ကမ္ဘာတဝှမ်းလုံးရှိ အမျိုးသား/အမျိုးသမီး ၉၀ ရာခိုင်နှုန်းနီးပါးမှာ အမျိုးသမီးများအပေါ် ခွဲခြားဆန့်ကျင်မှုရှိနေကြ

“မှန်မျက်နှာကျက် (Glass Ceiling) သို့မဟုတ် အမျိုးသမီးများ၏ ဘဝတိုးတက်မှု အဟန့်အတား” နှင့် ပတ်သက်သည့် သဲလွန်စများ နှင့် ဖြတ်ကျော်ရန် နည်းလမ်းများအား ဆန်းစစ်လေ့လာမှုအသစ်မှ ရရှိ

2020- March 5

နယူးယော့ခ်မြို့ ၊ မတ်လ ၅ ရက် – မှန်မျက်နှာကျက်/အတားအဆီးမှာ မည်မျှကြီးမားထူထဲလှပါသနည်း။ မိသားစုဘဝပါမကျန် အမျိုးသမီးတို့၏ ဘဝမျက်နှာစာများအပေါ် ထိုမှန်သားမျက်နှာကျက်က အုပ်မိုးထားသည် ဟု လေ့လာဆန်းစစ်ချက်အသစ်က အကြံပြုထားပြီး ထိုမျက်နှာကျက်ကို မှန်သားဖြင့် မဟုတ်ဘဲ ကမ္ဘာအရပ်ရပ်က ကျားမမရွေး လက်ခံယုံကြည်ထားသည့် ခွဲခြားဘက်လိုက်မှုများ နှင့် တယူသန် အစွဲများဖြင့်  ဖန်တီးထားခြင်း ဟု လေ့လာဆန်းစစ်ချက်အသစ်တွင် ဖော်ြပထားသည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ယနေ့ထုတ်ပြန်လိုက်သော ဂျန်ဒါ လူမှုထုံးစံသတ်မှတ်ချက်များ အညွှန်း ကိန်း အသစ်တရပ်၏ ရှာဖွေတွေ့ရှိချက်များပင်ဖြစ်သည်။ နိုင်ငံရေး ၊ လုပ်ငန်းခွင် နှင့် ပညာရေး ကဲ့သို့ နယ်ပယ်များအတွင်း ကျားမတန်းတူညီမျှမှုကို လူမှုအစွဲများက မည်ကဲ့သို့ အတားအဆီးပြုနေသည် ကို ဤအညွှန်းကိန်းက တိုင်းတာထားပြီး ကမ္ဘာလူ့ဦးရေ၏ ၈၀ ရာခိုင်နှုန်းအား ကိုယ်စားပြုကာ နိုင်ငံပေါင်း ၇၅ နိုင်ငံမှ အချက်အလက်များ ပါဝင်သည်။

ကျားနှင့်မအကြား တန်းတူညီမျှကွာဟချက် ပျောက်ကွယ်သွားစေရေး ဆယ်စုနှစ်ချီကြာ တိုးတက် ဖြစ်ပေါ်မှုများ ရှိစေကာမူ အမျိုးသမီးများအပေါ် ခွဲခြားဆန့်ကျင်မှုအချို့ကို ကမ္ဘာတဝှမ်းရှိ အမျိုးသားနှင့် အမျိုးသမီး ၉၀ ရာခိုင်နှုန်းနီးပါးက လက်ခံထားဆဲဖြစ်ကြောင်း ဤလေ့လာဆန်းစစ်ချက်အသစ်တွင် ဖော်ထုတ်ပြသလိုက်ရာ တန်းတူညီမျှမှုရရေး အမျိုးသမီးများကြိုးပမ်းရာတွင် ရင်ဆိုင်ရသည့် မမြင်သာ သော အတားအဆီးများ ကိုသာမက ယင်းမှန်မျက်နှာကျက်ကို ကျော်လွှားနိုင်မည့် နည်းလမ်းများကို ပါဖော်ပြပေးခြင်း ဖြစ်သည်။

