၂၀၁၈ ခုနှစ် Hackathon နည်းပညာပြိုင်ပွဲတွင် အနိုင်ရရှိသူများက ၎င်းတို့၏ ဆန်းသစ်တီထွင်မှုများကို သရုပ်ပြသ

2019- July 27

ဓာတ်ပုံ - အူရီဒူးမြန်မာ

ရန်ကုန်၊ မြန်မာ - အူရီဒူးမြန်မာနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့သည် စွန့်ဦးတီထွင်မှုနှင့် ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ “စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာစနစ်များတွင် အမျိုးသမီးများနှင့် လူငယ်များအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် Hackathon နည်းပညာဆိုင်ရာပြိုင်ပွဲ ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပခဲ့ပါသည်။ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ခြင်း၏ တစိတ်တစ်ဒေသအဖြစ် အူရီဒူးနှင့် UNDP တို့သည် Impact Hub နှင့်အတူ ပူးပေါင်းကာ “Demo Day” အခမ်းအနား ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် ရန်ကုန်မြို့ရှိ အူရီဒူးမြန်မာ ရုံးချုပ်၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် Hackathon ပြိုင်ပွဲတွင် အနိုင်ရရှိသည့် အဖွဲ့သုံးဖွဲ့မှ ၎င်းတို့၏ ဆန်းသစ်တီထွင်မှုများအား အခမ်းအနားသို့တက်ရောက်ကြသည့် စီးပွားရေး စတင် တည်ထောင်လိုသူများနှင့် ရင်းနှီးမြှပ်နှံလိုသူများ စိတ်ပါဝင်စားမှုရှိလာစေရန် ထုတ်ဖော်ပြသနိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါသည်။

အဆိုပါ အနိုင်ရရှိသည့်အဖွဲ့များထဲမှ အဖွဲ့နှစ်ဖွဲ့မှာ စိုက်ပျိုးရေးဆိုင်ရာအခန်းကဏ္ဍအတွက် ဆန်းသစ် တီထွင်မှုများကို တင်ဆက်ပြသခဲ့ပါသည်။ Blind Hat အဖွဲ့ ၏ “စိမ်းလဲ့မြေ” အက်ပလီကေးရှင်းသည် တန်ဖိုးကွင်းဆက် အတွင်းရှိ စိုက်ပျိုးရေးနည်းပညာတွင် အကျိုးဖြစ်ထွန်းစေသည့် အထောက်အကူပြု နည်းပညာကဏ္ဍတွင်ပါဝင်ပြီး အရောင်းအဝယ်ဆိုင်ရာ ချိတ်ဆက်လုပ်ကိုင်ခြင်း၊ ငှားရမ်းခြင်းနှင့် သတင်း အချက်အလက်မျှဝေခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထိုမှတဆင့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များ၊ အာဟာရဓာတ်များနှင့် စက်ကိရိယာများ နှင့်စပ်လျဉ်ပြီး ရောင်းချသူနှင့် ဝယ်ယူသူများအကြား သတင်းအချက်အလက် ကွာဟမှုများမရှိ စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် တောင်သူလယ်သမားများ၏ ကုန်စည်စီးဆင်းမှုနှင့် အကျိုးစီးပွားဖြစ်ထွန်းမှုများကို အဆင့်မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။ Team Deca အဖွဲ့ ၏ “Dr.Kyet” အက်ပလီကေးရှင်းသည် ကျေးလက်ဒေသရှိ မွေးမြူရေးသမားများအတွက် အထောက်အကူပြု နည်းပညာကဏ္ဍတွင်ပါဝင်ပြီး ကြက်ဘဲမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် မွေးမြူရေးသမားများအတွက်

