စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် UNDP Myanmar တို့ ပူးပေါင်း၍ ပထမဦးဆုံး “MoCOM E-Commerce Innovation Challenge” ကို မိတ်ဆက်

2020- November 11

စီးပွားရေးနှင့် ကူးသန်ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဥ် (UNDP Myanmar) တို့က အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ၊ လူငယ် ဆန်းသစ်တီထွင်သူများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ဂေဟစနစ်အတွင်းပါဝင်ဆောင်ရွက်သူများအနေဖြင့် မြန်မာနိုင်ငံ၏ E-Commerce ကဏ္ဍ အနာဂတ်ကို ပုံဖော်နိုင်ရန် အားပေးကူညီရန် ရည်ရွယ်

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့။      ။ စီးပွားရေးနှင့် ကူးသန်ရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဥ် (UNDP Myanmar) ၏ ကူညီထောက်ပံ့မှုဖြင့် ပထမဦးဆုံးသော E-Commerce Innovation Challenge ကို စတင်ဆောင်ရွက်ပြီဖြစ်သည်။ ဤ MoCOM E-Commerce Innovation Challenge ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံ COVID-19  စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) ၏ ပန်းတိုင် ၅.၁ အောက်ရှိ လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်မှုကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်မည့် အချိန်ကိုက်ဆောင်ရွက်ချက်တစ်ခုဖြစ်သည်။ ဤစိန်ခေါ်ပွဲများ ပြုလုပ်ခြင်းအားဖြင့် ကမ္ဘာ့ကပ်ရောဂါကြီးကို တွန်းလှန်ရာတွင် ဒီဂျစ်တယ်နည်းလမ်းများ အသုံးချမှုကို မြှင့်တင်နိုင်ရန်၊ စီးပွားရေးထိခိုက်မှုများကို လျင်မြန်စွာ ကုစားနိုင်စေရန်၊ အရည်အချင်းရှိသော လူငယ်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ တီထွင်ဆန်းသစ်မှုများကို အားပေးနိုင်ရန် ရည်ရွယ်ပါသည်။

ဤ MoCOM E-Commerce Innovation Challenge ကို ဆောင်ရွက်ရသည့်ရည်ရွယ်ချက်မှာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ လူငယ် ဆန်းသစ်တီထွင်သူများနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ဂေဟစနစ် အတွင်း ပါဝင်ဆောင်ရွက်သူများအနေဖြင့် “စက်မှုတော်လှန်ရေး ၄.၀” ကို အပြည့်အဝ လက်ခံကျင့်သုံးနိုင်သည့် တီထွင်ဆန်းသစ်မှုများဖြင့် မောင်းနှင်သော စီးပွားရေးတစ်ရပ်အတွက် အခွင့်အလမ်းများ ဖန်တီးနိုင်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ E-Commerce ကဏ္ဍ၏ အနာဂတ်ကို ပုံဖော်နိုင်ရေးအတွက် အားပေးကူညီနိုင်ရန်ဖြစ်သည်။

မတ်လအတွင်း မြန်မာနိုင်ငံတွင် COVID-19 ရောဂါစတင်ဖြစ်ပွားမှုကို အတည်ပြုပြီးနောက် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများသည် အစိုးရ၏ ရောဂါထိန်းချုပ်ရေးကန့်သတ်ချက်များကို လိုက်နာဆောင်ရွက်နိုင်ရန်အတွက် အွန်လိုင်းပေါ်သို့ အလျင်အမြန်ကူးပြောင်းခဲ့ကြရာ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုဖြစ်စဉ်သည် သိသာစွာ တိုးတက် လာခဲ့သည်။ ဤရေစီးကြောင်းသည် အနာဂတ်တွင်လည်း ဆက်လက်တည်ရှိနေမည်ဖြစ်သလို၊ မြန်မာနိုင်ငံ၏ E-Commerce ကဏ္ဍဖွံ့ဖြိုးမှုကို အဆင့်မြှင့်တင်ရန်နှင့် COVID-19 သက်ရောက်မှုကို ကြံ့ကြံ့ခံတွန်းလှန်နိုင်ရေး၊ အားလုံးပါဝင်ဆောင်ရွက်နိုင်ရေးနှင့်  အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့အတွက် ထောက်ပံ့ကူညီပေးနိုင်မည့် အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်ကို သိရှိထားသည့်အလျောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဥ် (UNDP Myanmar) တို့ ပူးပေါင်း၍ E-Commerce ဂေဟစနစ်တွင်းရှိသူများ အနေဖြင့် မြန်မာ့ E-Commerce ဂေဟစနစ်၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ဆန်းသစ်သည့်နည်းလမ်းများကို ဖန်တီးအကောင်အထည်ဖော်နိုင်မည့် နေရာတစ်ခုကို ဖော်ဆောင်ပေးလိုက်ခြင်းဖြစ်သည်။

