ပုံမှန်အခြေအနေသစ်ဆီသို့ - ကိုဗစ်-၁၉ နောက်ပိုင်း စီးပွားရေးကို ပြန်လည်မြှင့်တင်ရန်နှင့် အလုပ်အကိုင်များကို ကာကွယ်ပေးရန် ကုလသမဂ္ဂမှ လမ်းပြမြေပုံရေးဆွဲ

“ယခင်ပုံမှန်အခြေအနေ” သို့ ပြန်သွား၍ ရလိမ့်မည်မဟုတ်၊ အစိုးရများသည် စီးပွားရေး ကဏ္ဍသစ်ကို ဖွင့်လှစ်ပြီး အလုပ်အကိုင်များ ပိုမို ဖန်တီးပေးနိုင်ရန် ဆောင်ရွက်ကြရမည်”

2020- April 27

ကိုဗစ်-၁၉ ကာလ ဂါဇာရှိ လူနေမှုဘဝ။ ဓာတ်ပုံ- UNDP PAPPAbed Zagout

နယူးယောက်၊ ၂၀၂၀ ခုနှစ် ဧပြီလ ၂၇ ရက် — ကိုဗစ်-၁၉ အရေးပေါ်ကျန်းမာရေး အကျပ်အတည်းကြီးသည် ဆင်းရဲချို့တဲ့မှုနှင့် အလုပ်လက်မဲ့ဖြစ်မှုများ စံချိန်တင်ဖြစ်စေကာ ကမ္ဘာ့သမိုင်းတွင် မကြုံစဖူး စီးပွားရေး ကျဆင်းမှုကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး ဆင်းရဲနွမ်းပါးဆုံးသူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများအပေါ် အဆိုးရွားဆုံး ရိုက်ခတ်သည့် မည်သည့်အခါကမျှ မကြုံတွေ့ခဲ့ရဖူးသော လူမှုအသိုင်းအဝိုင်း အကျပ်အတည်းကြီးကို ပေါ်ပေါ်လာစေပါသည်။ ကမ္ဘာ့နိုင်ငံများအား စီးပွားရေးနှင့် လူမှုရေး ပြန်လည်ထူထောင်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် ကူညီပေးမည့် လမ်းပြမြေပုံတစ်ခု  ဖြစ်လာစေမည့် ယနေ့ထုတ်ပြန်လိုက်သည့် မူဘောင်အသစ်တွင် ကုလသမဂ္ဂ အဖွဲ့ကြီးက ကမ္ဘာသူကမ္ဘာသားတိုင်း အခြေခံဝန်ဆောင်မှုများနှင့် လူမှုရေး ကာကွယ်စောင့်ရှောက်မှုများကို လက်လှမ်းမီ ရရှိကြစေရေးအတွက် နိုင်ငံတကာ အကူအညီများနှင့် နိုင်ငံရေး ကတိကဝတ်များကို သာမန်ထက် ထူးကဲသာလွန်စွာ ဝိုင်းဝန်းပံ့ပိုးကြရန် တိုက်တွန်းနှိုးဆော် ထားပါသည်။

“ကိုဗစ်-၁၉ အတွက် လူမှုစီးပွား လက်ငင်းတုံ့ပြန် ဆောင်ရွက်မှုများဆိုင်ရာ ကုလသမဂ္ဂမူဘောင် - လိုအပ်နေသူများအတွက် မျှဝေတာဝန်ယူမှု၊ တစ်ကမ္ဘာလုံး စည်းလုံးညီညွတ်မှုနှင့် အဆောတလျင် ဆောင်ရွက်မှု” တွင် “ယခင်က ပုံမှန်အခြေအနေ” ထက်ပိုမိုကောင်းမွန်ပြီး ရေရှည်တည်တံ့ခိုင်မြဲမှု၊ ကျားမတန်းတူညီမျှမှုနှင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်ခြင်းကို  အနည်းဆုံးအဆင့် အထိလျှော့ချခြင်းများကို ပိုမိုဖြစ်ပေါ်စေမည့် လမ်းကြောင်းတစ်ခုပေါ်သို့ ရောက်ရှိနိုင်စေရေးအတွက် လူမှုအဖွဲ့အစည်းများနှင့် စီးပွားရေး ကဏ္ဍများကို တတ်နိုင်သမျှ အမြန်ဆုံးဘေးကင်းစွာ ပြန်လည်ထူထောင်နိုင်ဖို့ လိုအပ်ပါသည်။ ထိုအတွက် အလုပ်အကိုင်များ၊ စီးပွားရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ မဆုံးရှုံးရအောင် ဝိုင်းဝန်းကာကွယ်ပေးကြရန် တိုက်တွန်းနှိုးဆော် ထားပါသည်။  

