ယိုယွင်းပျက်ပြားနေသော လူမှုအဖွဲ့အစည်းများက လူသားများနှင့် ကမ္ဘာမြေအား ထိပ်တိုက် ရင်ဆိုင်တိုးမိစေမည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေလျက်ရှိဟု UNDP ဆို

စမ်းသပ်သုံးစွဲလိုက်သော ကမ္ဘာလုံးဆိုင်ရာ အညွန်းကိန်းက လူသားဖွံ့ဖြိုးတိုးတက်မှု အတိုင်း အတာအသစ်တစ်ခုကို ရရှိစေခဲ့ပြီး ကမ္ဘာမြေပေါ် ကျရောက်နေသည့် ဖိအား များ လျော့ပါး အောင် ဆောင်ရွက်ရာတွင် ဆင်းရဲနွမ်းပါးမှုနှင့် တန်းတူညီမျှမရှိမှုများကို ကိုင်တွယ်ဖြေရှင်း ရမည့် စိန်ခေါ်မှုအား ရင်ဆိုင်ရပုံကို ဖော်ညွှန်းပြသပေးခဲ့

2020- December 16


နယူးယောက်၊ ၂၀၂၀  ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၆ ရက်  ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသည့် နောက်ဆုံးပေါ်အကျပ်အတည်းကြီး ဖြစ်ပါသည်။ အကယ်၍ လူသားများသည် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နေမှုများကို ရပ်တန့်၍ သက်သာခွင့် မပေးလျှင် ဤသို့သော အကျပ်အတည်းမျိုး ကြုံတွေ့ရခြင်းသည် နောက်ဆုံးအကြိမ် မဟုတ်ဘဲ ထပ်မံကြုံတွေ့ရလိမ့်ဦးမည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ အသစ်ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် ဆိုထားပါသည်။ ထိုအစီရင်ခံစာတွင် ကမ္ဘာ့နိုင်ငံများ၏ ကာဗွန်ထုတ်လွှတ်မှုများနှင့် ရုပ်ဝတ္ထုပစ္စည်းလိုအပ်ချက်များအတွက် ထုတ်ယူသုံးစွဲသော သဘာဝအရင်းအမြစ်ပမာဏ (material footprint) ဆိုင်ရာ အညွှန်းကိန်းအသစ်တစ်ခု ကို စမ်းသပ်သုံးစွဲထားပါသည်။

ကမ္ဘာ့ခေါင်းဆောင်များအတွက် ရွေးချယ်မှုတစ်ခုကို ပြတ်ပြတ်သားသား ပြုလုပ်ရန် အစီရင်ခံစာက တောင်း ဆိုထားပါသည် - သဘာဝပတ်ဝန်းကျင်အပေါ် ကျရောက်နေသည့် ကြီးမားလှသော ဖိအားကို လျှော့ချရန် လုပ်ဆောင်သင့်သည်များကို ရဲရဲဝံ့ဝံလုပ်ဆောင်ကြမည်လား သို့မဟုတ် လူသားမျိုးနွယ်စု၏ တိုးတက်မှု ရပ်တန့် သွားမည်ကို လက်ပိုက်ကြည့်နေမည်လား  ထိုနှစ်ခုထဲမှ တစ်ခုကို ရွေးချယ်ရန် ဖြစ်ပါသည်။

“လူသားတွေဟာ ကမ္ဘာမြေကြီးအပေါ် အရင်ကထက်ပိုပြီး ဖိအားပေးလာပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြီး ဖြစ်ပွားလာမှုနဲ့အတူ စံချိန်တင် အပူချိန်မြင့်တက်မှုတွေ၊ တန်းတူညီမျှမရှိမှုတွေ တရိပ်ရိပ်တက် လာနေ တာတွေကြောင့် ကမ္ဘာမြေကြီးအပေါ် ဖိအားပေးနေတဲ့ အဲဒီအာဏာ၊ ပါဝါတွေကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ တိုးတက်မှုဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပါယ်ကို ပြန်လည်ဖွင့်ဆိုဖို့၊ ကျွန်တော်တို့ရဲ့ ကာဗွန်ခြေရာတွေနဲ့ အိမ်ထောင် စုစားသုံးမှုကြောင့် ပတ်ဝန်းကျင်ပေါ် သက်ရောက်မှုတွေကို ကွယ်ဝှက်ထား တာတွေ ဆက်မလုပ်ကြတော့ဖို့ အချိန်တန်နေပါပြီ” ဟု UNDP အုပ်ချုပ်ရေးမှူး Achim Steiner က ဆိုပါသည်။

