အူရီဒူးမြန်မာနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့သည် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသည့် လယ်ယာလုပ်ငန်းအလေ့အထများ တိုးမြှင့်ရန် နှင့် တစ်ချိန်တည်းတွင် ဆန်းသစ်တီထွင်မှုနှင့် နည်းပညာကို အရှိန်အဟုန်ဖြင့်အသုံးချခြင်းဖြင့် ဝင်ငွေရင်းမြစ်မျိုးစုံလင်၍ ဝင်ငွေတိုးတက်လာစေ

2019- December 16

ဓာတ်ပုံ - အူရီဒူးမြန်မာ


ရန်ကုန်မြို့၊ မြန်မာ - အူရီဒူးမြန်မာနှင့် ယူအင်ဒီပီမြန်မာတို့သည် ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းများ နှင့်  စိုက်ပျိုးရေးဖွံ့ဖြိုးမှုစီမံကိန်း (SEAD) အကောင်အထည်ဖော်ရေးကို ကူညီပေးရန်အတွက် လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီချက်တစ်ရပ်ကို ယနေ့ လက်မှတ်ရေးထိုး ခဲ့ကြပါသည်။  စီမံကိန်းသည် အူရီဒူး ၏ ခေတ်မီမိုဘိုင်းနည်းပညာနှင့် ယူအင်ဒီပီ၏ ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိသည့် လယ်ယာလုပ်ငန်းအလေ့အထများ မြှင့်တင်ရေးအတွေ့အကြုံများကို အရှိန်အဟုန်ဖြင့် အသုံးချခြင်းဖြင့် မြန်မာနိုင်ငံ အပူပိုင်းဇုန်တွင် အားလုံးပါဝင်၍ ရေရှည်တည်တံ့သော ကျေးလက်ဒေသဖွံ့ဖြိုးရေး စံပြပုံစံတစ်ခုကို တည်ထောင်ရန် ရည်ရွယ်ထားသည်။ မြင်းခြံမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့ရှိ ကျေးရွာပေါင်း (၁၃၀) တို့သည် ၁၅ လကြာမြင့်မည့် ဤစီမံကိန်းမှ အကျိုးကျေးဇူးများကို တိုက်ရိုက်ခံစားရမည်ဟု မျှော်မှန်း ထားသည်။

ဓာတ်ပုံ - ယူအင်ဒီပီမြန်မာ


ဤမိတ်ဖက်ပူးပေါင်းခြင်းသဘောတူညီချက်သည် မြန်မာနိုင်ငံတွင် အူရီဒူးမြန်မာနှင့် ယူအင်ဒီပီတို့ အတွက် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်သည်။ SEAD စီမံကိန်းသည် အပူပိုင်းဇုန်ရှိ အားနည်းချက်များရှိသော  တောင်သူလယ်သမားများအား ဝင်ငွေရင်းမြစ်စုံလင်လာစေရေး နှင့် ခံနိုင်ရည်ရှိသော အသက်မွေးဝမ်းကြောင်းမှုများကို မြှင့်တင်ပေးရန် စိုက်ပျိုးရေး ကဏ္ဍတစ်ခု ဖြစ်လာစေရေးအတွက် ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ ရာသီဥတုဆိုင်ရာ အကြံပေးချက်များ ပေးပို့ခြင်း၊ အဓိကမိတ်ဖက်အစိုးရဌာနများ နှင့်ပူးပေါင်း၍ ရေရှည်တည်တံ့သော စိုက်ပျိုးမွေးမြူရေး အလေ့အထ ကောင်းများ မြှင့်တင်ပေးခြင်းကိုလည်း ကူညီပေးသွားမည် ဖြစ်ပါသည်။ ထို့ပြင် ရေရှည်တည်တံ့သော လယ်ယာလုပ်ငန်းဖြစ်လာစေရန် ရောင်းလိုအားနှင့် ဝယ်လိုအားကို ချိန်ညှိဆောင်ရွက်ခြင်း၊ တောင်သူလယ်သမားများ၏ အသက်မွေးဝမ်းကျောင်း စနစ်နှင့် ဆက်စပ်နေသည့် သွင်းအားစုများနှင့် ဝန်ဆောင်မှုများ ထောက်ပံ့ပေးခြင်း၊ စိုက်ပျိုး မွေးမြူရေးတွင် တန်ဖိုးမြင့် ထုတ်ကုန်များဖြစ်လာစေရန် ကူညီပေးခြင်း၊ တောင်သူလယ်သမား များအား(မိုဘိုင်းငွေကြေးကို အသုံးပြု၍) ချေးငွေစနစ် နှင့်ချိတ်ဆက်ပေးခြင်း၊ စျေးကွက်များနှင့် ချိတ်ဆက်ပေးခြင်းတို့ ပါဝင်ပါမည်။