မတ်လတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယိုဂူတာရက်ရှ်က ၎င်း၏ ကိုဗစ်-၁၉ ကြောင့် လူမှုစီးပွား သက်ရောက်မှုများအကြောင်း တင်ပြထားသည့် “တာဝန်ဝေမျှ၊ တစ်ကမ္ဘာလုံး စည်းလုံးညီညွတ်ကြ” အစီရင်ခံစာအား တင်ပြဆွေးနွေးစဉ် “ယခုဖြစ်ရပ်သည်  ကျန်းမာရေး အကျပ်အတည်း တစ်ခုမျှသာမက လူသားအကျပ်အတည်း၊ အလုပ်အကိုင် အကျပ်အတည်း၊ လူသားချင်းစာနာ ထောက်ထားမှု အကျပ်အတည်းနှင့် ဖွံ့ဖြိုးမှု အကျပ်အတည်း လည်းဖြစ်ကြောင်း၊ ထိခိုက်လွယ်မှု အရှိဆုံးသူများကိုသာ ထိခိုက်ခြင်း မဟုတ်ကြောင်း၊ ကျွန်တော်တို့၏ ကမ္ဘာကြီးသည် အားအနည်းဆုံး ကျန်းမာရေးစနစ်၏ ကြံ့ခိုင်မှုရှိသလောက်သာ ကြံ့ခိုင်နိုင်မည်ဖြစ်သောကြောင့် ကျွန်တော်တို့ အားလုံးတွင်လည်း အန္တရာယ်ရှိနိုင်သည် ဆိုသည်ကို ဤကပ်ရောဂါကြီးက သက်သေပြ လိုက်ခြင်းပင်ဖြစ်ကြောင်း၊ မည်သည့်အခါကမျှ မဖြစ်ပွားဖူးသည့် အတိုင်းအတာဖြင့် ဖြစ်ပွားလာသဖြင့် မည်သည့်အခါကမျှ မရှိခဲ့ဖူးသည့်  တုံ့ပြန်မှုမျိုးဖြင့် တုံ့ပြန်ဆောင်ရွက်ကြရန်လိုကြောင်း” ပြောကြားခဲ့ပါသည်။

“ဤအကျပ်အတည်း ဖြစ်နေစဉ်အတွင်းနှင့် ဖြစ်ပွားပြီးနောက်ပိုင်းတွင် ကျွန်တော်တို့ လုပ်ဆောင်သမျှ အရာတိုင်းသည် တန်းတူညီမျှမှု၊ အားလုံးပါဝင်နိုင်မှုနှင့် ရေရှည်တည်တံ့နိုင်မှု ပိုရှိသော စီးပွားရေး ကဏ္ဍများနှင့် လူမှုအဖွဲ့အစည်းများကို တည်ဆောက်နိုင်ရေးအပေါ် အလေးအနက် ဦးတည်စူးစိုက် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သို့မှသာ ကမ္ဘာ့ကပ်ရောဂါများ၊ ရာသီဥတုပြောင်းလဲမှုနှင့် ကျွန်တော်တို့ ရင်ဆိုင်နေရသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု အများအပြားကို ရင်ဆိုင်ရသောအခါ ကြံ့ကြံ့ခံရင်ဆိုင် တုံ့ပြန်နိုင်စွမ်း ပိုမိုရရှိကြမှာဖြစ်ကြောင်း” ၎င်းကဆိုပါသည်။ ယနေ့ ထုတ်ပြန်လိုက်သော မူဘောင်အသစ်တွင် ဤမျှော်မှန်းချက် ပြည့်မီရေးအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ မြေပြင်တွင် လက်တွေ့ အကောင်အထည်ဖော်မည့် နည်းလမ်းအား ချမှတ်ပေးထားပါသည်။