အညွန်းကိန်း၏အဆိုအရ အမျိုးသားများမှာ ပိုကောင်းသော နိုင်ငံရေးဦးဆောင်သူများ ဖြစ်ကြသည်ဟူ၍ ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်ကလည်းကောင်း ၊ အမျိုးသားများမှာ ပိုကောင်းသော လုပ်ငန်းအုပ်ချုပ်သူများ ဖြစ်ကြသည်သာမက အလုပ်အကိုင်ရှားပါးချိန်တွင် အမျိုးသားများမှာ အလုပ်ရပိုင်ခွင့် ပိုရှိထိုက်သည်ဟူ၍ ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော်ကလည်းကောင်း ၊ အမျိုးသားတဦးက ၎င်း၏ ဇနီးသည်ကို ရိုက်နှက်သည်မှာ ကျိုးကြောင်းညီညွတ်မျှတသည်ဟု ကမ္ဘာ့လူဦးရေ၏ ၂၈ ရာခိုင်နှုန်းကလည်းကောင်း ထင်မြင်ယူဆကြသည်။    

နိုင်ငံပေါင်း ၃၀ နီးပါးတွင် ခွဲခြားဘက်လိုက်မှု မည်သို့ပြောင်းလဲနေကြောင်းကိုလည်း လေ့လာဆန်း စစ်ချက်တွင် ဖော်ြပထားပါသည်။ အချို့နိုင်ငံများတွင် တိုးတက်မှုများဖြစ်ပေါ်ခဲ့သော်လည်း အခြားနိုင်ငံ များတွင်မူ လတ်တလောနှစ်များအတွင်း ကျားမ ရေးရာ သဘောထားပြုမူပုံများ ပိုဆိုးလာကြောင်း ပြဆို လျက်ရှိရာ ရရှိ ထားသည့်တိုးတက်မှုများအပေါ် ပေါ့ပေါ့တန်တန် သဘောမထားသင့်ကြောင်း အချက် ပေးပြသ လျက်ရှိသည်။

“အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေလိုပဲ ဘဝအခြေခံလိုအပ်ချက်တွေကို လက်လှမ်းမီနိုင်မှု သေချာစေရေး ကျွန်တော်တို့ဆောင်ရွက်ရာမှာ မကြာသေးမီဆယ်စုနှစ်များအတွင်း အများကြီး တိုးတက် လာခဲ့ပါတယ်။ မူလတန်း ပညာသင်ယူ နိုင်မှုမှာ ဆတူဖြစ်လာခဲ့ပြီး ၁၉၉၀ ပြည့်နှစ်ကစလို့ မိခင်သေဆုံးနှုန်း ၄၅ ရာခိုင်နှုန်း လျော့ချနိုင်ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခြားနယ်ပယ်တွေမှာ အထူးသဖြင့် ဩဇာလွှမ်းမိုးဆက်နွယ်မှုတွေ (power relations) ကိုစိန်ခေါ်နိုင်တဲ့ ၊ စစ်မှန်တဲ့ တန်းတူညီမျှမှုကို အမှန်တကယ်ရယူရာမှာ အရေးပါဆုံးဖြစ်တဲ့ နယ်ပယ်တွေမှာတော့ ကျားမ အခွင့်အရေး ကွာဟချက်တွေ ဟာ သိပ်ကို သိသာထင်ရှားလွန်းနေပါတယ်။ ဒီနေ့ခေတ်မှာတော့ ကျားမ တန်းတူညီမျှမှု တိုက်ပွဲဟာ ခွဲခြားဘက်လိုက်မှုနှင့် တယူသန်အစွဲတွေရဲ့ အဖြစ်သနစ်ဖြစ်လို့နေပါတယ်။” ဟု UNDP ၏ လူသား ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံရုံး အကြီးအကဲ Pedro Conceição က ဆိုသည်။

 “ဩဇာအာဏာ ကွာဟမှု”

