်အာရှဒေသတွင် ဒေတာ စီးဆင်းမှုပမာဏ ချဲ့ထွင်မှုများ ရှိလာသည်။ တပ်ဆင်ပြီးအင်တာနက် ဒေတာ စီးဆင်းမှုပမာဏတွင် တရုတ်နိုင်ငံက ဗိုလ်စွဲလျက်ရှိကြောင်း ဤအစီရင်ခံစာက ဖော်ပြထားပြီး အရှေ့အာရှဒေသအနေဖြင့်လည်း ဉာဏ်ရည်တု နှင့် ဆက်စပ် ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေး အကျိုးအမြတ်များ၏ ၇၀ ရာခိုင်နှုန်းကို ၂၀၃၀ ခုနှစ် မတိုင်မီ မြောက်အမေရိကတိုက် နှင့်အတူ မျှယူနိုင်လိမ့်မည်ဟုလည်း ခန့်မှန်းထား သည်။

သို့သော် တက္ကသိုလ်ပညာသင်ကြားရမည့် အရွယ်ရောက်ပြီးသူများအနက် တက္ကသိုလ်ပညာရေး တက်ရောက်သူမှာ တောင်အာရှတွင် ၂၅ ရာခိုင်နှုန်း ၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင် ၄၄ ရာခိုင်နှုန်းသာရှိရာ တက္ကသိုလ်ပညာရေးဘက် ၌မူ ပို၍ကြွယ်ဝသောနိုင်ငံများနောက်တွင် သိသိသာသာ ကျန်နေရစ်သည်။

ထိုဒေသအတွင်းရှိ သန်းပေါင်းများစွာသောသူတို့မှာ အဖက်ဖက်မှ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာကြပြီး ဖြစ်သော်လည်း အဖက်ဖက်မှဆင်းရဲနွမ်းပါးမှု ဖြစ်နှုန်းမှာ နိုင်ငံများအကြား အကြီးအကျယ် ကွာဟလျက်ရှိပြီး မော်လဒိုက်ဗ်နိုင်ငံတွင် ၀.၈ ရာခိုင်နှုန်း မှ အာဖဂန်နစ္စတန်နိုင်ငံ၌ ၅၆ ရာခိုင်နှုန်းထိ ရှိသည်။ အဖက်ဖက်မှ နိမ့်ပါးဆင်းရဲသူ သန်း ၁၃၀၀ အနက် ၆၆၁ သန်းမှာ အာရှနှင့် ပစိဖိတ်ဒေသတွင် ရှိရာ တကမ္ဘာလုံးရှိ နိုင်ငံပေါင်း ၁၀၁ နိုင်ငံတွင် နေထိုင်လျက်ရှိသော အဖက်ဖက်မှ နိမ့်ပါး ဆင်းရဲသူအားလုံး၏ ထက်ဝက်နီးပါး ဖြစ်သည်။ တောင်အာရှဒေသ တခုတည်း၌ ပင်လျင် အဖက်ဖက်မှ နိမ့်ပါးဆင်းရဲသူ ဦးရေ စုစုပေါင်း၏ ၄၁ ရာခိုင်နှုန်း ထက်မနည်း ရှိသည်။ ကုန်လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အဖက်ဖက်မှ ဆင်းရဲနွမ်းပါးမှု အပိုင်း၌ အိန္ဒိယနိုင်ငံ၏ သိသာထင်ရှားသော တိုးတက်မှုရှိခဲ့သော်လည်း ယင်းမှာ အဖက်ဖက်မှနိမ့်ပါးဆင်းရဲသူ သန်း ၁၃၀၀ ၏ ၂၈ ရာခိုင်နှုန်းမျှသာ ဖြစ်သည်။