ရှေ့လာမည့် လအနည်းငယ်အတွင်း ချမှတ်မည့် ဆုံးဖြတ်ချက်များသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (SDGs) ပြည့်မီရေး တိုးတက် ဆောင်ရွက်နိုင်မှုအတွက် အလွန်ပင် အရေးကြီးကြောင်း ကုလသမဂ္ဂ၏ လူမှုရေးနှင့် စီးပွားရေး ပြန်လည်ထူထောင်ရေး မူဘောင်တွင် အလေးအနက် ထည့်သွင်းဖော်ပြထားပါသည်။

၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့သော အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားစဉ်အတွင်း လူများသည် ဗိုင်းရပ်စ်ပိုးထက် လူမှုရေးဝန်ဆောင်မှုများ ရပ်တန့်သွားခြင်းနှင့် စီးပွားရေး ပြိုလဲသွားခြင်းကြောင့် သေဆုံးမှု ပိုမိုများပြားခဲ့သည်ကို သတိပြုလျက် ဤမူဘောင်တွင် ထိခိုက်လွယ်မှု အရှိဆုံး နိုင်ငံများ၊ လူအုပ်စုများနှင့် နောက်ကျန်ခဲ့ နိုင်ခြေရှိသူများမှ စတင်၍ ကပ်ရောဂါကြောင့် အဆိုးရွားဆုံး ထိခိုက်ခံစားရသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန် အဓိက ဦးတည်ပါသည်။

၂၀၀၈-၂၀၀၉ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ဘဏ္ဍာရေး အကျပ်အတည်းမှ ရရှိခဲ့သော သင်ခန်းစာများအရ ခိုင်မာအားကောင်းသည့် လူမှုကာကွယ် စောင့်ရှောက်မှု စနစ်များနှင့် အခြေခံ ဝန်ဆောင်မှုများရှိသော နိုင်ငံများသည် ထိခိုက်ခံစားရမှု အနည်းဆုံးနှင့် အမြန်ဆုံး ပြန်လည် ထူထောင်နိုင်ကြကြောင်း ဤမူဘောင်တွင် ဖော်ပြထားပါသည်။ ဘီလျှံနှင့်ချီသော လူအများ ဆင်းရဲတွင်းသို့ သက်ဆင်းခြင်းမှ  တားဆီးကာကွယ်ရန်အတွက် ကမ္ဘာတစ်ဝှမ်းလုံးမှ အစိုးရများသည် မိသားစုများကို ကူညီရန် ငွေကြေးထောက်ပံ့ခြင်း၊ စားနပ်ရိက္ခာ အကူအညီပေးခြင်း၊ လူမှုရေး အာမခံ အစီအစဉ်များနှင့် ကလေးစရိတ် ထောက်ပံ့ခြင်းများကဲ့သို့ ‘ခုသာခံသာရှိစေမည့် အကူအညီများ’ ကို လိုက်လျောညီထွေ ပြင်ဆင်ပေးအပ်ခြင်း၊ တိုးချဲ့ပေးခြင်းနှင့် မြှင့်တင်ပေးခြင်းတို့ကို အဆောတလျင် ဆောင်ရွက်ကြရန် လိုအပ်ပေလိမ့်မည်။

ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုများကို လျှော့ချရန်အတွက် ရှေ့တွင် ဆီးကြိုလျက်ရှိသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန် ကူညီပံ့ပိုးပေးမှုများကို သာမာန်နှင့် မတူဘဲ ထူးကဲသာလွန်စွာ မြှင့်တင်ဆောင်ရွက်ပေးကြရန် ကုလသမဂ္ဂအဖွဲ့ကြီးမှ တိုက်တွန်းနှိုးဆော် ထားပါသည်။ ထိုကူညီပံ့ပိုးမှု များထဲတွင် ထိခိုက်လွယ်သော အုပ်စုများ၊ ကလေးများ၊ အမျိုးသမီးများ၊ အမျိုးသားများနှင့် ကျပန်းကဏ္ဍတွင် လုပ်ကိုင်နေကြ သူများအပေါ် ကွဲပြားသည့် သက်ရောက်မှုများကို ထည့်သွင်း စဉ်းစားပေးသည့် လူမှုကာကွယ် စောင့်ရှောက်မှုများကို ချက်ချင်း တုံ့ပြန်ဆောင်ရွက်ပေးရေး လည်းပါဝင်ပါသည်။ ကလေးသုံးဦးတွင် နှစ်ဦးအပါအဝင် ဖြစ်သည့် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော် ဖြစ်သော လူပေါင်း ၄ ဘီလျှံသည် လူမှုကာကွယ် စောင့်ရှောက်မှုများ မရရှိခြင်း သို့မဟုတ် လုံလောက်မှု မရှိခြင်းကို ထည့်သွင်းစဉ်းစား မည်ဆိုလျှင် ဤသည်မှာ အရေးတကြီး ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်နေပါသည်။

အယ်ဒီတာများသို့ -  

ကုလသမဂ္ဂအဖွဲ့သည် ပြန်လည်ထူထောင်ရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် လူမှုအသိုင်းအဝိုင်းများကို ဗဟိုပြုလျက် အဓိကလုပ်ငန်းစဉ် ငါးခုဖြင့် တုံ့ပြန်ဆောင်ရွက် သွားမည်ဖြစ်ပါသည် -

(၁) လက်ရှိဆောင်ရွက် ပေးနေသော ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုများကို ထိန်းသိမ်းကာကွယ် ပေးခြင်းနှင့် ကျန်းမာရေး စနစ်များ၏ ကိုဗစ်-၁၉ ကို တုံ့ပြန်ဆောင်ရွက်နိုင်မှု စွမ်းရည်မြင့်မား လာအောင်ပံ့ပိုး ကူညီခြင်း၊

(၂) လူမှုကာကွယ် စောင့်ရှောက်မှုနှင့် အခြေခံ ဝန်ဆောင်မှုများ မှတစ်ဆင့် အခက်အခဲ ဒုက္ခများကို ကျော်လွှားနိုင်အောင် ကူညီပေးခြင်း၊

(၃) စီးပွားရေး ပြန်လည်နာလန်ထူမှု အစီအစဉ်များ မှတစ်ဆင့် အလုပ်အကိုင်များ မဆုံးရှုံးရအောင် ကာကွယ်ပေးခြင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် ကျပန်းကဏ္ဍမှ လုပ်သားများကို ပံ့ပိုးကူညီခြင်း၊

(၄) မေခရို စီးပွားရေး မူဝါဒများသည် ထိခိုက်လွယ်မှု အရှိဆုံးသူများအတွက် အလုပ်ဖြစ်စေပြီး နိုင်ငံစုံနှင့် ဒေသတွင်း တုံ့ပြန်ဆောင်ရွက်မှုများ အားကောင်းစေရေးအတွက် ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး နှိုးဆွပေးမှုတွင် လိုအပ်သည့် အရှိန်အဟုန်ရရှိရန် လမ်းညွှန်မှုပေးခြင်း၊

(၅) လူမှုသဟဇာတ ဖြစ်မှုကို အားပေးမြှင့်တင်ခြင်းနှင့် ရပ်ရွာလူထု ဦးဆောင်သော ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း စနစ်များအတွက် ရင်းနှီးမြှုပ်နှံပေးခြင်းတို့ ဖြစ်ပါသည်။

ဤလုပ်ငန်းစဉ် ငါးခုကို သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး လုပ်ဆောင်ချက်များနှင့် ချိတ်ဆက် ထားပါသည်။ နိုင်ငံများသည် ပြန်လည်ထူထောင်ပြီး “ပိုကောင်းအောင် ပြန်လည်တည်ဆောက်” နိုင်ရန် နှင့် ကမ္ဘာ့ကပ်ရောဂါများ အပါအဝင် အနာဂတ်တွင် ပေါ်ပေါက်လာမည့် ဘေးအန္တရာယ်များကို ရင်ဆိုင်ရန် ပိုမို ထိရောက်စွာ ကြိုတင်ပြင်ဆင် ထားနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှု ရှိဖို့လိုအပ်ပါသည်။