ဤဆန်းသစ်တီထွင်မှုစိန်ခေါ်ပွဲများကို အပိုင်း (၂) ပိုင်းခွဲ၍ ပြုလုပ်သွားမည်ဖြစ်ကာ ပထမပိုင်းကို (က) COVID-19 သက်ရောက်မှုကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်ရေး၊ (ခ) အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများကို  အရှိန်အဟုန်မြှင့်၍ ပံ့ပိုးကူညီနိုင်ရေး (ထို့အပြင် တရားဝင်တည်ထောင်နိုင်စေရေး) ဟူသော ခေါင်းစဉ်များအောက်တွင်လည်းကောင်း၊ ဒုတိယပိုင်း ကို (က) E-Commerce လုပ်ငန်းကဏ္ဍနယ်ပယ်တွင်းမှ အမျိုးသမီးများ ၊ (ခ) စားသုံးသူအခွင့်အရေးနှင့် အွန်လိုင်းမူပိုင်ခွင့် ဟူသော ခေါင်းစဉ်များအောက်တွင်လည်းကောင်း ပြုလုပ်သွားမည်ဖြစ်သည်။ ဤစိန်ခေါ်ပွဲများအတွက် ဆုကြေးငွေစုစုပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၀ ၀၀၀ ဖြစ်ပြီး အနိုင်ရရှိသူများအနေဖြင့် ရရှိသည့်ဆုကြေးငွေကို ၎င်းတို့၏ လုပ်ငန်းများ အတွက် မိမိတို့အနိုင်ရရှိထားသည့် ဆန်းသစ်တီထွင်ထားသောဖြေရှင်းချက်များကို အကောင်အထည်ဖော်ရာတွင် အသုံးချ နိုင်မည်ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ကုန်သွယ်ရေးဦးစီးဌာနနှင့် UNDP Myanmar တို့အနေဖြင့် လက်ရှိလုပ်ကိုင်နေသော E-Commerce လုပ်ငန်းများနှင့် Fintech လုပ်ငန်းများ၊ ဘဏ်များ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ပညာရေးနည်းပညာလုပ်ငန်းများ၊ E-Commerce လုပ်ငန်းဝန်ဆောင်မှုပေးသူများကဲ့သို့သော E-Commerce ဂေဟစနစ် အတွင်းရှိ အရေးပါသော မဏ္ဍိုင်လုပ်ငန်းများကို ဤဆန်းသစ်တီထွင်မှုစိန်ခေါ်ပွဲများတွင် ပါဝင်သွားနိုင်ရန် အတူတကွ တိုက်တွန်းဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။ ပထမအပိုင်းအတွက် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်စာရင်းပေးသွင်း နိုင်မည်ဖြစ်ကာ ဒုတိယပိုင်းအတွက် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့မှ စတင်၍ စာရင်းပေးသွင်း နိုင်မည်ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး၊ Digital Trade နှင့် E-Commerce ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၊ ဥက္ကဌ ဦးအောင်ထူးက “စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာနအနေနဲ့ အားပေးအထောက်အကူဖြစ်စေသော E-Commerce ဂေဟစနစ်တစ်ခုကို တည်ဆောက်နိုင်ရေးအတွက် အစိုးရအဖွဲ့အစည်းများ၊ ကုန်သည်ကြီးများအသင်းများ၊ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များနဲ့ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနဲ့ပူးပေါင်းပြီး ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုရည်မှန်းချက်များကို အကောင်အထည်ဖော်ဖို့ မြှင့်တင်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။။ လက်ရှိဖြစ်ပွားနေဆဲဖြစ်တဲ့ ကမ္ဘာ့ကူးစက်ရောဂါက မိရိုးဖလာ စီးပွားရေးလုပ်ငန်းအမြောက်အများကို ခြိမ်းခြောက်နေတာကြောင့် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာနအနေနဲ့ ဒီဂျစ်တယ်အသွင်ပြောင်းမှုကို အရှိန်မြှင့်တင်ဖို့ ရှေးရှုလျက် ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုကို အရှိန်မြှင့်တင်ဖို့၊ ဆန်းသစ်တီထွင်မှုကနေတစ်ဆင့် ဒီဂျစ်တယ်ကူးပြောင်းမှုကို အားပေးမြှင့်တင်ဖို့နဲ့  ပြည်တွင်းရော ပြည်ပမှာပါ စီးပွားရေးကဏ္ဍ စုံလင်စွာ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ UNDP ကဲ့သို့သော ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ COVID-19 သက်ရောက်မှုကို ကြံ့ကြံ့ခံတွန်းလှန်နိုင်ရေး အဓိကမဟာဗျူဟာ တစ်ခုအဖြစ် စီးပွားရေးလုပ်ငန်းများ အွန်လိုင်းအသုံးပြုနည်းလမ်း များကို လိုက်ပါအသုံးပြုသွားနိုင်ဖို့ မျှော်လင့်ပါတယ်။” ဟု ဆိုသည်။

