ဂျပန်အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းများက ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ၂၀၁၉ ခုနှစ်တွင် သက်တမ်းတိုးလိုက်ပြီး ကချင်နှင့် ရှမ်းပြည်နယ်များသို့ပါ ပံ့ပိုးမှုလုပ်ငန်းများ စတင်မည်

2019- February 25

ဓာတ်ပုံ - UNFPA Myanmar

နေပြည်တော်၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက် - ဂျပန်နိုင်ငံ အစိုးရနှင့် ကုလမသဂ္ဂ အဖွဲ့အစည်း ၈ ဖွဲ့တို့သည် ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၃၇ သန်း ပံ့ပိုးသွားမည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါ ရန်ပုံငွေသည် ပြည်နယ်သုံးခုရှိ အမျိုးသမီးများ၊ အမျိုးသားများ၊ မိန်းကလေးများနှင့် ယောက်ျားလေးများအား အသက်ကယ်ဆယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ယုံကြည်မှု တည်ဆောက်ရေး အစီအစဉ်များနှင့် စောစီးစွာ ပြန်လည်ထူထောင်ရေး အထောက်အပံ့များကို ထောက်ပံ့ပေးမည်ဖြစ်သည်။ ဤအရေးကြီးသော ပူးပေါင်းမှုသည် ရခိုင်ပြည်နယ်ရှိလူဦးရေ သန်းတစ်ဝက်ကိုကူညီရန် ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် အမေရိကန်ဒေါ်လာသန်း ၂၀ သဘောတူစာချုပ်အပေါ်တွင် အခြေခံခြင်းဖြစ်သည်။

ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့်  လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူး (ယာယီ) ဖြစ်သူ Knut Ostby က “ရခိုင်ပြည်နယ်အပြင် ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ လူသားချင်း စာနာမှုဆိုင်ရာ အကူညီတွေ ပေးဖို့နဲ့ ရေရှည်ဖွံ့ဖြိုးမှု အလားအလာတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့အတွက် ဆက်လက် ပံ့ပိုးမှုတွေအတွက် ဂျပန်နိုင်ငံ အစိုးရနဲ့ ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။ “ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းတွေအပြင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာပါ လူသားချင်းစာနာမှု လုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင် ယုံယုံကြည်ကြည်နဲ့ ပံ့ပိုးပေးတဲ့အတွက် ဒီနေ့ လက်မှတ်ရေးထိုးခဲ့တဲ့ ကုလသမဂ္ဂအေဂျင်စီများကလည်း အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြပါတယ်။” ဟု ပြောသည်။

သဘောတူညီချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Ichiro Maruyama နှင့် ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်များအရ အလှူငွေလက်ခံရရှိသည့် ကုလသမဂ္ဂအဖွဲ့အစည်းများမှာ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM)၊ ကုလသမဂ္ဂ အခြေချနေထိုင်မှု အစီအစဉ် (UN-Habitat)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်)၊ ကုလသမဂ္ဂ အမျိုးသမီးများ ကျားမ တန်းတူညီမျှရေးနှင့် လုပ်ပိုင်ခွင့်မြှင့်တင်ပေးရေး (UN Women) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ဖြစ်သည်။

သဘောတူညီချက်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးမှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရန်ပုံငွေ၏ တစ်ဝက်ခန့်ကို အရေးကြီးသော အသက်ကယ်တင်ခြင်းလုပ်ငန်းများဖြစ်သည့် စားနပ်ရိက္ခာ ထောက်ပံ့ခြင်း၊ နေထိုင်စရာ၊ ရေနှင့် သန့်ရှင်းရေးတို့ကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။ ကျန်ရှိသော ရန်ပုံငွေများကို အသိုက်အဝန်းများ အားလုံး၏ ‌လူနေမှုဘဝများ မြင့်မားလာစေရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ခြင်းနှင့် အစိုးရ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းစသော ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတွင် ရင်းနှီးမြုပ်နှံသွားမည်ဖြစ်သည်။ ထို့အပြင် အခြားသော လုပ်ငန်းရပ်များဖြစ်သည့် -