နိုင်ငံနှင့် နယ်မြေဒေသပေါင်း ၁၆၂ ခုတွင် ရှိသည့် ကုလသမဂ္ဂ  အဖွဲ့များသည် ကုလသမဂ္ဂဌာနေညှိနှိုင်း ရေးမှူးများ(RC) ၏ ဦးဆောင်မှုအောက်တွင် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် ကွန်ရက်တစ်ခု၏ ပံ့ပိုးမှုဖြင့်   လာမည့် ၁၂ လမှ ၁၈ လအတွင်း ဤပြန်လည် ထူထောင်ရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ကြမည် ဖြစ်သည်။ လူမှုစီးပွား ပြန်လည်ထူထောင်ရေးတွင် နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်အဖွဲ့အစည်းဖြစ်သည့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) သည် RC များကို ပံ့ပိုးကူညီမည် ဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့များသည် ဤတုံ့ပြန် ဆောင်ရွက်မှု၏ အပိုင်းကဏ္ဍများ အားလုံးတွင် တစ်သားတည်း လက်တွဲဆောင်ရွက်ကြမည် ဖြစ်သည်။

လက်ရှိ ကုလသမဂ္ဂအဖွဲ့ အဖွဲ့အစည်းများ အားလုံးရှိ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ အတွက် ရန်ပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇.၈ ဘီလျှံ၏ ကြီးမားသည့် အချိုးအစားကို ကိုဗစ်-၁၉ အတွက် ချိန်ညှိသုံးစွဲသွားမည် ဖြစ်သော်လည်း ဤကမ္ဘာ့ကပ်ရောဂါကြောင့် လူမှုစီးပွား သက်ရောက်မှု၏ အတိုင်းအတာ ပမာဏအရ ရန်ပုံငွေများ ထပ်ဆောင်းလိုအပ် လိမ့်ဦးမည်ဖြစ်သည်။ ထိုအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ကုလသမဂ္ဂ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်သည့် ရန်ပုံငွေ ယန္တရား တစ်ခုဖြစ်သော ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေး ကုလသမဂ္ဂ ရန်ပုံငွေကို စတင်ထူထောင်ခဲ့ပါသည်။ ထိုရန်ပုံငွေသည် ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ် နိုင်ငံများအား ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားသည့် ကျန်းမာရေးနှင့် ဖွံ့ဖြိုးမှု အကျပ်အတည်းကို ကျော်လွှားနိုင်အောင် ကူညီမည်ဖြစ်ပြီး စီးပွားရေး အခက်အခဲများနှင့် လူမှုရေး ပျက်ယွင်းမှုများကို ထိခိုက်အလွယ်ဆုံးသော သူများကို ပံ့ပိုးသွားမည်ဖြစ်သည်။ ရန်ပုံငွေအတွက် ငွေကြေး လိုအပ်ချက်များအနေဖြင့် ပထမ ကိုးလ အတွင်းတွင် အမေရိကန်ဒေါ်လာ ၁ ဘီလျှံလိုအပ်မည်ဟု ခန့်မှန်းထားပြီး နောက်ပိုင်းတွင် ပြန်လည် သုံးသပ်မည်ဖြစ်သည်။ ထို့အပြင် အထွေထွေ အတွင်းရေးမှူးချုပ်က ကမ္ဘာပေါ်တွင် မကြုံတွေ့ဖူးသည့် အကျပ်အတည်းကြီးကို အထိရောက်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့စုစုပေါင်း ထုတ်ကုန် (GDP) ၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကို သုံးစွဲသည့် နိုင်ငံစုံ ပါဝင်တုံ့ပြန် ဆောင်ရွက်ရေး အစီအစဉ်တစ်ခု ပြုလုပ်ကြရန်လည်း တိုက်တွန်းထားပါသည်။