ပညာရေးနှင့် ကျန်းမာရေးကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေခံကျသောနယ်ပယ်တွင်း ကျားမရေးရာ တန်းတူညီမျှ မရှိမှု ပျောက်ကွယ်သွားစေမည့် တိုးတက်မှုများရှိသော်လည်း ထုတ်လုပ်စားသုံးမှုများ ၊ နိုင်ငံရေးစနစ်များ နှင့် ကော်ပိုရေးရှင်းများ၌ မည်သည့်အတွက်ကြောင့် ဧရာမ “ဩဇာအာဏာ ကွာဟမှု” ဆက်ရှိနေရသည် ဆိုသည်ကိုနှင့် အမျိုးသမီးများအနေဖြင့် နိုင်ငံရေးနှင့်စီးပွါးရေးအရ ပါဝင်နိုင်ရေးအတွက် ဥပဒေရေးရာ အတားအဆီးများအား ဖယ်ရှားခြင်းကိုပါ ဤလေ့လာဆန်းစစ်မှုအသစ်က မီးမောင်း ထိုးပြ ထားပါသည်။

ဥပမာအားဖြင့် အမျိုးသားနှင့်အမျိုးသမီး အချိုးတူ မဲပေးကြသော်လည်း ကမ္ဘာအနှံ့ရှိ လွှတ်တော်အမတ် နေရာ၏ ၂၄ ရာခိုင်နှုန်းမျှကိုသာ အမျိုးသမီးများ ရရှိကြပြီး ၁၉၃ နိုင်ငံအနက် အမျိုးသမီး နိုင်ငံ့အကြီးအကဲ ၁၀ ဦးသာရှိနေသည်။ လုပ်သားဈေးကွက်တွင် အမျိုးသမီးများမှာ အမျိုးသားများထက် လုပ်ခ အရနည်းကြပြီး ရာထူးကြီးရနိုင်ခြေ များစွာနည်းပါးသည် - အမေရိကန်စတော့ခ်ဈေးကွက်ဝင် ကုမ္ပဏီ ၅၀၀ (S&P 500) ၏ အမှုဆောင်အရာရှိချုပ်နေရာ ၆ ရာခိုင်နှုန်းသာ အမျိုးသမီးများ ဖြစ်ကြသည်။ ထို့ပြင် အမျိုးသားများထက် အမျိုးသမီးများမှာ အချိန်ပိုကြာမြင့်စွာ လုပ်ကိုင်ရလေ့ရှိသော်လည်း အခကြေးငွေမရသော အ်မ်ထောင်မှုထိမ်းသိန်းစောင့်ရှောက်ခြင်းကဲ့သို့ သောအလုပ်များသာြဖစ်နေ တတ်ပါသည်။

“အခုအခါမှာ အများကြီးပိုခက်ခဲပြီးတော့ ကျားမမရွေး အရိုးစွဲနေတဲ့ အစစ်အမှန်တန်းတူညီမျှမှုနဲ့ ဆန့်ကျင်ဘက် ခွဲခြားဘက်လိုက်မှုကို ဖြေရှင်းနိုင်ဖို့ဆိုရင် ကျန်းမာရေးနှင့်ပညာရေးလောကတွင်းက ကွာဟချက်တွေကို ထိထိရောက်ရောက် အဆုံးသတ်စေနိုင်ခဲ့တဲ့ လုပ်ဆောင်မှုတွေကို မဖြစ်မနေ ပြောင်းလဲရပါတော့မယ်။ ရည်ရွယ်ချက်ကောင်းပေမဲ့လို့ လက်ရှိမူဝါဒတွေဟာ ဒီထက်ပို မစွမ်းနိုင်တော့ ပါဘူး။” ဟု UNDP ညွှန်ကြားရေးမှူး Achim Steiner က ပြောကြားလိုက်ပါသည်။