နေ့စဉ် သတင်းအချက်အလက်များရယူနိုင်ခြင်း၊ မေးခွန်းများကိုလျင်မြန်စွာဖြေကြားခြင်းနှင့် အခက်အခဲများကို ဖြေရှင်းခြင်းတို့တွင် အပြန်အလှန်မြန်ဆန်စွာ မေးမြန်းစုံစမ်းနိုင်မည့် chat bot တစ်ခုပင်ဖြစ်ပါသည်။ ထို့အပြင် ဆန်းသစ်တီထွင်မှု နောက်တစ်ခု ဖြစ်သည့် Team Divas ၏ “HearU” အက်ပလီကေးရှင်းသည် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းကဏ္ဍတွင်ပါဝင်ပြီး ကုမ္ပဏီတွင်း မမှန်ကန်သည့် လုပ်ရပ်များကို လူ့စွမ်းအားအရင်းအမြစ်ဌာန နှင့်စီမံခန့်ခွဲမှုထံသို့ တိုက်ရိုက်သတင်းပို့နိုင်မည့် နည်းပညာ ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Rajeev Sethi က “ဒီနေ့အခမ်းအနား က လူငယ်တွေကို ဆန်းသစ်တီထွင်မှု အတွေးအကြံ အသစ်အဆန်းတွေ ထုတ်ဖော်ပြသနိုင်အောင် တွန်းအားပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒီဆန်းသစ်တီထွင်တဲ့ အတွေးအကြံတွေက တဆင့် လူနေမှုဘဝတွေကို အင်တာနက်၊ နည်းပညာ စွမ်းဆောင်ရည်တွေနဲ့ ပြည့်စုံကြွယ်စေမှာဖြစ်ပြီး နေ့စဉ်နဲ့အမျှ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေကို အဆင်ပြေ ချောမွေ့စွာ စီစဉ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အူရီဒူးရဲ့ ရေရှည်ရည်မှန်းချက်နဲ့ ကတိကဝတ်တွေဟာ လူငယ်တွေကို ဒီဂျစ်တယ်အသွင်ကူပြောင်းရေးကဏ္ဍမှာ စိတ်အားတက်ကြွစွာ ပါဝင် လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ အူရီဒူးက ဆန်းသစ်တီထွင်မှုတွေမှာ စိတ်အားတက်ကြွမှု အပြည့်ရှိတဲ့ မြန်မာနိုင်ငံက လူမှုအသိုက်အဝန်းတွေကို စဉ်ဆက်မပြတ် ကူညီပံ့ပိုး သွားမှာဖြစ်ပါတယ်။ သူတို့တွေရဲ့ အကျိုးဖြစ်ထွန်းမှ ုစွမ်းဆောင်နိုင်မယ့်အတွေးအကြံတွေကို ဒီလို နည်းပညာတွေကိုအသုံးပြုပြီး နေ့စဉ်ဘဝထဲမှာ လက်တွေ့ အကောင်အထည်ဖော်နိုင်အောင် ဆက်လက်အားပေး သွားမှာပါ” ဟု ပြောကြားခဲ့ပါသည်။

အဆိုပါ အနိုင်ရရှိခဲ့သည့် အဖွဲ့ ၃ဖွဲ့အတွက် ၎င်းတို့ အားစိုက်ထုတ်ကြိုးပမ်းထားသည့် ရလဒ်များအပေါ် အခိုင်အမာ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရပ်များ တိုးမြှင့်နိုင်စေရန် အခွင့်အလမ်းများဖြစ်သည့် ဘဏ္ဍာရေးဆိုင်ရာ နှင့် အခြားအထောက်အကူပြုများပံ့ပိုးခြင်းကို အူရီဒူးနှင့် UNDP တို့မှ လုပ်ဆောင်ပေးခဲ့ပြီး Impact Hub မှ လမ်းညွှန်ပြသ ပျိုးထောင်လေ့ကျင့်ပေးခဲ့ပါသည်။

ဓာတ်ပုံ - UNDP မြန်မာ

UNDP Myanmar ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Peter Batchelor က “လူငယ်တွေမှာ ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုတွေနဲ့အတူ မြန်မာနိုင်ငံမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့အတွက် ထိရောက်ကောင်းမွန်တဲ့ပြောင်းလဲမှုကို လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ UNDP က အခိုင်အမာ ယုံကြည်ထားပါတယ်။ ဒီနေ့မှာ အနိုင်ရရှိသွားတဲ့ အဖွဲ့၃ ဖွဲ့ရဲ့ နောက်ဆုံး ရလဒ်တွေကို မြင်ရတာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဆန်းသစ်တီထွင်မှုနဲ့ စီးပွားရေးစွန့်ဦးတီထွင်မှုတွေကို အဆင့် မြှင့်တင်ပေးပြီး မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍကို ဖော်ဆောင်ရာမှာ တိုးတက်မှု အခွင့်အလမ်းတွေကို အမိအရဖမ်းဆုပ်နိုင်ဖို့အတွက် အကျိုးသက်ရောက်မှုအားကောင်းတဲ့ နိုင်ငံတွင်းမှာ အကျိုးဖြစ်ထွန်းစေမယ့် အထောက်အကူပြုနည်းပညာတွေ အကောင်အထည်ဖော်ဖို့ အတွက် UNDP က ပံ့ပိုးဆောင်ရွက်လျက်ရှိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

ယနေ့ Demo Day အခမ်းအနားသည်၂၀၁၈ Hackathon အစီအစဉ်၏ အောင်မြင်စွာ ပြီးဆုံးခြင်း အထိမ်းအမှတ်ဖြစ်ပြီး အူရီဒူးမြန်မာနှင့် UNDP တို့သည် မိတ်ဖက်လုပ်ငန်းများကို ဆက်လက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်

  • အူရီဒူး ပြန်ကြားဆက်သွယ်ရေးဌာန | +959 9733 33322 | mhan1@ooredoo.com.mm
  • UNDP ပြန်ကြားဆက်သွယ်ရေးဌာန | +95 9 7916 39052 | yamon.phu.thit@undp.org  

Hackathon နည်းပညာပြိုင်ပွဲတွင် အနိုင်ရရှိသည့် အဖွဲ့များ


Team Divas


Team Deca


Team Blind Hat

UNDP နှင့် အူရီဒူးတို့၏ မိတ်ဖက်ဆောင်ရွက်မှုအကြောင်း UNDP ၏ ဌာနေကိုယ်စားလှယ်နှင့် အင်တာဗျူး


Language: English

Language: Myanmar

ဆက်စပ်နေသော လင့်ခ်များ