  • ရခိုင်ပြည်နယ်မှနှင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများကို စဉ်ဆက်မပြတ် ပြန်လာနိုင်မည့် အခြေအနေကောင်းများ ဖြစ်ပေါ်လာရန် မြန်မာနိုင်ငံ အစိုးရအား ပံ့ပိုးကူညီခြင်း
  • ကျား၊မရေးရာ တန်းတူညီမျှမှုနှင့် အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးတို့တွင် ထိရောက်သော ထောက်ခံအားပေးသူများအဖြစ် အမျိုးသမီးခေါင်းဆောင်များအား ပံ့ပိုးပေးခြင်းနှင့် ကျား၊ မရေးရာ မူဝါဒများ၊ အစီအစဉ်များနှင့် ဝန်ဆောင်မှုပေးခြင်းများကို သေချာစေရန် အစိုးရ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း၊
  • အစားအစာ၊ ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ အမိုးအကာနှင့် စခန်း  စီမံခန့်ခွဲမှု၊ ရေနှင့်သန့်ရှင်းရေးအစီအစဉ်များ အပါအဝင် ပြည်နယ် ၃ ခုမှ ပဋိပက္ခဖြစ်ပွားရာဒေသတွင်းရှိ နေရပ်စွန့်ခွာသူများအား ကူညီထောက်ပံ့ခြင်း၊
  • ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာသူများအတွက် ရပ်ရွာအခြေပြု၊ အကျိုးခံစားသူများ ဦးဆောင်သော ပြန်လည်နေရာချထားရေး အစီအမံများ ပြင်ဆင်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း
  • ဝန်ဆောင်မှုပေးခြင်း၊ တရားမျှတမှုရရှိခြင်းနှင့် လူမှုရေးစည်းလုံးညီညွတ်မှုနှင့် ရပ်ရွာခံနိုင်ရည်ကို မြှင့်တင်နိုင်မည့် ဒေသဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့်
  • အမျိုးသမီးများအား စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် ကာကွယ်ခြင်း၊ ၎င်းတို့အတွက် ကျန်းမာရေး ဝန်ဆောင်မှုများကို ရယူနိုင်ရန်နှင့် အားလုံးပါဝင်သော တိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုမှ အထောက်အပံ့နှင့် အကျိုးကျေးဇူးများရရှိစေခြင်း တို့ ပါဝင်ပါသည်။

ယနေ့ လက်မှတ်ရေးထိုးခဲ့သည့် စီမံကိန်းများကို လာမည့် ၁၂ လအတွင်း အကောင်အထည် ဖော်မည်ဖြစ်ပြီး ၂၀၁၀ ခုနှစ် ဧပြီလတွင် စတင်ရန် စီစဉ်ထားသည်။

“ဒီပြည်နယ်သုံးခုမှာရှိတဲ့သူတွေရဲ့ လိုအပ်ချက်နေမှုတွေက များပြားတာကြောင့် ကျွန်ုပ်တို့ဟာ ရည်မှန်းချက် ကြီးကြီးမားမား ထားရပါမယ်” ဟု Knut Ostby က ပြောသည်။ “ကုလသမဂ္ဂ အေဂျင်စီတွေဟာ လူသားချင်းစာနာမှု၊ ဖွံ့ဖြိုးမှု၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး ဆက်စပ်မှုတွေနဲ့အညီ ရလာဒ်ကောင်းတွေ ရရှိဖို့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။” ဟု ပြောသည်။

နောက်ဆက်တွဲ - ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံအစိုးရနှင့် ကုလသမဂ္ဂတို့ လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်စာချုပ်အရ ပြီးခဲ့သည့် ၁၂ လအတွင်း ဆောင်ရွက်ခဲ့သည့် ရလာဒ်များ