“ဒီအစီရင်ခံစာမှာ တင်ပြထားသလိုပဲ ကမ္ဘာ့ပေါ်မှာ ရှိတဲ့ ဘယ်နိုင်ငံကမှ ကမ္ဘာမြေကြီးပေါ်ကို ကြီးမား လေးလံလှ တဲ့ ဖိအားတွေ မကျရောက်စေဘဲနဲ့ အလွန်မြင့်မားတဲ့ လူသားဖွံ့ဖြိုးမှု ရရှိအောင် မဆောင်ရွက် နိုင်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တွေဟာ ဒီမှားယွင်းမှုကို ပြန်လည်တည့်မတ်ပေးနိုင်တဲ့ ပထမဆုံး မျိုးဆက် ဖြစ်နိုင်ပါတယ်။ ဒါဟာ လူသားဖွံ့ဖြိုးမှုအတွက် နယ်ပယ်သစ်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုပါသည်။

လူသားများနှင့် ကမ္ဘာမြေသည် ကမ္ဘာမြေ၏ ဘူမိကာလအပိုင်းအခြားတွင် လုံးလုံးလျားလျား ကွဲပြားသော ဘူမိအဏုယုဂ်အသစ်ဖြစ်သည့် the Anthropocene (ခေါ်) လူသားများက ကမ္ဘာမြေကြီး၏ ဂေဟစနစ်ကို အကြီးအကျယ်ပြောင်းလဲစေလျက်ရှိသည့် လူသားများခေတ် (the Age of Humans)  ဆီသို့ ဝင်ရောက်လာပြီ ဖြစ်သည်ဟု အစီရင်ခံစာက ဆိုပါသည်။ ထို့ကြောင့် နိုင်ငံများအားလုံးသည် လူသားများမှ ကမ္ဘာမြေကြီး အပေါ် ကျရောက်စေလျက်ရှိသည့် အန္တရာယ်ကြီးမားလှသော ဖိအားများကို ထည့်သွင်းစဉ်းစားလျက် မိမိတို့၏ တိုးတက်မှုဆီသို့ သွားရာလမ်းကြောင်းများကို ပြန်လည်ပြင်ဆင်ရေးဆွဲရန်နှင့် အပြောင်းအလဲ ပြုလုပ်ရန် အဟန့်အတားဖြစ်စေလျက်ရှိသည့် အာဏာပါဝါနှင့် အခွင့်အလမ်းများ တစ်ဖက်စောင်းနင်း မညီမမျှ ဖြစ်နေမှုကို ကိုင်တွယ်ရန် အချိန်ကျရောက်လာပြီဟု ဆိုထားပါသည်။

ဤအချက်ကို ပေါ်လွင်ထင်ရှားစွာ ပြသရန်အတွက် အကြိမ် ၃၀ မြောက် နှစ်ပတ်လည် လူသားဖွံ့ဖြိုးမှု အစီရင်ခံစာဖြစ်သည့် စူးစမ်းရှာဖွေရမည့် နယ်ပယ်သစ် - လူသားဖွံ့ဖြိုးမှုနှင့် လူသားခေတ် (The Next Frontier: Human Development and the Anthropocene) ဟူသော အစီရင်ခံစာတွင် နှစ်စဉ် လူသားဖွံ့ဖြိုးမှု အညွှန်းကိန်း (Human Development Index - HDI) တွင် ရှုထောင့်သစ်တစ်ခုကို စတင်စမ်းသပ်ထည့်သွင်း ထားပါသည်။

နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်းများကို တိုင်းတာသော HDI တွင် နောက်ထပ် အစိတ်အပိုင်းနှစ်ခုဖြစ်သည့် နိုင်ငံတစ်နိုင်ငံ၏ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုများနှင့် ယင်း၏ ရုပ်ဝတ္ထုပစ္စည်းလိုအပ်ချက်များအတွက် ထုတ်ယူသုံးစွဲသော သဘာဝအရင်းအမြစ်ပမာဏ (material footprint) တို့ကို ထပ်မံထည့်သွင်းရန်အတွက် ကို ပြင်ဆင်ပြောင်းလဲခဲ့ပါသည်။ လူသား မျိုးနွယ်စုကြီးတစ်ရပ်လုံး၏ တိုးတက် မှုကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် လူသားများ၏ ကျန်းမာပျော်ရွှင် အဆင် ပြေရေးကိုသာမက ကမ္ဘာမြေ ကြီး၏ ကျန်းမာသန်စွမ်းရေးကိုပါ ဗဟိုပြု၍ ထည့်သွင်းဖွင့်ဆိုမည် ဆိုလျှင် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အခင်း အကျင်း သည် မည်သို့ ပြောင်းလဲသွားမည်ဆိုသည်ကို ပြင်ဆင်ပြောင်းလဲထား သော ထိုအညွှန်းကိန်းက ပြသနေပါသည်။

ကမ္ဘာမြေပေါ် ကျရောက်နေသော ဖိအားများကို ထည့်သွင်းတိုင်းတာရန် ညှိနှိုင်းပြင်ဆင်ထားသော HDI (Planetary-Pressures Adjusted HDI) သို့မဟုတ် PHDI သည် ကမ္ဘာ့ရုပ်ပုံကားချပ်အသစ်ကို ရေးဆွဲပြသ ခဲ့ရာ အားတက်ဖွယ်ရာ မကောင်းလှသော်လည်း လူသားဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ပို၍ ရှင်းလင်း တိကျစွာ  ရေးခြယ်ပြနိုင်ခဲ့ပါသည်။ ဥပမာ နိုင်ငံပေါင်း ၅၀ ကျော်သည် ၎င်းတို့၏ ရုပ်ကြွင်းလောင်စာများ အပေါ် မှီခိုအား ထားမှုနှင့် material footprint တို့ကြောင့် လူသားဖွံ့ဖြိုးမှု အလွန်မြင့်မားသော အုပ်စုတွင် ဆက်လက် ပါဝင်နိုင်ခြင်း မရှိတော့သော်လည်း ကော့စတာရီကာ၊ မော်လ်ဒိုဗာနှင့် ပနားမားကဲ့သို့သော နိုင်ငံများသည် အနည်းဆုံး အဆင့် ၃၀ ခန့်အထိ ခုန်တက်လာကြသဖြင့် ကမ္ဘာမြေပေါ်သို့ ဖိအားကျရောက် စေမှု နည်းပါး သော်လည်း ဖွံ့ဖြိုးတိုးတက်နိုင်ကြောင်းကို ပြသလျက် ရှိပါသည်။

မြန်မာနိုင်ငံ၏ HDI အဆင့်သည် အနည်းငယ်တိုးတက်မှုရှိပြီး ၂၀၁၉ ခုနှစ် နိုင်ငံနှင့် နယ်မြေပေါင်း ၁၈၉ နိုင်ငံအနက်  အဆင့် ၁၄၈ တွင် ရှိနေရာမှ ၂၀၁၈ ခုနှစ်တွင် အဆင့် ၁၄၇ သို့ တိုးတက်ရောက်ရှိလာပါသည်။ PHDI ဖြင့် တိုင်းတာသောအခါ ယင်း၏ HDI ရမှတ်ထက် ၀.၉ ရာခိုင်နှုန်း ပိုနည်းပြီး နေရာသုံးနေရာအထိ တိုးတက် လာသည်ဟု နောက်ဆုံးထုတ်ပြန်သည့်အစီရင်ခံစာအရသိရှိရပါသည်။

“လူသားဖွံ့ဖြိုးမှုအစီရင်ခံစာဟာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အရေးကြီးတဲ့ အစီရင်ခံစာတစ်စောင် ဖြစ်ပါတယ်။ လက်တွေ့အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ ခေတ်အခါရဲ့ အဓိကပြဿနာတွေ ဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ တန်းတူညီမျှမရှိမှုတွေအပေါ်မှာ ပိုပြီး အလေးပေးလာ တဲ့  မျိုးဆက်သစ် လူသားအရင်းအနှီးအစီရင်ခံစာတွေဟာ ကျွန်တော်တို့ လိုလားတဲ့ အနာဂတ်ဆီကို သွား နိုင်ဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထိန်းကျောင်းပဲ့ကိုင်ပေးဖို့ အထောက်အကူပြုမှာ ဖြစ်ပါ တယ်” ဟု အစီရင်ခံစာကို တာဝန်ယူထုတ်ပြန်ပေးခဲ့သည့် ဆွီဒင်နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သူ Stefan Löfven က ဆိုပါသည်။  