တောင်အာရှဒေသအတွင်း လူ ၁၀ ဦးလျှင် ၄ ဦးမှာ ရေနှင့်မိလ္လာပံ့ပိုးမှု လက်လှမ်းမှီနိုင်ခြင်း မရှိသေးပေ။ ဆင်းရဲနွမ်းပါးဆုံး လူ့အသိုက်အမြုံများမှာ ရာသီဥတုဖောက်ပြန်မှုဒဏ် ခံနိုင်ရည်စွမ်း နည်းပါးနေဆဲ ဖြစ်ကြောင်းကို ဤအစီရင်ခံစာက သတိပေးထားသည်။ ကြိုတင်စိတ်မှန်း အခြေအနေဖြစ်သည့် အာရှတိုက် နိုင်ငံအတော်များများ၌ အပူချိန် ၁.၅ ဒီဂရီ စင်တီဂရိတ်အထက် မြင့်တက် ပူနွေးလာသည့်အခါ ဆင်းရဲနွမ်းပါးသူများမှာ မိုးခေါင်ရေရှားမှုနှင့် ပိုမိုကြုံတွေ့ရဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။ ဆင်းရဲနွမ်းပါးသောနိုင်ငံများရှိ ကျေးလက်အရပ်နေ ချို့တဲ့သူများမှာ နှစ်ထပ်ကွမ်း ဒဏ် - သက်မွေးဝမ်းကျောင်းပေါ် ဆိုးကျိုး သက်ရောက်မှု နှင့် ကမ္ဘာလုံးဆိုင်ရာ သီးနှံထွက်နှုန်းများ လျော့ကျလာမှုကြောင့် အစားအသောက်ဈေးနှုန်း မြင့်တက်လာခြင်း - ခံရဖွယ် အလားအလာရှိသည်။

“ဒေသတွင်း ရုတ်ချည်းအသွင်ကူးပြောင်းမှုများကြောင့် အချိုးအကွေ့တခုကို ကျတော်တို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်” ဟု လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ဗြူရို ဒါရိုက်တာ Kanni Wignaraja က ဆိုသည်။ “ဆင်းရဲနွမ်းပါးမှုကနေ လူအများစု လွတ်မြောက်သွားပြီ ဆိုပေမဲ့ တခြားလူပေါင်းများစွာကတော့ တန်းတူရည်တူဘဝရရှိရေး အခွင့်အလမ်း တွေ ဒါမှမဟုတ် အခြေခံသယံဇာတတွေ မရှိဘဲနေနေကြရပါတယ်။”

လူမှုရေးအရ ဘေးဖယ်ထုတ်ထားခြင်း ၊ လူမှုရေးအမြင်အရ ကျား/မ မတူညီမှု အရင်းခံ ဘက်လိုက်မှုကြောင့် တိုးတက်မှုများ နှောင့်နှေး

တိုးတက်မှုများ ရှိသော်လည်း အိန္ဒိယတိုက်ငယ်တွင်း အုပ်စုအခြေပြု တန်းတူညီမျှ မရှိမှုများ ကျန်နေရစ်ဆဲ ဖြစ်ခြင်းကြောင့် အမျိုးသမီးနှင့် မိန်းမငယ်များအား ထိခိုက်နေကြောင်း ဤအစီရင်ခံစာက တွေ့ရှိထားသည်။

တောင်အာရှနှင့် ဒေသတွင်းကျန်နေရာများအကြား ပေါ်လွင်ထင်ရှားသော ကွဲပြားမှုများ ရှိကြောင်းကို HDI က လှစ်ဟပြသလိုက်သည်။ ကျား/မ လူမှုရေးရာ ဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းတွင် အရှေ့အာရှနှင့်ပစိဖိတ်မှာ ဒုတိယအမြင့်ဆုံး နေရာ၌ ရပ်တည်နေပြီး တောင်ကိုရီးယားနိုင်ငံမှာ ကျား/မ တန်းတူညီမျှမှုမရှိမှု အညွှန်းကိန်းတွင် ဒေသတွင်း၌ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာသည်။ သို့တိုင်အောင် HDI ၌ ကမ္ဘာ့တိုက်ကြီးများအကြား ကျား/မ ကွာဟချက်အကြီးဆုံးမှာ တောင်အာရှဖြစ်သည်။

အမျိုးသမီးများအပေါ် ဘဝကြင်ဖော်၏ အကြမ်းဖက်မှု ဖြစ်ပွါးနှုန်းတွင် စင်္ကာပူနိုင်ငံ မှာ ဒေသတွင်း၌ အနိမ့်ဆုံးဖြစ်ပြီး အံ့အားသင့်စရာကောင်းလွန်းစွာပင် တောင်အာရှရှိ အမျိုးသမီး ၃၁ ရာခိုင်နှုန်းမှာ ဘဝကြင်ဖော်၏ အကြမ်းဖက်မှု ခံစားခဲ့ကြရသည် ဟု အစီရင်ခံစာက ဖော်ပြထားသည်။

