မွန်ပြည်နယ်ရှိ UNDP စီမံချက်အောက်တွင် တည်ဆောက်ခဲ့သည့် ကျောင်းဆောင်သစ်အား ဝန်ကြီးချုပ်နှင့် ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးမှ ဖွင့်လှစ်ပေး

2019- August 7

ဓာတ်ပုံ - ယူအဲန်ဒီပီ မြန်မာ

7 August 2019, Bilin: A newly constructed Basic Education High School (BEHS) building was inaugurated in Shwe Hlay village, Bilin township, Mon state today. The opening ceremony was attended by Mon State Chief Minister, H.E. Dr. Aye Zan, Mon State Planning and Finance Minister H.E. U Wunna Kyaw, Swiss Ambassador to Myanmar H.E. Mr. Tim Enderlin, UNDP Myanmar Deputy Resident Representative Ms. Dawn Del Rio, staff from UNDP and the Swiss Agency for Development and Cooperation (SDC), township officials and local community members.

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၇ ရက်၊ ဘီးလင်း။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရွှေလှေကျေးရွာတွင် အသစ်တည်ဆောက်သော အခြေခံပညာ အထက်တန်းကျောင်း (BEHS) ကျောင်းဆောင်သစ်အား ယနေ့ ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ‌ဒေါက်တာ အေးဇံ၊ မွန်ပြည်နယ်အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tim Enderlin၊ UNDP မြန်မာမှ ဒုတိယဌာနေကိုယ်စားလှယ် Ms. Dawn Del Rio၊ UNDP နှင့် ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SDC) မှ ဝန်ထမ်းများ၊ မြို့နယ်အရာရှိများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ပါသည်။

နှစ်ထပ်ကျောင်းဆောင်သစ်သည် အနီးအနားကျေးရွာများမှ ကရင်နှင့် ပအိုးဝ် ကျောင်းသား/ကျောင်းသူ ကလေးများ အပါအဝင် ကျောင်းသား/ကျောင်းသူပေါင်း ၂၄၀ ဦးအတွက် ဘေးကင်းလုံခြုံစွာ ပညာသင်ယူနိုင်စေသော အဆောက်အဦ ဖြစ်ပါသည်။ ကျောင်းတစ်ကျောင်းလုံးတွင် ကျောင်းဆောင်ပေါင်း ၆ ဆောင် ပါရှိပြီး ကျေးရွာပေါင်း ၁၀ ရွာမှ ကျောင်းသားကျောင်းသူပေါင်း ၈၄၀ ဦးကို ဆရာ/ဆရာမပေါင်း ၃၉ ဦးက ပညာသင်ကြားပေးလျက် ရှိပါသည်။ အန္တရာယ်ရှိသော ကျောင်းဆောင်အဖြစ်သတ်မှတ်ထားသော သစ်သားကျောင်းဆောင်ဟောင်းနေရာတွင် အစားထိုးဆောက်လုပ်ခဲ့သည့် ထိုကျောင်းဆောင်သစ်အား လူမှုအသိုင်းအဝိုင်းများ အားလုံးက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပါသည်။

ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SDC) မှ ရန်ပုံငွေပံ့ပိုးပြီး မွန်ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သော UNDP ၏ မြို့နယ်အဆင့် ဒီမိုကရေစီနည်းကျ ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းစဉ် စီမံချက် (TDLG) အောက်ရှိ လူထုပါဝင်ဆောင်ရွက်သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် မြို့နယ်စီမံကိန်း ရေးဆွဲမှု လုပ်ငန်းစဉ်အတွင်းတွင် ရွှေလှေကျေးရွာရှိ ကျောင်းဆောင်သစ်အား ဒေသန္တရ ဖွံ့ဖြိုးမှု ဦးစားပေး ကိစ္စတစ်ခုအဖြစ် သတ်မှတ်ရွေးချယ်ပေးခဲ့ကြခြင်း ဖြစ်ပါသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် အမှာစကားပြောကြားရာ၌ မွန်ပြည်နယ်၏ အခြေခံအဆောက်အအုံ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့် လူထုပါဝင်ဆောင်ရွက်သော မြို့နယ်စီမံကိန်းနှင့် ဘတ်ဂျက်ရေးဆွဲသည့် လုပ်ငန်းစဉ်မှတဆင့် မွန်ပြည်နယ်ရှိ ပြည်သူများအကြား ဒီမိုကရေစီ ကျင့်စဉ်များ အားကောင်းစေရန် ပံ့ပိုးကူညီပေးခြင်းအတွက် SDC နှင့် UNDP အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးက ၎င်း၏ မိန့်ခွန်းတွင် “ဆွစ်ဇာလန်နိုင်ငံသည် ငြိမ်းချမ်း၍ အားလုံးပါဝင်နိုင်သော သာယာဝပြောသည့် ဒီမိုကရေစီလူ့ဘောင် အဖွဲ့အစည်းကြီး တည်ဆောက်ရာတွင် မြန်မာပြည်သူ ပြည်သား အားလုံးနှင့် အတူတကွ လက်တွဲကာ ပါဝင်ကူညီသွားရန် စိတ်ပိုင်းဖြတ်ထားပါကြောင်း၊ ဤအထက်တန်းကျောင်းသည် မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျ ဒေသန္တရအုပ်ချုပ်ရေး လုပ်ငန်းစဉ်အတွက် ဆွစ်ဇာလန်နိုင်ငံ၏ ပံ့ပိုးကူညီမှု နမူနာကောင်းတစ်ခု ဖြစ်ပါ‌ကြောင်း၊ ဒေသခံပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ CSO များ၊ EAO များ၊ အမျိုးသမီး ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများနှင့် အစိုးရ ဌာနဆိုင်ရာ အသီးသီးတို့သည် ဘီးလင်းမြို့တွင် စုဝေးကာ ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေး ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး ဖော်ထုတ်ကြပါကြောင်း၊ ၎င်းတို့သည် ဖွံ့ဖြိုးရေး ထောက်ပံ့ရန်ပုံငွေအား ၎င်းတို့၏ သားသမီးများ ဘေးကင်းလုံခြုံသည့် ပတ်ဝန်းကျင်တွင် ပညာသင်ကြားနိုင်ရေး အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည့်အတွက် ဤအထက်တန်းကျောင်းကို ဆောက်လုပ်ခဲ့ကြပါကြောင်း၊ အနာဂတ်တွင် ရင်းနှီးမြုပ်နှံခြင်းထက် ပိုကောင်းသော ရင်းနှီးမြုပ်နှံမှု မရှိသဖြင့် ဤဆုံးဖြတ်ချက်သည် အမြော်အမြင်ကြီးမားသည့် ဆုံးဖြတ်ချက်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ဤစီမံချက်ကို ရွေးချယ်ခဲ့ခြင်းသည် မြို့နယ်အဆင့်ရှိ ပြည်သူလူထု ပါဝင်ဆောင်ရွက်သည့် ဒီမိုကရေစီနည်းကျ လုပ်ငန်းစဉ်၏ အကျိုးရလဒ်ပင်ဖြစ်ပါကြောင်း ထည့်သွင်း ပြောကြားသွားပါသည်။

UNDP မြန်မာမှ ဒုတိယဌာနေကိုယ်စားလှယ် Ms. Dawn Del Rio က TDLG စီမံချက်သည် ဒေသန္တရ ဒီမိုကရေစီကို အားကောင်းအောင် လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းကို ဖန်တီးပေးနိုင်ခဲ့သည့် အချက်ကို အလေးပေး ပြောကြားပါသည်။ ထို့ပြင် ဆုံးဖြတ်ချက် ချမှတ်သည့် နည်းလမ်းများ၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အားကောင်းစေရန် ဆောင်ရွက်မှုများနှင့် အစိုးရအပေါ် ဒေသခံပြည်သူများ၏ ယုံကြည်မှုများ တိုးပွားလာမှုတို့နှင့် စပ်လျဉ်း၍ အရေးကြီးသော အပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိကြောင်းကို ဘီးလင်းနှင့် မွန်ပြည်နယ်ရှိ အခြားမြို့နယ်များမှ ရလဒ်ကောင်းများက လက်တွေ့ပြသနေခြင်းဖြစ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။

TDLG စီမံချက်သည် မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်လုံးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် စီမံကိန်း ရေးဆွဲမှု လုပ်ငန်းစဉ်များကို ပံ့ပိုးကူညီလျက် ရှိပါသည်။ စီမံကိန်း ရေးဆွဲမှု လုပ်ငန်းစဉ်၏ ရလဒ်အနေဖြင့် စီမံချက် ၂၅ ခုကျော်ကို ရွေးချယ်ထားပြီးဖြစ်ကာ ထိုစီမံချက်များထဲတွင် လမ်းများ၊ တံတားများ၊ ရေပေးဝေမှုစနစ်များ၊ စွန့်ပစ်အမှိုက်များကို ဖျက်ဆီးရန် မီးရှို့စက် တစ်ခုနှင့် စာသင်ကျောင်းများ ပါဝင်ပါသည်။

စီမံချက်များ ရွေးချယ်ခြင်းအား လူထုပါဝင် ဆောင်ရွက်သည့် ဒီမိုကရေစီနည်းကျ လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ထိုလုပ်ငန်းစဉ်တွင် အစိုးရဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသမီး ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ပါသည်။

***

အသေးစိတ် ထပ်မံသိရှိလိုသည်များ ရှိပါက UNDP မြန်မာ ပြန်ကြားဆက်သွယ်ရေး အဖွဲ့သို့ အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မယမုံဖူးသစ် - yamon.phu.thit@undp.org