လူသားဖွံ့ဖြိုးမှုအတွက် နယ်ပယ်သစ်တွင် လူမှုရေးစံများ၊ တန်ဖိုးများ၊ အစိုးရနှင့် ငွေကြေးဆိုင်ရာ မက်လုံး များကို အသွင်ပြောင်းလဲပစ်ရင်း သဘာဝကြီးကို မဆန့်ကျင်ဘဲ အတူတကွလက်တွဲသွားဖို့ လိုအပ်ကြောင်း အစီရင်ခံစာက ဆိုပါသည်။

ဥပမာ ခန့်မှန်းတွက်ချက်မှုအသစ်များအရ ၂၁၀၀ ပြည့်နှစ်မတိုင်မီတွင် ကမ္ဘာပေါ်ရှိ အဆင်းရဲအနွမ်းပါးဆုံး နိုင်ငံများသည် နှစ်စဉ် ရာသီဥတုပြောင်းလဲမှုကြောင့် ပြင်းထန်သည့် ရာသီဥတုအခြေအနေများကို ရင်ဆိုင် ကြုံ တွေ့ရမည့် နေ့ရက်ပေါင်းသည် ၁၀၀ အထိ ပိုများလာမည်ဟု ညွှန်ပြနေပါသည်။ သို့သော် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ပဲရစ်သဘောတူစာချုပ်ကိုသာ အပြည့်အဝ အကောင်အထည်ဖော်နိုင်မည်ဆိုလျှင် ထိုအရေအတွက်ကို လျှော့ချနိုင်မည်ဖြစ်ပါသည်။

သို့သော် ရုပ်ကြွင်းလောင်စာများ ထုတ်လုပ်မှုကို အစိုးရများမှ ထောက်ပံ့ပေးနေဆဲဖြစ်ပြီး နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ကိန်းဂဏန်းများအရ သွယ်ဝိုက်ကုန်ကျစရိတ်များအပါအဝင် အစိုးရအဖွဲ့အစည်း များမှ ရုပ်ကြွင်း လောင်စာများအတွက် ထောက်ပံ့ပေးမှုကြောင့် လူမှုအဖွဲ့အစည်းများမှ ကျခံနေရသည့် တိုက်ရိုက် ကုန်ကျ စရိတ်သည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ ထရီလျှံ သို့မဟုတ် ကမ္ဘာ့ GDP ၏ ၆.၅ ရာခိုင်နှုန်းရှိ သည်ဟု အစီရင်ခံစာထဲတွင် ကိုးကားဖော်ပြထားပါသည်။

“ဖွံ့ဖြိုးတိုးတက်မှုအတွက် အတိတ်က ရွေးချယ်ဆောင်ရွက်ခဲ့မှုတွေမှာ သဘာဝပတ်ဝန်းကျင် တန်ဖိုးထားမှု နည်းပါးခဲ့ပြီး လူသားဖွံ့ဖြိုးတိုးတက်မှုနဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုဆိုတာ တစ်ပြိုင်နက်တည်း မရနိုင်တဲ့ အရာ တွေ ဖြစ်စေခဲ့တယ်” ဟု ကုလသမဂ္ဂလက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်နှင့် UNDP အာရှပစိတ် ဒေသ ညွှန်ကြားရေးမှူးဖြစ်သူ Kanni Wignaraja က ဆိုပါသည်။