တန်းတူညီမျှမှုမရှိခြင်းများမှာ အိမ်ထောင်စုအဆင့်တွင်လည်း ကျန်နေရစ်ဆဲ ဖြစ်သည် ဟု အစီရင်ခံစာက ဆိုထားသည်။ တောင်အာရှရှိ အသက် ၅ နှစ်အောက် ကလေး ၂၂ ရာခိုင်နှုန်းမှာ အိမ်တွင်း အာဟာရတန်းတူညီမျှ မရရှိမှု ကြုံတွေ့နေရ သည် - အိမ်ထောင်စု ၁ စုအတွင်းရှိ ကလေးတဦးမှာ အာဟာရပြတ်လပ်နေ သော်လည်း အခြားမွေးချင်းတဦးမှာ ထိုသို့မဟုတ်ချေ။ ပါကစ္စတန်၌ အသက် ၅ နှစ် အောက် ကလေးငယ် သုံးပုံတပုံထက်မနည်း အိမ်ထောင်စုတွင်း တန်းတူညီမျှမှု မရှိခြင်းကို ခံစားနေရသည်။ (ယောကျ်ားလေး ၉ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင်) တောင်အာရှမိန်းကလေးငယ် ၁၀ ရာခိုင်နှုန်းကျော်မှာ ကျောင်းထွက်ထားရပြီး အဖက်ဖက်မှနိမ့်ပါးဆင်းရဲသော အိမ်ထောင်စုတွင် နေထိုင်နေကြရသည်။ ထိုပျမ်းမျှ တန်ဖိုးတွင် နိုင်ငံများအကြား ကွာဟချက် ကြီးကြီးမားမား ပါဝင်သည် - အာဖဂန် နစ္စတန်နိုင်ငံတွင် မိန်းကလေးမှာ ၄၄ ရာခိုင်နှုန်းဖြစ်ပြီး ယောက်ျားလေးမှာ ၂၅ ရာခိုင်နှုန်းဖြစ်သည်။

ဝင်ငွေကိုလွန်၍ ၊ ပျမ်းမျှတန်ဖိုးများကိုလွန်၍ ၊ ယနေ့အချိန်ကာလကိုလွန်၍

ကလေးသူငယ်များ၏ ပညာသင်ကြားရေး ၊ ကျန်းမာရေး နှင့် အာဟာရတို့တွင် လုပ်သားဈေးကွက်မတိုင်မီ ရင်းနှီးမြုပ်နှံမှုများ အပါအဝင် မမွေးမီကပင်လျှင် စတင်၍ ဘဝသက်တမ်းတလျောက် ကြားဝင်ဆောင်ရွက်ပေးမှုများတွင် ခြေကုပ်ယူ သော ၊ ဝင်ငွေတခုတည်းသာမက ဝင်ငွေကိုကျော်လွန်၍ ကြည့်သည့် မူဝါဒများအား အစီရင်ခံစာက တိုက်တွန်းအကြံပြုထားသည်။ လူပုဂ္ဂိလ်တဦး၏ ဘဝတလျောက် - လုပ်သားဈေးကွက်အတွင်း ရောက်ရှိချိန် နှင့် နောက်ပိုင်းအချိန်ပါမကျန် - ယင်းကဲ့သို့ ရင်းနှီးမြုပ်နှံမှုများကို ရှေ့ဆက်ဆောင်ရွက်ရမည်။

အခွန်အကောက်ကို သူ့ချည်းသက်သက်သာမဟုတ်ဘဲ ကျန်းမာရေး ၊ ပညာရေးနှင့် ကာဗွန်-အသုံးများလူနေမှုဘဝ အစားထိုးရွေးချယ်စရာများအတွက် နိုင်ငံတော် အသုံးစရိတ်ဆိုင်ရာ မူဝါဒများ အပါအဝင် မူဝါဒများစွာပါသော စနစ်တခု၏ အစိတ်အပိုင်းတရပ်အနေဖြင့်ပါ ကြည့်ကြရမည်ဖြစ်ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