ဓာတ်ပုံ - အူရီဒူးမြန်မာ


“အူရီဒူးအနေနဲ့ ယူအင်ဒီပီနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဝမ်းမြောက်စွာနဲ့ ကြေညာလိုပါတယ်။ ဘာကြောင့်လဲဆိုရင် မိုဘိုင်းနည်းပညာဟာ ကျေးလက်ဖွံ့ဖြိုးရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပြီဆိုတာကို ကျွန်တော်တို့ အဓိက ယုံကြည်ထားလို့ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ မိုဘိုင်းဆက်သွယ်ရေး နဲ့ သတင်းအချက်အလက်နည်းပညာဟာ ကျေးလက်ဒေသနေ ပြည်သူလူထုအတွက် အဓိကကျပြီး အခွင့်အလန်းကောင်းတွေ နဲ့ ဗဟုသုတတွေကို မျှဝေခြင်းဖြင့် မြန်ဆန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေမှာဖြစ်တဲ့အပြင် ကမာ္ဘတစ်ဝန်းနဲ့လည်း သူတို့ကို ချိတ်ဆက်ပေးနိုင်မှာဖြစ်တာကြောင့် “ပြည်သူတို့၏ ဒစ်ဂျစ်တယ်ဘဝများ ပြည့်ဝမြင့်မားစေရန်” ဆိုတဲ့ အူရီဒူးရဲ့ ရည်မှန်းချက်နဲ့လည်း ကိုက်ညီပါတယ်။ လူတိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ ဘဝတွေကို ပိုင်ဆိုင်ဖို့ ဖန်တီးပေးနိုင်တဲ့ ဒစ်ဂျစ်တယ် နည်းပညာ အသွင်ကူးပြောင်းဖော်ဆောင်ရေးမှာ တစိတ်တဒေသအနေနဲ့ပါဝင် ပံ့ပိုးခွင့်ရတဲ့အတွက်ကြောင့် အူရီဒူးအနေနဲ့ ဂုဏ်ယူရပါတယ်။” ဟု အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Mr. Rajeev Sethi က ပြောကြားလိုက်ပါသည်။

ဓာတ်ပုံ - အူရီဒူးမြန်မာ


“ပုဂ္ဂလိကကဏ္ဍဟာ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (SDGs) ကို ရောက်ရှိဖို့အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါတယ်၊ အဲဒီလို နားလည်သဘော ပေါက်ထားတဲ့အတွက် ယူအင်ဒီပီမြန်မာနဲ့ အူရီဒူးမြန်မာတို့ဟာ မြန်မာနိုင်ငံရဲ့ SDGs ပန်းတိုင်များ ကို ရောက်ရှိဖို့ ကြိုးပမ်းရာမှာ တီထွင်ဆန်းသစ်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကတိကဝတ် ပြုခဲ့ပြီး၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်းက နားလည်မှုစာချွန်လွှာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ယူအင်ဒီပီအနေနဲ့ SEAD စီမံကိန်းမှာ အူရီဒူးမြန်မာနဲ့ ဆက်လက် တွဲဖက်ဆောင်ရွက်ရ တဲ့အတွက် ကျေနပ်မိပါတယ်၊ SEAD စီမံကိန်းဟာ ကျေးလက်နေပြည်သူတွေကို သူတို့ရဲ့ ဒေသတွင်း  ဖွံဖြိုးရေးအခက်အခဲတွေကို ကျော်လွှားနိုင်စေဖို့၊ မိုဘိုင်းအိုင်စီတီနည်းပညာနဲ့ မောင်းနှင်နေတဲ့ စျေးကွက်ချိတ်ဆက်မှု အလားအလာကောင်းတွေကို နားလည်သဘောပေါက်စေဖို့နဲ့ ထုတ်လုပ်မှု စွမ်းအားတိုးတက်စေဖို့အတွက် ကူညီပေးမှာဖြစ်ပါတယ်”ဟု ယူအင်ဒီပီ၏ လက်ရှိ ဌာနေကိုယ်စား လှယ်ဖြစ်သူ Mr. Gordan Johnson က ပြောကြားခဲ့ပါသည်။

ဓာတ်ပုံ - အူရီဒူးမြန်မာ


အူရီဒူးမြန်မာနှင့် ယူအင်ဒီပီမြန်မာတို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့တွင် နားလည်မှုစာချွန်လွှာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး၊ မြန်မာနိုင်ငံ၏ SDGs ပန်းတိုင်များ ရရှိရေးတွင် ဒီဂျစ်တယ်နည်းပညာ၏ အလားအလာကို ဖွင့်ထုတ်ပေးမည့် အားဖြည့်လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန်အတွက် နှစ်နှစ်ကြာမျှ မိတ်ဖက်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ အူရီဒူးနှင့် ယူအင်ဒီပီတို့သည် နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးပြီးချိန်မှစ၍ နည်းပညာပြိုင်ပွဲကြီး ဖြစ်သည့်(Hackathon) ကို ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် တစ်ကြိမ်စီ အောင်မြင်စွာ စီစဉ်ပြုလုပ်ပေးနိုင်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် အူရီဒူး-ယူအင်ဒီပီ- SDG စင်တာ (SDG Incubation Hub) ကိုလည်း စတင်နိုင်ခဲ့သည်။