သစ်တောပြန်လည်ပျိုးထောင်ခြင်းနှင့် ရှိနေသော သစ်တောများကို ပိုမို ဂရုစိုက်ခြင်းတစ်ခုတည်းသည် ပင်လျှင် ကမ္ဘာ့အပူချိန်အား စက်မှုတော်လှန်ရေးမတိုင်မီကအပူချိန်ထက် နှစ်ဒီဂရီ စင်တီဂရိတ် မြင့်တက် မသွားစေရေး ၂၀၃၀ ပြည်နှစ် မတိုင်မီတွင် လုပ်ဆောင်ရမည့် လုပ်ငန်းများ၏ သုံးပုံတစ်ပုံခန့်ကို ပြီးမြောက် စေနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ ကမ္ဘာမြေပေါ် ဖိအားကျရောက်စေမှုသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျင် နည်းပါးသည့်တိုင် မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းရင်း မလိုလားအပ်သည့် ပြန်လည်ပေးဆပ်ရမှုများ၊ ထိခိုက်နစ်နာစေမှုများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်းကို လက်ခံအသိ အမှတ်ပြုထားကြောင်း၊ ထိုအတွက် သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစားကျဆင်းမှု အမျိုးအစား အချို့ကို ကိုင်တွယ် ဖြေရှင်း ရန်အတွက် ၁၀ နှစ် စီမံကိန်းတစ်ခုဖြစ်သည့် “မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေးစီမံကိန်း” ကို ၂၀၁၈ ခုနှစ် စတင်ခဲ့ခြင်းလည်း အပါအဝင်ဖြစ်ကြောင်း UNDP မြန်မာ ၏ ဒုတိယဌာနေကိုယ်စားလှယ် Dawn Del Rio က ပြောကြားပါသည်။    

UNDP ၏ လူသားဖွံ့ဖြိုးမှုအစီရင်ခံစာရုံး၏ ညွှန်ကြားရေးမှူးနှင့် ယခုအစီရင်ခံစာကို ရေးသားသူ Pedro Conceição က ကမ္ဘာမြေကြီးအပေါ် ကျရောက်သော ဖိအားများကို လူသားများ မည်သို့ ကြုံတွေ့ခံစားရ သည် ဆိုသည်မှာ လူမှုအဖွဲ့အစည်းများ မည်သို့မည်ပုံ လည်ပတ်လုပ်ကိုင်နေသည်ဟူသည့် အချက်နှင့် ဆက်စပ် နေ ကြောင်း၊ ယနေခေတ်တွင် ယိုယွင်းပျက်ပြားနေသော လူမှုအဖွဲ့အစည်းများသည် လူသားများ နှင့် ကမ္ဘာမြေအား ခေါင်းချင်းဆိုင်လျက် ရင်ဆိုင်တိုက်မိစေမည့် လမ်းကြောင်းပေါ်သို့ တင်ပေးနေကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံများအတွင်းနှင့် နိုင်ငံများကြားရှိ တန်းတူညီမျှ မရှိမှုများ ကိုလိုနီစနစ်ဆိုးနှင့် လူမျိုးရေးခွဲခြားမှုများမှ နက်ရှိုင်း စွာ မြစ်ဖျားခံလာခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပို၍ ပြည့်စုံသူများက သဘာဝမှ ရသည့် အကျိုးကျေးဇူးများကို အမိအရ ရယူခံစားပြီး ဖြစ်ပေါ်လာသည့် ထိခိုက်ဆုံးရှုံးသူများကိုမူ အခြားတစ်နေရာ သို့ တင်ပို့လိုက်ကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ထိုအခါ ပို၍ ချို့တဲ့သော လူများ အတွက် အခွင့်အလမ်းများကို ဆုံးရှုံးစေပြီး ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကိုလည်း လျော့နည်းစေ ပါသည်။

အစီရင်ခံစာပါ ဥပမာကို တင်ပြရလျှင် အမေဇုန်ဒေသရှိ ဌာနေတိုင်းရင်းသားများ စီမံလုပ်ကိုင်ထိန်းသိမ်းစောင့် ရှောက်ထားသော မြေများသည် ကမ္ဘာပေါ်ရှိ အချမ်းသာအကြွယ်ဝဆုံး လူ ၁ ရာခိုင်နှုန်းမှ ထုတ်လွှတ်သော ပမာဏနှင့်ညီမျှသည့် ကာဗွန်များကို စုပ်ယူထိန်းသိမ်းပေးထားနိုင်စွမ်း ရှိပါသည်။ သို့သော်လည်း ထိုဌာနေ တိုင်း ရင်းသား လူမျိုးများမှာ ဆင်းရဲဒုက္ခများ၊ တရားစွဲဆိုခံရမှုနှင့် ခွဲခြားဆက်ဆံမှုတို့ကို ရင်ဆိုင်နေရဆဲ ဖြစ်ပြီး ဆုံးဖြတ်ချက်ချမှတ်မှု လုပ်ငန်းစဉ်များတွင် ပြောရေးဆိုခွင့် မရှိသလောက်ပင် ဖြစ်ပါသည်။