ယနေ့အချိန်အထိ ကိုက်ညီနေဆဲဖြစ်သည့်  အမျိုးသမီးစွမ်းပကား မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်း အစီအစဉ် ဖြစ်သော ပေကျင်း လုပ်ငန်းအစီအစဉ် (Beijing+25) သည်  ၂၀၂၀ ပြည့်နှစ်တွင် ၂၅ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ပညာပေးခြင်း ၊ အသိအမြင်ဖွင့်ပေးခြင်း နှင့် မက်လုံးပေးစွဲဆောင်မှုများ ပြောင်းလဲပေးခြင်းဖြင့် ဤတဘက်စောင်းနင်း အစွဲများနှင့် အလေ့အထများ ပြုပြင်ပြောင်းလဲရေးအတွက် မျိုးဆက်သစ် မူဝါဒသစ်များ အသုံးပြုကြရန် အစိုးရများနှင့် အဖွဲ့အစည်းများအား UNDP က တိုက်တွန်းထားသည်။ ဥပမာ ကလေးပြုစုမှုတာဝန် မျှမျှတတခွဲဝေရေးအတွက် မက်လုံးပေးရန် အခွန်အခ ကောက်ခံခြင်း နည်းလမ်းကို အသုံးပြုခြင်းအားဖြင့်ဖြစ်စေ ၊ လက်နက်ကိုင်တပ်ဖွဲ့များ နှင့် သတင်းနည်းပညာကဲ့သို့ အစဉ်အလာအရ အမျိုးသားကြီးစိုးသည့် နယ်ပယ်များသို့ ဝင်ရောက်ကြရန် အမျိုးသမီးများနှင့် မိန်းကလေးများအား အားပေးတိုက်တွန်းခြင်း အားဖြင့် ဖြစ်စေ - စသောနည်းလမ်းများဖြစ်ပါသည်။

“#MeToo, #NiUnaMenos, #TimesUp. #UnVioladorEnTuCamino စတဲ့ ဒီနေ့ ကမ္ဘာတလွှားမှာ ကျွန်မတို့ မြင်တွေ့နေကြရတဲ့ ၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ လှုပ်ရှားသူများကြောင့် နိုးကြား တက်ကြွလာတဲ့  အမျိုးသမီးများက သူတို့ အခွင့်အရေးအတွက် ချီတက်ဆန္ဒပြနေကြတာတွေက အရင်ကနဲ့မတူတော့တဲ့ကမ္ဘာသစ်အတွက် နည်းလမ်းအသစ်တွေ လိုအပ်နေပြီဆိုတာကို အချက်ပေးပြသ လျက်ရှိပါတယ်” ဟု UNDP ကျားမရေးရာအဖွဲ့ ခေတ္တဒါရိုက်တာ Raquel Lagunas က ဆိုသည်။  “လွန်ခဲ့တဲ့အနှစ် ၂၀ တုန်းက ကျားမတန်းတူညီမျှရေး ပေကျင်း လုပ်ငန်းအစီအစဉ် ကြေညာစာတမ်းမှာ ချမှတ်ထည့်သွင်းခဲ့တဲ့ ကျားမတန်းတူညီမျှမှု နှင့် မျှော်မှန်းချက် ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်များကို မြန်မြန်ရရှိဖို့၊ ရရှိမယ့် အတိုင်းအတာနဲ့ တိုးတက်မှုကို မြင်လိုတယ်ဆိုရင် ခွဲခြား ဘက်လိုက်မှု နဲ့ တယူသန်အစွဲတွေကြောင့်ဖြစ်ရတဲ့ အတားအဆီးတွေကို ဖြတ်ကျော်နိုင်ဖို့ ကျမတို့ ချက်ချင်းလက်ငင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်”  ဟု UNDP ကျားမရေးရာအဖွဲ့ ခေတ္တဒါရိုက်တာ Raquel Lagunas က ပြောကြားသွားပါသည်။

အညွှန်းကိန်းနှင့် အစီရင်ခံစာဆိုင်ရာ လင့်ခ် http://hdr.undp.org/en/GSNI