ကိုဗစ်-၁၉ - ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ကျရောက်လာမည့် အကျပ်အတည်းကြီးသည် စီးပွားရေးကဏ္ဍများ <br/>ပြိုလဲသွားရန်နှင့် တန်းတူညီမျှမရှိမှုများ တိုးပွားလာရန် ခြိမ်းခြောက် လျက်ရှိနေ

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ထိခိုက်လွယ်သော နိုင်ငံများအတွက် တစ်ခါဖူးမျှ မရှိခဲ့ဖူးသော အတိုင်းအတာဖြင့် ပံ့ပိုးကူညီမှုများ ပေးနိုင်ရန် UNDP ကြိုးပမ်း

2020- March 30


နယူးယောက် – ကြီးထွားလာလျက်ရှိသော ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်းကြီးသည် ရေတို ကျန်း မာရေး အကျပ်အတည်း အဖြစ်သာမက ရှေ့လာမည့် လများ၊ နှစ်များတွင် ဆိုးရွားပြင်းထန်သည့် လူမှုရေး နှင့် စီးပွားရေး အကျပ်အတည်းအဖြစ် ဖွံ့ဖြိုးဆဲနိုင်ငံများ အပေါ် မမျှမတ ရိုက်ခတ်ရန် ခြိမ်းခြောက်လျှက် ရှိနေပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဝင်ငွေဆုံးရှုံးမှုများသည် အမေရိကန် ဒေါ်လာ ၂၂၀ ဘီလျှံ ကျော်သွားမည်ဟု ခန့်မှန်းပါသည်။ ကမ္ဘာ့လူဦးရေ၏ ခန့်မှန်းခြေ ၅၅ ရာခိုင်နှုန်းခန့်သည် လူမှုရေး ကာကွယ်စောင့်ရှောက်မှုများကို လက်လှမ်းမှီရရှိမှု မရှိခြင်းကြောင့် အဆိုပါဆုံးရှုံးမှုများသည် ပညာရေး၊ လူ့အခွင့်အရေးနှင့် အဆိုးရွားဆုံး ဖြစ်ရပ်များတွင် စားနပ်ရိက္ခာဖူလုံ၊ အာဟာရတို့ အပေါ်သက်ရောက်မှုရှိမည်ဖြစ်ရာ လူ့အဖွဲ့အစည်းများတွင် ဂယက်များ ရိုက်ခတ်မည်ဖြစ်ပါသည်။

အရင်းအမြစ်ရှားပါးသော ဆေးရုံများနှင့် ကျိုးပျက်လွယ်သော ကျန်းမာရေးစနစ်များအဖို့ ယခုကပ်ရောဂါကို  ရင်ဆိုင်ဖြေရှင်းရန် ခက်ခဲဖွယ်ရှိပါသည်။ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများတွင် လူဦးရေ၏ ၇၅ ရာခိုင်နှုန်း အထိသည် ရေနှင့်ဆပ်ပြာကို လက်လှမ်းမှီ အသုံးပြုနိုင်ခြင်း မရှိသဖြင့် လူနာများ ရုတ်တရက် အများအပြား ရောက်ရှိလာမည်ဆိုလျှင် ပို၍ပင် မနိုင်မနင်းဖြစ်ရန် ရှိပါသည်။

အခြားလူမှုရေး အခြေအနေများဖြစ်သည့် မြို့ပြစီမံကိန်းရေးဆွဲမှု အားနည်းခြင်းနှင့် အချို့မြို့ကြီးများတွင် လူဦးရေ အလွန်အမင်း ထူထပ်နေခြင်း၊ အမှိုက်သရိုက် စွန့်ပစ်မှုစနစ်များ အားနည်းခြင်းအပြင် ယာဉ်အသွားအလာ ပိတ်ဆို့ခြင်းကပင် ကျန်းမာရေးဌာနများ၊ ဆေးရုံဆေးခန်းများသို့ လက်လှမ်းမီ ရောက်ရှိရန် အဟန့်အတားဖြစ်စေလျက် ကုသစောင့်ရှောက်ပေးရသည့် လူနာအရေအတွက် ပို၍ တိုးလာစေမည်ဖြစ်ပါသည်။