  • လူပေါင်း ၂၀၀,၀၀၀ ကျော်တို့သည် စားနပ်ရိက္ခာ ထောက်ပံ့မှု ရရှိခဲ့သည်။
  • စာသင်ခန်းအတွင်း အစားအစာ ကျွေးမွေးမှု အစီအစဉ်မှ မူလတန်းအရွယ် ကလေးငယ် ၇၂,၀၀၀ ကို လွှမ်းခြုံပေးနိုင်ခဲ့သည်။
  • နေရပ်စွန့်ခွာသူ ၃၀,၀၀၀ ကျော်သည် ဒုက္ခသည်စခန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုမှ အကျိုးခံစားခဲ့ရသည်။
  • လူဦးရေ ၁,၈၀၀ ကျော်သည် နေထိုင်စရာ အိမ် ပြန်လည်တည်ဆောက် ပြုပြင်ရာတွင် ပံ့ပိုးမှု ရရှိခဲ့သည်။
  • လူဦးရေ ၁၅၀,၀၀၀ ကျော်သည် ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ အထောက်အပံ့ရခဲ့သည်။
  • ကလေးငယ် ၂၀,၀၀၀ ကျော်သည် အထောက်အပံ့ရရှိခဲ့သည်။
  • ရွေ့လျားဆေးခန်းများဖြင့် လူနာ ၁၅,၀၀၀ ကို ကုသပေးနိုင်ခဲ့သည်။
  • အမျိုးသမီးများနှင့် မိန်းကလေးငယ် ၃,၀၀၀ ကျော်သည် အမျိုးသမီး ကျန်းမာရေးဆိုင်ရာ ပစ္စည်းများပါဝင်သည့် တစ်ကိုယ်ရည်သုံးပစ္စည်းများကို ရရှိခဲ့သည်။
  • အမျိုးသမီး ၁၁,၀၀၀ ကျော်သည် ဘေးအန္တရာယ်ကင်းရှင်းစွာ မီးဖွားခြင်းနှင့် ကိုယ်ဝန်အား မိမိသဘောဖြင့် ရွေးချယ်စီမံကိန်းချနိုင်စေရန် လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ရရှိခဲ့သည်။
  • လူမှုအခြေခံအဆောက်အအုံများ ပြန်လည်ထူထောင်ရေးအတွက် အလုပ်လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေရရှိခြင်း အစီအစဉ်များကို စုစုပေါင်းကျေးရွာအုပ်စု ၂၈ ခု၊ ကျေးရွာ ၈၈ ရွာနှင့် အိမ်ထောင်စု ၁၅,၀၀၀၊ စုစုပေါင်း မြို့နယ် ၄ ခုတွင် ထောက်ပံ့ပေးလျက်ရှိသည်။
  • ၂၀၁၈ ခုနှစ် သြဂုတ်လနှင့် အောက်တိုဘာလအတွင်း ဥပဒေအရာရှိနှင့် တရားရေးဝန်ထမ်း ၉၀ ကျော် မျှတသော တရားစီရင်မှု၊ လူ့အခွင့်အရေးနှင့် ကျားမ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ သင်တန်းများကို ရရှိခဲ့သည်။

အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန် -

UNFPA: Yenny Gamming +95-9260400005 or gamming@unfpa.org
UNICEF: Alison Rhodes, ++95 1 2305960 Ext: 2420 or arhodes@unicef.org
UNHCR: Billie Phillips, +95 9785505364 or phillips@unhcr.org
UNDP: Sandra Barrows, +(95-1) 542910 to 19 Ext: 2237 or sandra.barrows@undp.org
Office of the UN Resident and Humanitarian Coordinator: Stanislav Saling, +95 942 6519871 or stanislav.saling@one.un.org

ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ နောက်ခံ အကြောင်းအရာများ

IOM သည် ၁၉၅၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရွှေ့ပြောင်းခြင်းနှင့် ပတ်သက်သော အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အစိုးရနှင့် အစိုးရမဟုတ်သော မိတ်ဖက်များနှင့် နီးကပ်စွာ လုပ်ဆောင်လျက်ရှိသည်။ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၆၉ နိုင်ငံပါဝင်ပြီး လေ့လာသူအဆင့် ၈ နိုင်ငံရှိကာ ကမ္ဘာတစ်ဝှမ်းတွင် ရုံးပေါင်း ၁၀၀ ကျော် ရှိပါသည်။ IOM သည် လူအားလုံး၏အကျိုးအတွက် လူသားမျိုးနွယ်အပေါ်နှင့် စနစ်တကျရွှေ့ပြောင်းနေထိုင်မှုကို မြှင့်တင်ရန်ရည်ရွယ်သည်။ IOM သည်ရွှေ့ပြောင်းနေထိုင်မှုကို စနစ်တကျနှင့် လူသားဆန်စွာ စီမံခန့်ခွဲမှုသေချာစေရန်၊ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ရွှေ့ပြောင်းနေထိုင်မှု ပြဿနာများအတွက် လက်တွေ့ကျသော အဖြေများ ရှာဖွေရာတွင် ကူညီရန်နှင့် ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများအပါအဝင် လိုအပ်နေသော ရွှေ့ပြောင်း နေထိုင်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန် ပံ့ပိုးပေးသည်။ IOM သည် ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လုပ်ငန်းများ စတင်ခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင်မြန်မာနိုင်ငံသည် IOM ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။

နိုင်ငံပေါင်း ၁၇၀ တွင် UNDP သည် ကမ္ဘာမြေကြီးကို ကာကွယ်ရန်နှင့် ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ခိုင်မာသော မူဝါဒများ၊ ကျွမ်းကျင်မှုများ၊ မိတ်ဖက်ပြုခြင်းများနှင့် အဖွဲ့အစည်းများကို ပံ့ပိုးပေးလျက်ရှိပါသည်။

