မြန်မာနိုင်ငံ၏ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲသုံးမင်အား ဂျပန်နိုင်ငံနှင့် UNDP တို့က ပံ့ပိုးကူညီ

2020- August 14

Photo: UNDP

Photo: UNDP


ဂျပန်နိုင်ငံနှင့် UNDP သည် မြန်မာနိုင်ငံအား ၂၀၂၀ ရွေးကောက်ပွဲတွင် အသုံးပြုရန် မင်များအား ပံ့ပိုးပေး မည်ဖြစ်သည်။ UNDP နှင့် ဂျပန်နိုင်ငံသည် ယခင်ကလည်း ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အတွင်း ကူညီပံ့ပိုးပေးခဲ့မှုများအပါအဝင် ဖြောင့်မတ်တည်ကြည်မှု အားကောင်းစေခြင်းနှင့် ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာဆောင်ရွက်ချက်များအတွက် မြန်မာနိုင်ငံပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြဖူးပါသည်။ 

ယခု ၂၀၂၀ ရွေးကောက်ပွဲအတွက်လည်း UNDP နှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်း၍ ဆန္ဒမဲပေးသူများ၏ လက်သန်း တွင်တို့ပေးရသည့် ရွေးကောက်ပွဲသုံးမင် ၁၁၃,၀၀၀ ပုလင်း ဝယ်ယူနိုင်ရန် ပံ့ပိုးပေး သွားမည် ဖြစ်သည်။ ထိုမင်တွင်  Silver Nitrate ၂၀% ပါဝင်မည်ဖြစ်ရာ နိုင်ငံတကာမှ စံသတ်မှတ် ချက် ဖြစ်သည့် ၁၈% ထက် ပို၍ ပါဝင်မှု ပမာဏ မြင့်မားပါသည်။

ထိုရွေးကောက်ပွဲသုံးမင်သည် ရွေးကောက်ပွဲများ မှန်ကန်တရားမျှတစေရေးအတွက် အဓိကကျ သော ဆောင်ရွက်ချက်တစ်ခု ဖြစ်သလို “လူတစ်ဦးလျှင် မဲတစ်ပြားသာ ပေးရန်” ဟူသည့် မြန်မာ နိုင်ငံရှိ ရွေးကောက်ပွဲများ၏ အခြေခံစည်းမျဉ်းဥပဒေသကို လိုက်နာဆောင်ရွက်ကြောင်း မြင်သာ ထင်ရှားစွာ လက်တွေ့ပြသနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ဤမင်သည် ရွေးကောက်ပွဲ ဆိုင်ရာ လိမ်လည်မှု များကို တားဆီးကာကွယ်ရန် အထောက်အကူပြုပြီး ပြည်သူများအနေဖြင့် လည်း နိုင်ငံသားတစ်ဦး၏ တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ခဲ့ပြီးဖြစ်ကြောင်း ‘အသဲကြားမှ မဲတစ်ပြားကို ပေးခဲ့ပြီ’ ဆိုသည့် သက်သေကို အခြားသူများ မျက်မြင်တွေ့ရှိအောင် ပြသပေးနိုင်သည့် အခွင့်အရေးလည်း ဖြစ်ပါသည်။ ထိုမျှမက UEC အတွက် အဓိကထည့်သွင်းစဉ်းစားရသည့် အချက် ဖြစ်သော ရွေးကောက်ပွဲတစ်ခု၏ ပွင့်လင်းမြင်သာရှိမှုကိုလည်း ဤရွေးကောက်ပွဲသုံးမင်က မြှင့်တင် ပေးပါသည်။ ဤအရည် အသွေး မြင့်မားသော မင်သည် ရေ၊ ဆပ်ပြာ၊ အခြားဆေးရည်များ၊ အိမ်သုံး သန့်စင်ဆေးရည်များ၊ ချေးချွတ် ဆေးများ၊ အရောင်ချွတ်ဆေးများ၊ အရက်ပြန်၊ အက်စီတုန်း သို့မဟုတ် အခြားသော ဓာတုဖျော်ရည် များဖြင့် ဖျက်၍ မရနိုင်သော မင် ဖြစ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက “စဉ်ဆက်မပြတ် ကူညီပံ့ပိုးပေးလျက် ရှိကြသော UNDP နှင့် ဂျပန်နိုင်ငံအပါအဝင် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများအား အထူးပင် ကျေးဇူးတင်ရှိ ပါကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများသည် UEC နှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများ အတွက် စဉ်ဆက် မပြတ် ကူညီပံ့ပိုးပေးခြင်းဖြင့် မြန်မာနိုင်ငံနှင့် နိုင်ငံ၏ ဒီမိုကရေစနစ် ရင့်သန်ရေး အတွက် ရေရှည် အားပေးကူညီသွားရန် ကတိကဝတ်ပြုထားမှုများကို လက်တွေ့ပြသနေကြ ခြင်းပင် ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ မာရူရာမာအီချီယိုက “ဂျပန်နိုင်ငံသည် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီစနစ် ကူးပြောင်းရေးအတွက် ဆယ်စုနှစ်နှင့်ချီ၍ ကူညီပံ့ပိုးလာခဲ့ပါကြောင်း၊ ရွေးကောက်ပွဲများ သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်အတွက် အဓိကကျသော အစိတ်အပိုင်း တစ်ခု ဖြစ်ပါကြောင်း၊ ယခုပံ့ပိုးကူညီမှုမှတစ်ဆင့် ဂျပန်နိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နှစ်နိုင်ငံကြား ခိုင်မာလေးနက် သည့် မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ် ဆောင်သွားမည်ဆိုသည်ကို ထပ်လောင်းအတည်ပြုလိုပါကြောင်း” ပြောကြားသွားပါသည်။ 

UNDP ၏ တာဝန်ခံအရာရှိ/ဒုတိယဌာနေကိုယ်စားလှယ်ဖြစ်သူ မစ္စဒေါန်းဒယ်ရီယိုကလည်း “UNDP သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည့် လုပ်ငန်းစဉ်တွင် အလွန်အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည့် အထွေထွေရွေးကောက်ပွဲများကျင်းပခြင်းလုပ်ငန်းစဉ်ကို ၂၀၁၅ ခုနှစ်က တည်း ကကူညီပံ့ပိုးလာခဲ့ပါကြောင်း၊ ထိုပံ့ပိုးကူညီမှုများသည် မြန်မာနိုင်ငံ ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ ဖြောင့်မတ်မှန်ကန်မှုကို အားကောင်း စေခဲ့ပါကြောင်း” ပြောကြားခဲ့ပါသည်။

အသေးစိတ်သတင်းအချက်အလက်များနှင့် မီဒီယာဆိုင်ရာ ကိစ္စရပ်များအတွက် ဆက်သွယ်ရန် -

စည်သူစိုးမိုး
Communications Analyst
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်
အီးမေးလ် - si.thu.soe.moe@undp.org