“ဤကမ္ဘာ့ကပ်ရောဂါသည် ကျန်းမာရေး အကျပ်အတည်းတစ်ခု ဖြစ်သည်။ သို့ရာတွင် ကျန်းမာရေး အကျပ်အတည်း သက်သက်မျှသာ မဟုတ်ပါ။ ကမ္ဘာ့နေရာဒေသ အများအပြားတွင် ဤကပ်ရောဂါကြောင့် အလွန်နက်ရှိုင်းသော ဒဏ်ရာဒဏ်ချက်များ ကျန်ရစ်မည်ဖြစ်ပါသည်” ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ အုပ်ချုပ်ရေးမှူး အာချင်စတိန်နာက ပြောပါသည်။ “နိုင်ငံတကာ အသိုင်းအဝန်းမှ ကူညီပံ့ပိုးမှု မရှိပါက ကျွန်ုပ်တို့သည် လွန်ခဲ့သော ဆယ်စုနှစ်နှစ်စု ကျော်အတွင်း ရရှိထားသော ဖွံ့ဖြိုးတိုးတက်မှုများကို အကြီးအကျယ် ဆုံးရှုံးရနိုင်ခြေရှိပြီး လူသားမျိုးဆက်ကြီး တစ်ခုလုံးအသက်များကို မဆုံးရှုံးရလျှင်ပင် အခွင့်အရေး များနှင့် ဂုဏ်သိက္ခာကို ဆုံးရှုံးကြရမည့် အန္တရာယ် ရှိနေသည်” ဟု ၎င်းက ဆိုပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) နှင့် အနီးကပ် ပေါင်းစပ်ညှိနှိုင်းလျက် UNDP သည် ထိခိုက်လွယ်မှု အရှိဆုံးသူများကို အဓိက ဦးတည်ကာ ကိုဗစ်-၁၉ အတွက် ကြိုတင်ပြင်ဆင်ရန်၊ တုံ့ပြန် ဆောင်ရွက်ရန်နှင့် ပြန်လည်ထူထောင်ရန် ကမ္ဘာ့နိုင်ငံများကို ကူညီပေးနေပါသည်။

UNDP သည် ဘော့စ္စနီးယားနှင့် ဟာဇီဂိုးဗီးနား၊ တရုတ်၊ ဂျီဘူတီ၊ အယ်လ်ဆယ်ဗေဒေါ၊ အီရစ်ထရီယား၊ အီရန်၊ ကာဂျစ်စတန်၊ မက်ဒါဂတ်စ်ကာ၊ နိုင်ဂျီးရီးယား၊ ပါရာဂွေး၊ ပနားမား၊ ဆားဗီးယား၊ ယူကရိန်းနှင့် ဗီယက်နမ်တို့အပါအဝင် ကမ္ဘာ့နိုင်ငံများရှိ ကျန်းမာရေးစနစ်များကို ပံ့ပိုးကူညီပေးနှင့်ပြီး ဖြစ်ပါသည်။