ထို့ပြင် လူမျိုးကို အကြောင်းပြု၍ ခွဲခြားဆက်ဆံမှုများကလည်း မကြာခဏဆိုသလို ဒေသခံပြည်သူ အသိုင်း အဝိုင်းများအား ဆိုးရွားစွာ ထိခိုက်စေပြီး အဆိပ်အတောက်ရှိသော စွန့်ပစ်ပစ္စည်းများ သို့မဟုတ် အလွန် အကျွံညစ်ညမ်းမှုများကဲ့သို့ ကြီးမားသည့် ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ ရစေပါ သည်။ ဤသည်မှာ ကမ္ဘာတိုက်ကြီးများအားလုံးရှိ မြို့ပြဒေသများတွင် တွေ့လာရသည့် အပြောင်းအလဲတစ်ခု ဖြစ်သည်ဟု အစီရင်ခံစာရေးသားသူများက ဆိုပါသည်။

အစီရင်ခံစာအရ ကမ္ဘာမြေအပေါ် ကျရောက်စေသည့် ဖိအားများ လျော့ပါးသွားအောင် လုပ်ဆောင်ပေးခြင်း သည် ယခုရောက်ရှိလာသော ခေတ်သစ်တွင် လူသားများအားလုံး ဝပြောစည်ပင်သာယာနိုင်စေရေးအတွက် နည်းလမ်း တစ်ခုဖြစ်ပြီး ထိုအတွက် ပြုလုပ်ရမည့် အသွင်ကူးပြောင်းများကို ပိတ်ဆို့တားဆီးလျက်ရှိသည့် အာဏာပါဝါနှင့် အခွင့်အလမ်းများ တစ်ဖက်စောင်းနင်း မညီမမျှ ဖြစ်နေမှုကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ် မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအစိုးရသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀) မှတစ်ဆင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ရာသီဥတုပြောင်းလဲမှု အန္တရာယ်အား သတိပြုနားလည်မှုရှိစွာဖြင့် ဆောင်ရွက်ရန် ကတိကဝတ်ပြုထားပါသည်။ ထို့အပြင် ၂၀၁၉ ခုနှစ်တွင် ဆက်လက် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ ပတ်ဝန်းကျင်ရေးရာ မူဝါဒနှင့် မြန်မာနိုင်ငံ ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒတို့ ကလည်း အဆိုပါဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို အားဖြည့်ထောက်ပံ့ ပေးခဲ့ပါသည်။ ထိုမူဝါဒဆိုင်ရာ ကတိက ဝတ်များအားလုံးကို ပေါင်းစုလိုက်လျှင် လက်ရှိမျိုးဆက်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် ရာသီဥတု ဒဏ်ခံနိုင်ပြီး ကာဗွန်ထုတ်လွှတ်မှုနည်းသော လူ့ဘောင် အဖွဲ့အစည်းတစ်ရပ် တည်ထောင်ရေးသည် မြန်မာ နိုင်ငံ၏ အနာဂတ်မျှော်မှန်းချက် ဖြစ်လာပါသည်။ ထိုမျှော်မှန်းချက် ပြည့်မီရေးအတွက် ယခုမှစ၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ လိုအပ်မည်ဖြစ်ပါသည်။ ဤသည်နှင့်စပ်လျဉ်း၍ မကြာမီက အွန်လိုင်း စနစ်ဖြင့် ကျင်းပခဲ့သည့် Climate Ambition Summit ထိပ်သီးအစည်းအဝေးတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာ၌ မြန်မာ နိုင်ငံသည် ရာသီဥတု ပြောင်းလဲမှု လျှော့ချ ရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်  (Nationally Determined Contribution - NDC) ကို ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်းတွင် တင်သွင်းရန် ရည်မှန်းထားကြောင်း ကြေညာခဲ့ပြီး အဆိုပါလုပ်ငန်း အစီအစဉ်အရ ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် ပါဝင်မှုအချိုးကို ၃၉% တိုးမြှင့်ခြင်းနှင့် သစ်တောကဏ္ဍမှ ကာဗွန် အသားတင်ထုတ်လွှတ်မှုကို ၂၅% လျှော့ချခြင်းတို့မှတစ်ဆင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု တန်ချိန်ပမာဏ သန်းပေါင်း ၂၄၃ သန်း ကျော် လျှော့ချရန် မျှော်မှန်းထားကြောင်း ပြောကြားသွားခဲ့ပါသည်။ 