“ယခင်ပုံမှန် အခြေအနေ” သို့ ပြန်လည်ရောက်ရှိလိမ့်မည် မဟုတ်ကြောင်း မူဘောင်က ဆိုထားပါသည်။ ကပ်ရောဂါကြီးသည် မူလကပင် ကြွေးမြီအခက်အခဲများနှင့် ဘဏ္ဍာရေး အကန့်အသတ်များကို ရင်ဆိုင်နေရသော ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် စီးပွားရေးစတင် ဖွံ့ဖြိုးနေသည့် နိုင်ငံများအတွက် ပြင်းထန်သော ရိုက်ခတ်မှုတစ်ခု ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံ အချို့သည် ကြွေးမြီလျှော်ပေးမှုများ အဆောတလျင် လိုအပ်နေပါသည်။ ကပ်ရောဂါ၏ သက်ရောက်မှုများသည် လူသားချင်းစာနာမှု သို့မဟုတ် ပဋိပက္ခ အခြေအနေများ ရင်ဆိုင်နေရသည့် ထိခိုက်လွယ်မှု အရှိဆုံး နိုင်ငံများအတွက် အထူးပင် ဆိုးရွားပြင်းထန် ပေလိမ့်မည်။ ထို့ကြောင့် လာမည့် ရက်သတ္တပတ်များနှင့် လများအတွင်း ကြီးမားသည့် ဘဏ္ဍာငွေနှင့် ငွေကြေးများကို ရည်ရွယ်ချက် ပြောင်းလဲသုံးစွဲမှုများ ပြုလုပ်ကြရန် ကုလသမဂ္ဂက  တိုက်တွန်းထားပါသည်။ ထိုတိုက်တွန်းမှုတွင် ရုပ်ကြွင်းလောင်စာများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ရန် အစိုးရများမှ ထောက်ပံ့ပေး လျက်ရှိသည့် fossil fuel subsidies များကို ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေး အကူအညီများအတွက် ပြောင်းလဲသုံးစွဲကြရန် လည်းပါဝင်ပါသည်။ မူဝါဒ  ရွေးချယ်မှုများ ပြုလုပ်ရာတွင် မူလရှိရင်းစွဲ အနေအထား ကို ထိန်းသိမ်းရန်နှင့် ပုံမှန်လုပ်နေကျ အတိုင်းလုပ်ဆောင်ရန် ရွေးချယ်ကြရမည် ဖြစ်ကြောင်း၊ ဤသည်မှာ မလွဲဧကန် ပြုလုပ်ရမည့် ရွေးချယ်မှုများ ဖြစ်သည်ဟု ကုလသမဂ္ဂက အလေးအနက် သတိပေး ပြောကြားပါသည်။

ပိုမိုများပြားသော လူများအတွက် အကျိုးဖြစ်ထွန်းစေမည့် စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှု ရရှိဖို့ဆိုလျှင် ကိုဗစ်-၁၉ မှ ပြန်လည်ထူထောင်ရေးအတွက် ရွေးချယ်မှုသည် မြန်ဆန်သော၊ တရားမျှတသော၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးပေးသော အားလုံးပါဝင်နိုင်သော ရွေးချယ်မှုတစ်ခု ဖြစ်ရန်လိုပါသည်။  