UNDP ဦးဆောင်သည့် လက်ရှိ အရင်းအမြစ်များကို အခြေတည်ကာ ရန်ပုံငွေ ပံ့ပိုးသွားမည့် ကိုဗစ်-၁၉ စောလျင်စွာ တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့ကို စတင်ဖွဲ့စည်းပြီးဖြစ်ကာ ကနဦးအနေဖြင့် ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၂၀ စတင်သုံးစွဲမည်ဖြစ်သည်။ ဤအဖွဲ့သည် UNDP အဖွဲ့များအား နိုင်ငံများအတွက် အမျိုးသား အဆင့်တုံ့ပြန်ဆောင်ရွက်မှုများတွင် အကူအညီအထောက်အပံ့များ ချက်ချင်းလက်ငင်း ပံ့ပိုးပေးနိုင်ရန် ရန်ပုံငွေများကို အလျှင်အမြန်ထုတ်ပေးသည့် လုပ်ငန်းစဉ်ဖြင့် ထုတ်ပေးလျက်ရှိပါ သည်။ နိုင်ငံပေါင်း ၁၀၀ ကို ပံ့ပိုးကူညီရန်အတွက် အနည်းဆုံး အမေရိကန် ဒေါ်လာ သန်း ၅၀၀ မျှ လိုအပ်မည်ဟု UNDP မှ ခန့်မှန်းထားပါသည်။

အရေးယူဆောင်ရွက်ကြရန် တိုက်တွန်းခြင်း

နိုင်ငံတကာ အသိုင်းအဝန်းအား ကိုဗစ်-၁၉ ၏ လက်ငင်းအကျိုး သက်ရောက်မှုများထက် ကျော်လွန်စဉ်းစားကာ  ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ကြရန် UNDP မှ အလေးအနက် တိုက်တွန်းထားပါ သည်။ ဦးစားပေးလုပ်ဆောင်ရန် လိုအပ်သည့် ကိစ္စရပ်သုံးခုကို UNDP က အလေးထား ပြောကြားခဲ့ပါ သည်။ ၎င်းတို့မှာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို တားဆီးရာတွင် ကူညီရန် အရင်းအမြစ်များ ရရှိရေး၊ ကူးစက်ပြန့်ပွားမှု ဖြစ်နေစဉ်အတွင်း တုံ့ပြန်ဆောင်ရွက်မှုများတွင် ပံ့ပိုးကူညီပေးရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ စီးပွားရေးပြိုလဲမှုကို တားဆီးကာကွယ်ရန် အရင်းအမြစ်များ ရရှိရေးတို့ ဖြစ်ပါသည်။

ချက်ချင်းလက်ငင်း တုံ့ပြန်ဆောင်ရွက်မှု တစ်ခုအဖြစ် UNDP သည် တရုတ်နိုင်ငံနှင့် အခြားအာရှနိုင်ငံ များအတွက် ပံ့ပိုးလျက်ရှိသည့် အကူအညီများပေါ်တွင် အခြေခံကာ ထိုနိုင်ငံများရှိ ကျန်းမာရေး စနစ်များ အားကောင်းခိုင်မာလာစေရေး ကူညီပေးပါသည်။ ထိုအကူအညီများထဲတွင် အလွန်အမင်း လိုအပ်လျှက် ရှိသော ဆေးဝါးပစ္စည်းကိရိယာများ ဝယ်ယူခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာများကို ထိရောက် အကျိုးရှိစွာ အသုံးချခြင်းနှင့် ကျန်းမာရေးလုပ်သားများ လစာရရှိရေး ဆောင်ရွက်ပေးခြင်းတို့ ပါဝင်ပါသည်။  

တစ်ချိန်တည်းတွင် UNDP သည် အစိုးရတစ်ရပ်လုံး၊ လူမှုအဖွဲ့အစည်း တစ်ရပ်လုံး တစ်ဦးတစ်ယောက်မကျန် ပါဝင်၍ စနစ်တကျ တုံ့ပြန်ဆောင်ရွက်သော နည်းလမ်းဖြင့် ကျန်းမာရေးကဏ္ဍ၏ ကြိုးပမ်းအားထုတ်မှုများကို အားဖြည့်ထောက်ပံ့ပေးမှုကို အားပေးမြှင့်တင်ရင်း နိုင်ငံများအား ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို နှေးကွေးသွားစေရန်၊ ထိခိုက်လွယ်သူလူ အုပ်စုများအတွက် လူမှုကာကွယ် စောင့်ရှောက်မှုများ ပံ့ပိုးပေးရန် လုပ်ဆောင်ရာတွင် ကူညီသွားမည်ဖြစ်ပါသည်။