ပျမ်းမျှတန်ဖိုးများက လူ့အသိုက်အဝန်းအတွင်း အမှန်တကယ်ဖြစ်ပျက်နေသည်ကို ဖုံးအုပ်ကွယ်ဆီးထားနိုင်ပြီး ကိစ္စရပ်ကြီးတခုလုံးကို ခြုံငုံပြောဆိုရာတွင် အထောက်အကူ ဖြစ်နိုင်သော်လည်း တန်းတူညီမျှမှုမရှိခြင်းကို ဖြေရှင်းရန် မူဝါဒများ ဖန်တီးရာ၌မူ အသေးစိတ်အချက်အလက်များ လိုအပ်သည် ဟု HDR က ဆိုထား သည်။

အနိမ့်ဆုံးမှ အမြင့်ဆုံးသော လူသားဖွံ့ဖြိုးတိုးတက်မှု အစုအဖွဲ့များ အုပ်စု တကြောလုံးရှိ နိုင်ငံစုံပါဝင်သည့်  အာရှ-ပစိဖိတ် ဒေသ အခင်းအကျင်းအတွင်း၌ ပျမ်းမျှတန်ဖိုးများမှာ အထင်မှားစေနိုင်သည်။ 

ယနေ့အချိန်ကို ကျော်လွန်ကြည့်ပါက လာမည့်ရာစုနှစ်အတွင်း လူသား ဖွံ့ဖြိုးတိုးတက်မှု အကျိုးရလဒ်များကို ပုံဖော်နိုင်ဖွယ်ရှိသည့် အင်အား ၂ ရပ်ဖြစ်သော ရာသီဥတုပြောင်းလဲမှု နှင့် နည်းပညာ အသွင်ကူးပြောင်းမှု  ဟူသည့် ရှုထောင့်များ မှတဆင့် အနာဂါတ်တွင် တန်းတူညီမျှမှု မည်သို့ပြောင်းလဲသွားနိုင်သည်ကို အစီရင်ခံစာက မေးခွန်းထုတ်ထားသည်။

“တန်းတူညီမျှမှုမရှိခြင်း၏ စိန်ခေါ်ချက်ဆိုင်ရာ အရေးကြီးမှု နှင့် ရှုပ်ထွေးနက်နဲမှုကို ဤအစီရင်ခံစာက သရုပ်ပြထားသည်” ဟု HDRO အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ နှင့် စင်္ကာပူနိုင်ငံ၏ လူမှုမူဝါဒများဆိုင်ရာ အဆင့်မြင့်ဝန်ကြီး နှင့် ပေါင်းစပ်ညှိနှိုင်းရေး ဝန်ကြီး Tharman Shanmugaratnam က ပြောသည်။

“မွေးဖွားချိန်မှစ သက်တမ်းတလျောက်လုံး ဘဝပေး အခွင့်အလမ်းမမျှတမှုကို ပုံဖော်နေတဲ့ အကြောင်းအချက်များကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် နားလည်အောင် အစီရင်ခံစာက လုပ်ဆောင်ပေးပါတယ်။ ကြာရှည်တည်မြဲနိုင်မဲ့ အနေအထားနဲ့ တန်းတူညီမျှမှုမရှိခြင်းကို လျော့ပါးသက်သာစေဖို့နဲ့ တန်းတူညီမျှပြီး အားလုံးအကျုံးဝင်တဲ့ တိုးတက်မှုရရှိဖို့ရာ ဒီလိုမြင်ကွင်းကျယ်က အလွန်အရေးပါပါတယ်”

ထပ်တိုးသိရှိလိုသော သတင်းအချက်အလက်များနှင့် မီဒီယာအင်တာဗျူးများ အတွက် ဆက်သွယ်ရန် -

ဘန်ကောက်မြို့ - Cedric Monteiro ၊ cedric.monteiro@undp.org ၊ +၆၆ ၉၂ ၂၅၆ ၇၈၃၅

နယူးယော့ခ် - အဒမ်ကတ်သ်ရို ၊ adam.cathro@undp.org ၊ +၁ ၂၁၂ ၉၀၆ ၅၃၂၆ နှင့် အန်နာအော်တူဘီယာ ၊ anna.ortubia@undp.org+၁ ၂၁၂ ၉၀၆ ၅၉၆၄

မြန်မာ - ပြန်ကြားဆက်သွယ်ရေးအဖွဲ့၊ mmr.communication@undp၊ (+၉၅-၁) ၉၄၂၉၁၀~၁၉