ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဗြိတိန်သံအမတ်ကြီးနှင့် UNDP ဌာနေကိုယ်စားလှယ်တို့ လမ်းအသစ်ကို ဖွင့်လှစ်

2019- May 21

Photo: UNDP/Chloe Godon


၂၀၁၉ ခုနှစ် မေလ ၂၁ ရက်၊ ပဲခူး — ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်တွင်အသစ်တည်ဆောက်ခဲ့သော ကျေးလက်ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားသို့ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်း ဒေသကြီး စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီး ဦးညွန့်ရွှေ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E Mr. Dan Chugg ၊ UNDP Myanmar ၏ ဌာနေကိုယ်စားလှယ် Mr. Peter Batchelor ၊ UK Aid နှင့် UNDP တို့မှ တာဝန်ရှိသူများ၊ မြိ့နယ်ဌာနဆိုင်ရာအရာရှိများနှင့် ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြသည်။

၇.၆ ဖာလုံ ရှည်လျားပြီး ရန်ကုန်-ပဲခူး လမ်းမကြီးကို ဆက်သွယ်နိုင်သည့် ဤလမ်း၏ ကျေးဇူးကြောင့် ကျေးရွာပေါင်း ၁၂ ရွာမှ ပြည်သူပေါင်း ၂၀ ၀၀၀ ခန့်တို့သည်ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ သွားလာဆောင်ရွက်ခွင့် ပိုမိုရရှိလာကြမည်ဖြစ်သည်။ ထို့ပြင် ဤလမ်းကို အသုံးပြု၍ နေ့စဉ်သွားလာနေကြသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံများမှ အလုပ်သမ ၂၅၀ တို့သည်လည်း အကျိုးကျေးဇူးများ ခံစားကြရမည်ဖြစ်သည်။

လမ်းတည်ဆောက်မှုလုပ်ငန်းကိုUNDP ၏ မြို့နယ်အဆင့် ဒီမိုကရေစီနည်းကျ ဒေသန္တရအုပ်ချုပ်ရေး လုပ်ငန်းစဉ် (TDLG) စီမံကိန်းအရ ၂၀၁၈-၁၉ ခုနှစ်အတွက် မြို့နယ်အဆင့် ပြည်သူများပူးပေါင်းပါဝင်

သော စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ်ဖြင့် ဦးစားပေးဖော်ထုတ်ခဲ့ပြီး၊ UK Aid မှ ငွေကြေးပံ့ပိုးမှုဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

လမ်းသစ်ဖွင့်ပွဲ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် “ဒီကွန်ကရစ်လမ်း သစ်စီမံကိန်းဟာ ကောင်းမွန်တဲ့ဒီမိုကရေစီအလေ့အကျင့်တွေရဲ့ နမူနာတစ်ခုဖြစ်ပါတယ်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ဒီအလေ့အကျင့်ကောင်းတွေကိုနောက်ထပ်ကျန်ရှိနေတဲ့မြို့နယ်တွေမှာလည်း UNDP နဲ့ UK aid တို့နဲ့ပူးပေါင်းပြီး ဆင့်ပွားဆောင်ရွက်သွားချင်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

ဗြိတိန်နိုင်ငံသံအမတ်ကြီးက အမှာစကားပြောကြားရာတွင် “ယခုဖွင့်လှစ်တဲ့လမ်းဟာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပြည်သူတွေအကြား အတူတကွ ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းသစ်တစ်ခုရဲ့ အရေးကြီးတဲ့ ပြယုဂ်တစ်ခုဖြစ်သလို တစ်နိုင်ငံလုံးအတွက်လည်း နမူနာပုံစံကောင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်ုပ်အနေနဲ့ ယနေ့ကျင်းပတဲ့ဒီအခမ်းအနားကိုတက်ရောက်ခွင့်ရရှိခြင်းနဲ့ဤအစီအစဉ်ကိုပံ့ပိုးကူညီမှုပေးခဲ့တဲ့UK aid ရဲ့ အရေးပါတဲ့ အခန်းကဏ္ဏတို့ကို တွေ့ရှိရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။” ဟု ထည့်သွင်း ပြောကြားသွားခဲ့ပါသည်။

UNDP Myanmar ၏ ဌာနေကိုယ်စားလှယ်က “ဒေသန္တရဖွံ့ဖြိုးရေး ဦးစားပေးလုပ်ငန်းတွေ ရွေးချယ် ရာမှာ ဒေသခံပြည်သူတွေအနေနဲ့ မိမိတို့ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကတစ်ဆင့် တင်ပြ ပြောဆိုခွင့်တွေ ရရှိနိုင်ကြောင်းကို TDLG စီမံကိန်းက ပြသပေးခဲ့ပါတယ်။ ဒါ့အပြင် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေတွေကို ဗဟိုချုပ်ကိုင်မှုလျှော့ချပေးပြီး ဆောင်ရွက်လို့ ရရှိနိုင်ကြောင်းကိုလည်း သက်သေပြခဲ့ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ကနဦးအနေဖြင့်TDLG စီမံကိန်းအရ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၅ မြို့နယ်ကို ပြည်သူပါဝင် သော မြို့နယ်စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ်တွင် ရှေ့ပြေးစမ်းသပ်ဆောင်ရွက်ရန်ရွေးချယ်ခဲ့ပါသည်။

ယနေ့အချိန်အထိ ဤစီမံကိန်းမှရရှိထားသောအောင်မြင်မှုများကိုအခြေခံ၍ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်လုံး၌ မြို့နယ် အထောက်အပံ့ရန်ပုံငွေများအနေဖြင့် တိုင်းဒေသကြီးဘတ်ဂျက်ထဲမှ ကျပ် ၅၆ ဘီလီယံ ခွဲဝေအသုံးပြု ရန် ဆုံးဖြတ်ခဲ့ပြီး၊ အဆိုပါ မြို့နယ်များအားလုံးတွင် စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ်အတွက် နည်း ပညာ ပံ့ပိုးကူညီမှုများပေးရန် UNDP အား ပန်ကြားခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့သည် မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များထဲတွင် ယင်းကဲ့သို့သော ဆုံးဖြတ်ချက်ချ မှတ် ဆောင်ရွက်သည့် ပထမဦးဆုံး တိုင်းဒေသကြီးအစိုးရအဖွဲ့ဖြစ်ပါသည်။

အသေးစိတ် ထပ်မံသိရှိလိုပါက UNDP Myanmar communications team သို့ email ဖြင့် ဆက်သွယ်

မေးမြန်းနိုင်ပါသည် -

မယမုံဖူးသစ် - yamon.phu.thit@undp.org

TDLG စီမံချက်အကြောင်း လေ့လာရန် -   http://www.mm.undp.org/content/myanmar/my/home/projects/TDLG.html