ရေရှည်တွင် UNDP သည် ကိုဗစ်-၁၉ ၏ လူမှုရေးနှင့် စီးပွားရေး အကျိုးသက်ရောက်မှုများကို ဆန်းစစ်လေ့လာရန်၊ ရေရှည်အကျိုး သက်ရောက်မှုများကို အနည်းဆုံးဖြစ်အောင် (အထူးသဖြင့် ထိခိုက်လွယ်သူများနှင့် ဖယ်ကျဉ်ခံအုပ်စုများအတွက်) အရေးပေါ်ပြန်လည်ထူထောင်ရေးများ လုပ်ဆောင်ရန်နှင့် လူမှုအဖွဲ့အစည်းများကို ပိုမိုကောင်းမွန်သည့် အခြေအနေသို့ ပြန်လည်ထူထောင်နိုင်အောင် ကူညီပေးရန် နိုင်ငံများနှင့် ပူးပေါင်းလက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ယင်း၏ အကျိုးသက်ရောက်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် စနစ်စုံ၊ ကဏ္ဍစုံတွင် အလုပ်လုပ်နိုင်သော၊ ရှုပ်ထွေးခက်ခဲပြီး မသေချာမရေရာသော အခြေအနေ များတွင် အလုပ် လုပ်နိုင်သော မိတ်ဖက်များ လိုအပ်မည်ဖြစ်ပါသည်။ ရှေ့တန်းမျက်နှာစာများတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သော အတွေ့အကြုံများနှင့်အတူ UNDP သည် ဤသို့လုပ်ဆောင်ရန် ဖွဲ့စည်းထားသော အဖွဲ့အစည်းပင် ဖြစ်ပါသည်။ UNDP သည် နိုင်ငံနှင့် နယ်မြေပေါင်း ၁၇၀ တွင် လုပ်ငန်းများကို အပြည့်အဝ လည်ပတ်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်မှုကို အဓိက ဦးတည်၍ ၎င်းပိုင်ဆိုင်သော အရင်းအမြစ်များအားလုံးကို နှိုးဆော်စည်းရုံးရယူကာ တစ်ခါဖူးမျှ မကြုံခဲ့ဖူးသော ဤစိန်ခေါ်မှုကြီးကို တုံ့ပြန်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက် ရှိပါသည်။

အသေးစိတ်အချက်အလက်များ ရရှိရန်နှင့် မီဒီယာအင်တာဗျူးများအတွက် ဆက်သွယ်ရန် -

နယူးယောက် - Adam Cathro; adam.cathro@undp.org; +1 917 915 9725.

______________________________________

UNDP အကြောင်း -

UNDP သည် တရားမျှတမှုမရှိသော ဆင်းရဲနွမ်းပါးမှု၊ တန်းတူညီမျှမရှိမှုနှင့် ရာသီဥတုပြောင်းလဲမှု တို့ အဆုံးသတ်စေရေး ဦးဆောင်ကြိုးပမ်းလျက်ရှိသော ကုလသမဂ္ဂအဖွဲ့အစည်း ဖြစ်ပါသည်။ နိုင်ငံပေါင်း ၁၇၀ ရှိ ကျွမ်းကျင်ပညာရှင်များနှင့် မိတ်ဖက်များ ပါဝင်သော ကြီးမားကျယ်ပြန့်လှသည့် ကွန်ရက်ကြီးနှင့် လက်တွဲပူးပေါင်းရင်း ကျွန်ုပ်တို့သည် ပြည်သူများနှင့် ကမ္ဘာမြေအတွက် ဘက်စုံပေါင်းစပ် ဆောင်ရွက်သည့် ရေရှည်တည်တံ့နိုင်သော အဖြေများ ရှာဖွေနိုင်အောင် နိုင်ငံများကို ကူညီပေးနေပါသည်။