ဝင်ငွေအနည်းအများ သတ်မှတ်အုပ်စုအလိုက် အခွန်နှုန်း တိုးတက်ကောက်ခံမှု စနစ် (progressive taxation) အား တိုးမြှင့်ကျင့်သုံးခြင်းမှစ၍ ကမ်းရိုးတန်းဒေသနေ ပြည်သူများအား ကြိုတင်ကာကွယ်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုများနှင့် အာမခံများမှတစ်ဆင့် ကာကွယ်စောင့်ရှောက်ပေးခြင်းအထိ အစိုးရ၏ အရေးယူ ဆောင်ရွက် မှုများသည် အထက်ဖော်ပြပါ တန်းတူညီမျှမရှိမှုများကို ကိုင်တွယ်ဖြေရှင်းပေးနိုင် သည်ဟု အစီရင်ခံစာက ဆိုပါ သည်။ ကမ်းရိုးတန်းဒေသနေ ပြည်သူများအတွက် ထိုသို့ ကာကွယ် စောင့်ရှောက်ပေးမှုသည် ကမ္ဘာပေါ်ရှိ မြေနိမ့် ပိုင်း ကမ်းရိုးတန်းဒေသများတစ်လျှောက် နေထိုင်လျက်ရှိသော လူသန်းပေါင်း ၈၄၀ ၏ အသက်များကို အကာ အကွယ်ပေးနိုင်သည့် လုပ်ဆောင်မှုပင် ဖြစ်ပါသည်။ သို့သော် ထိုလုပ်ဆောင်မှုများတွင် လူသားများက ကမ္ဘာမြေ ကြီးနှင့် ထပ်မံဖက်ပြိုင်အံတုမှုများ မဖြစ်စေရန် စုပေါင်း အားဖြင့် လက်တွဲကြိုးပမ်းသွားကြရမည်ဖြစ်ပါသည်။

၂၀၂၀ လူသားဖွံ့ဖြိုးမှုအစီရင်ခံစာနှင့် UNDP ၏ ကမ္ဘာမြေပေါ် ကျရောက်နေသော ဖိအားများကို ထည့်သွင်းတိုင်းတာခြင်းအား စမ်းသပ်ပြုလုပ်ရန် ညှိနှိုင်းပြင်ဆင်ထားသော Planetary Pressures-Adjusted HDI အပေါ် ဆန်းစစ်လေ့လာချက်ကို အသေးစိတ်လေ့လာလိုလျှင် အောက်ပါဝက်ဆိုက်တွင် ဝင်ရောက်လေ့လာနိုင်ပါသည် - http://hdr.undp.org/en/2020-report

###

UNDP သည် ဆင်းရဲနွမ်းပါးမှု၏ တရားမျှတခြင်းကင်းမဲ့မှု၊ တန်းတူညီမျှမရှိမှုနှင့် ရာသီဥတုပြောင်းလဲမှု တို့ အဆုံး သတ်ရေး ဦးဆောင်တိုက်ဖျက်ပေးနေသည့် ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ နိုင်ငံပေါင်း ၁၇၀ မှ ကျွမ်းကျင်ပညာရှင်များနှင့် မိတ်ဖက်များ ပါဝင်ဖွဲ့စည်းထားသည့် ကြီးမားကျယ်ပြန့်လှသော ကွန်ရက်နှင့် လက်တွဲ၍ နိုင်ငံများအား ပြည်သူများနှင့် ကမ္ဘာမြေအတွက် ဘက်စုံပေါင်းစပ် ဆောင်ရွက်သည့် ရေရှည်တည်တံ့ စေမည့် နည်းလမ်းများဖြင့် ဖြေရှင်းနိုင်အောင် ကူညီပေးပါသည်။

www.undp.org တွင် UNDP အကြောင်း လေ့လာနိုင်ပါသည်။ သို့မဟုတ် @UNDP ကို follow လုပ်နိုင်ပါသည်။။

မီဒီယာများမှ ဆက်သွယ်ရန် -

Human Development Report Office| Anna Ortubia, Communications Specialist | anna.ortubia@undp.org

UNDP | စည်သူစိုးမိုး၊ Communications Analyst | si.thu.soe.moe@undp.org