အသေးစိတ်အချက်အလက်များအတွက် အောက်ပါလိပ်စာသို့ ဆက်သွယ်ပါ -

အူရီဒူးပြန်ကြားရေးအဖွဲ့

+ ၉၅ ၉၉၇၃၃၃၃၃၂၂

mhan1@ooredoo.com.mm

ယူအင်ဒီပီ ပြန်ကြားရေးအဖွဲ့

+၉၅ ၉၄၂၁၀၉၁၈၈၂

aye.pa.pa.moe@undp.org

အူရီဒူးမြန်မာအကြောင်း

 

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ် ဇွန်လတွင် လိုင်စင်ရရှိခဲ့ပါသည်။ အူရီဒူးမြန်မာသည် “ပြည်သူတို့၏ ဒစ်ဂျစ်တယ်ဘဝများ ပြည့်ဝမြင့်မားရေး” ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။ အူရီဒူးမြန်မာသည် လက်ရှိတွင် တစ်ဦးချင်းအသုံးပြုသူများ အတွက် သာမက စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများ နှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက်လည်း လုပ်ငန်းများ တိုးတက်ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန် ဝန်ဆောင်မှုများစွာ ပေးအပ်လျက်ရှိပါသည်။ အဆိုပါ ဝန်ဆောင်မှုများသည်

လူမှုဘ၀ ဖွံ့ဖြိုးရေး နှင့် လုပ်ပိုင်ခွင့် အခွင့်အလမ်းများ ရရှိရေးတို့ကို ဦးတည်၍ ဝန်ဆောင်မှု ပေးထား သဖြင့် ပြည်သူများအား လုပ်ကိုင်စွမ်းအားများကို မြှင့်တင်ပေးခြင်း နှင့် စီးပွားရေး လုပ်ငန်းများကို ပိုမိုချောမွေ့စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ နှင့် လူမှုအကျိုးပြုလုပ်ငန်းများမှ တဆင့် ပြည်သူများ၏ ဘဝကို တောက်ပကောင်းမွန်စေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

အူရီဒူးဝဘ်ဆိုဒ် - www.ooredoo.com.mm

Instagram: @ooredoomyanmar

Facebook: www.facebook.com/OoredooMyanmar

LinkedIn: www.linkedin.com/company/ooredoomyanmar

ယူအင်ဒီပီအကြောင်း

 

ယူအင်ဒီပီသည် နိုင်ငံပေါင်း (၁၇၀) ကျော်တွင် လုပ်ငန်းများ လုပ်ဆောင်နေပြီး၊ ကမ္ဘာလုံးဆိုင်ရာ ခြုံငုံအမြင်နှင့် ဒေသအလိုက် ထိုးထွင်းအမြင်တို့ကိုလည်းကောင်း၊ နည်းပညာအကူအညီ၊ မူဝါဒ အကြံပြုချက်နှင့် ဖွံ့ဖြိုးရေး အထောက်အပံ့ဆိုင်ရာ ဝန်ဆောင်မှုများကို လည်းကောင်း ထောက်ပံ့ပေးနေသည်။ ယူအင်ဒီပီ၏ ရည်ရွယ်ချက်မှာ အလွန်အမင်းဆင်းရဲမွဲတေမှုကို အဆုံးသတ် ရေး၊ မမျှတမှုများကို လျှော့ချရေးနှင့် ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်၏ ရည်မှန်းချက်ပန်းတိုင်များသို့ ရောက်ရှိစေရေး အတွက် နိုင်ငံများအား ကူညီပေးရန်ဖြစ်သည်။

ယူအင်ဒီပီသည် မြန်မာနိုင်ငံတွင် ၁၉၅၀ ပြည့်နှစ်လွန်နှစ်များမှစ၍ မြန်မာနိုင်ငံ ပြည်သူများအတွက် ဖွံဖြိုးရေးအကူအညီများ ထောက်ပံ့နေခဲ့သည်။ ယနေ့မြန်မာနိုင်ငံရှိ ယူအင်ဒီပီသည် ကမ္ဘာလုံးဆိုင်ရာ အကောင်းဆုံးလုပ်ထုံးများ၊ နိုင်ငံတကာစံချိန်စံညွှန်းများကို ယူဆောင်လာပြီး၊ မိတ်ဖက်အဖွဲ့များ၊ UN စနစ်၊ မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများနှင့် ပူးတွဲလုပ်​ဆောင်ခြင်းဖြင့် ၂၀၃၀ ပြည့်နှစ် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အား အောင်မြင်ရရှိစေရေးနှင့် ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးရေးပန်းတိုင်များအား အကောင်အထည်ဖော်ရေး အတွက်လည်းကောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး၊ လူမှုစီးပွားနှင့် ပတ်ဝန်းကျင်ဆိုင်ရာဦးစားပေးလုပ်ငန်းများအားလုံးတွင် ၂၀၃၀ ပြည့်နှစ် အစီအစဉ်ကို ပေါင်းစပ်ထည့်သွင်း၍ စုစည်းညီညွတ်စွာဖြင့် ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း ကူညီပေးရန် ကတိကဝတ်ပြုထားပါသည်။

Facebook: www.facebook.com/UNDPMyanmar

Twitter: www.twitter.com/UNDP_Myanmar

Website: www.mm.undp.org