ကုလသမဂ္ဂမူဘောင်

ယနေ့ထုတ်ပြန်လိုက်သော “ကိုဗစ်-၁၉ အတွက် လူမှုစီးပွား လက်ငင်းတုံ့ပြန် ဆောင်ရွက်မှုများဆိုင်ရာ ကုလသမဂ္ဂမူဘောင် - လိုအပ်နေသူများအတွက် မျှဝေတာဝန်ယူမှု၊ တစ်ကမ္ဘာလုံး စည်းလုံးညီညွတ်မှုနှင့် အဆောတလျင် ဆောင်ရွက်မှု” သည် လက်တွေ့တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ တာဝန်ဝေမျှ၊ တစ်ကမ္ဘာလုံး စည်းလုံးကြ အစီရင်ခံစာပါ အကြောင်းအရာနှင့် အတူတူပင် ဖြစ်ပါသည်။ ယင်းသည် ကုလသမဂ္ဂ ကြိုးပမ်းဆောင်ရွက်မှုများ၏ အဓိက အရေးပါသည့် အစိတ်အပိုင်း သုံးခုထဲမှ တစ်ခုဖြစ်သည့် လူ့အသက်များကို ကယ်တင်ရန်၊ လူများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက်ရန် ဖြစ်ပါသည်။ ကျန်အစိတ်အပိုင်းနှစ်ခုမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ဦးဆောင်သော ကျန်းမာရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုနှင့်  ကုလသမဂ္ဂ ဦးဆောင်သော ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ လူသားချင်း စာနာမှု တုံ့ပြန်ဆောင်ရွက်ရေး စီမံကိန်းတွင် ပါရှိသည့်အတိုင်း လူသားချင်းစာနာ ထောက်ထားစွာ တုံ့ပြန်ဆောင်ရွက်မှု တို့ဖြစ်ပါသည်။ ဘက်ပေါင်းစုံမှ တုံ့ပြန်ဆောင်ရွက်မှုများကို ပံ့ပိုးကူညီမည့် ရန်ပုံငွေ ယန္တရား သုံးခုရှိပါသည်။ ၎င်းတို့မှာ လက်ငင်းကျန်းမာရေး လိုအပ်ချက်များအတွက် ကုလသမဂ္ဂ ဖောင်ဒေးရှင်းနှင့် ဆွစ်ဇာလန်နိုင်ငံ ပရဟိတ ဖောင်ဒေးရှင်းတို့မှ စီမံခန့်ခွဲသည့် ကိုဗစ်-၁၉ စုပေါင်းတုံ့ပြန် ဆောင်ရွက်ရေး ရန်ပုံငွေ၊ လူသားချင်းစာနာမှု မေတ္တာရပ်ခံချက်အတွက် “ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှု တုံ့ပြန်ဆောင်ရွက်ရေး စီမံကိန်း” နှင့် လူမှုစီးပွား ပြန်လည် ထူထောင်မှုများအတွက် ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေး ကုလသမဂ္ဂ ရန်ပုံငွေတို့ ဖြစ်ပါသည်။  

ကုလသမဂ္ဂဖွံ့ဖြိုးမှုစနစ်

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုစနစ်သည် လူမှုကာကွယ် စောင့်ရှောက်မှုနှင့် အခြေခံ ဝန်ဆောင်မှုများအတွက် လုပ်ဆောင်နေသည့် ကမ္ဘာ့အကြီးမားဆုံး နိုင်ငံတကာ စနစ်တစ်ခု ဖြစ်ပါသည်။ ကုလသမဂ္ဂ စနစ်သည် နိုင်ငံနှင့် နယ်မြေဒေသပေါင်း ၁၆၂ ခုတွင် ရှိပြီး အခြေခံဝန်ဆောင်မှုများ၊ လူမှုရေးထောက်ပံ့မှုများ နှင့် အခြားလူမှု ကာကွယ်စောင့်ရှောက်ရေး ပုံစံများမှတစ်ဆင့် လူသန်းပေါင်းများစွာကို ကူညီပေးလျက် ရှိပါသည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုစနစ်သည် အစိုးရများအား နိုင်ငံအဆင့် လူမှုကာကွယ် စောင့်ရှောက်မှု အဆင့်များသတ်မှတ်ခြင်း၊ အရည်အသွေး ပြည့်မီသည့် လူမှုရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်း၊ ထိုဝန်ဆောင်မှုများကို လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးမှုအခြေအနေများ အားလုံးတွင် ဆောင်ရွက်ပေးနိုင်အောင် ပံ့ပိုးခြင်းတို့အပါအဝင် လူမှုကာကွယ် စောင့်ရှောက်မှုစနစ်များ ထူထောင်နိုင်ရန် ကူညီပံ့ပိုးပေးသည့် အတွေ့အကြုံပေါင်း မြောက်များစွာ ရှိပါသည်။ https://unsdg.un.org/