UNFPA သည် ကိုယ်ဝန်တိုင်းကို မိမိသဘောဆန္ဒဖြင့်သာ ရရှိရန်၊ ကလေးမွေးဖွားမှုတိုင်းကို ဘေးကင်းစေရန်၊ လူငယ်တိုင်း၏ အနာဂတ်အလားအလာကို ဖြည့်ဆည်းပေးရန် ဆောင်ရွက်ပေးပါသည်။ မြန်မာနိုင်ငံတွင် ၁၉၇၃ ခုနှစ်က စတင်ကာ အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အခြား ဖွံ့ဖြိုးရေး မိတ်ဆက်များနှင့် ပူးပေါင်းကာ လိင်နှင့် မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးများ၊ ကျားမ တန်းတူညီမျှရေးနှင့် အမျိုးသမီး စွမ်းဆောင်ရည်မြင့်များရေးနှင့် ဖွံ့ဖြိုးရေးအတွက် လူဦးရေ အချက်အလက်များ ကောက်ယူခြင်းကို ပံ့ပိုးဆောင်ရွက်ပါသည်။

UN-Habitat သည် ပိုမိုကောင်းမွန်သော မြို့ပြအနာဂတ်ကို ဦးတည်သော ကုလသမဂ္ဂ အစီအစဉ်ဖြစ်သည်။ ၎င်း၏ ရည်မှန်းချက်မှာ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော လူသားအခြေချနေထိုင်မှု ဖွံ့ဖြိုးတိုးတက်မှုနှင့် လူတိုင်းအတွက် လုံလောက်သော အမိုးအကာများ ရရှိစေရန်ဖြစ်သည်။

UNHCR သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီဖြစ်ပြီး  လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် အကာအကွယ်ပေးမှုများကို ကမ္ဘာတဝှမ်းရှိ ဒုက္ခသည်များ၊ နေရပ်စွန့်ခွာသူများနှင့် နိုင်ငံမဲ့များအတွက် ဆောင်ရွက်ပေးပြီး ၎င်းတို့အတွက် လုံခြုံ၍ မိမိတို့ သဘောဆန္ဒအရ နေရပ်ပြန်နိုင်ရေးနှင့် ပြန်လည်အခြေချနေထိုင်ရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် ဆောင်ရွက်ပါသည်။

UNICEF သည်အစိုးရနှင့် မြန်မာပြည်သူများနှင့် ၁၉၅၀ ခုနှစ်မှ စတင်၍ လုပ်ကိုင်ခဲ့ပါသည်။ အစိုးရနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ယူနီဆက်၏ လက်ရှိလုပ်ငန်းများမှာ ကလေးသေဆုံးမှု လျှော့ချရန်၊ ပညာရေးလက်လှမ်းမီမှုနှင့် အရည်အသွေးတိုးတက်စေရန်နှင့် ကလေးသူငယ်များအား အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းတို့မှ ကာကွယ်ပေးရန် ဖြစ်သည်။

UN Women သည် ကျား၊ မတန်းတူညီမျှမှုနှင့် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးအတွက် ရည်ရွယ်သည့် ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်သည်။ ကမ္ဘာတဝှမ်းလုံးရှိ အမျိုးသမီးများ၏ လိုအပ်ချက်မျာကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် အရှိန်အဟုန်မြှင့်တင်ရန် UN Women ကို တည်ထောင်ခဲ့သည်။ UN Women သည် ကျား၊ မတန်းတူညီမျှမှု ရရှိရေးအတွက် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများချမှတ်ရာတွင် အစိုးရများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စံနှုန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ပြီး ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို အမှန်တကယ်အကျိုးရှိစေရန် ဆောင်ရွက်ပါသည်။

WFP သည် ကမ္ဘာအနှံ့အပြားတွင် ငတ်မွတ်ခေါင်းပါးမှုကို တိုက်ဖျက်သော ကမ္ဘာ့အကြီးဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီတစ်ခုဖြစ်သည်။ အရေးပေါ် အခြေအနေတွင် စားနပ်ရိက္ခာ အကူအညီများကို ပေးခြင်း၊ လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အာဟာရနှင့် ကြံ့ကြံ့ခံမှုကို တည်ဆောက်ခြင်းတိုကို ဆောင်ရွက်ပါသည်။ WFP သည် နိုင်ငံပေါင်း ၈၀ ကျော်မှ လူဦးရေ သန်း ၈၀ ကို ပံ့ပိုးပေးလျက်ရှိသည်။