“UNDP အနေနဲ့ ဒီ ‘MoCOM E-Commerce Innovation Challenge’ ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနဲ့အတူ ပူးပေါင်းတင်ဆက်ခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ ဒီစိန်ခေါ်ပွဲက မြန်မာနိုင်ငံရဲ့ COVID-19 ကို တွန်းလှန်ကုစားနိုင်ရေးဆောင်ရွက်ရာမှာ အထောက်အကူပြုနိုင်စေဖို့အတွက် ဒီဂျစ်တယ်နဲ့ နည်းပညာဆန်းသစ်တီထွင်မှုတွေ ကို အသုံးချနိုင်မယ့် အရေးပါတဲ့ ဆောင်ရွက်ချက်တစ်ခုပဲဖြစ်ပါတယ်။” ဟု UNDP ၏ ဌာနေ ကိုယ်စုားလှယ် ဖြစ်သူ Mr. Titon Mitra က ဆိုသည်။ UNDP သည် ကုလသမဂ္ဂ၏ လူမှုစီးပွားထိခိုက်မှုသက်သာရေးမူဘောင်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် မြန်မာနိုင်ငံတွင်း COVID-19 ထိခိုက်မှုများကို ထိရောက်စွာ  ပိုမိုကောင်းမွန်အောင် ပြန်လည်ထူထောင်ရာတွင် မြန်မာနိုင်ငံတော်အစိုးရနှင့် နိုင်ငံသားများကို ထောက်ပံ့ကူညီပေးသွားရန် ကတိကဝတ်ပြုထားသည်။

ဆန်းသစ်သောနည်းပညာဆိုင်ရာအဖြေရှာမှုများမှတစ်ဆင့် အရေးကြီးသည့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုပြဿနာများကို အတူတကွ စုပေါင်းဖြေရှင်းနိုင်ရန်နှင့် အနှစ်သာရပြည့်ဝသော အကျိုးသက်ရောက်မှုတစ်ခု ဖြစ်ပေါ်ကျန်ရစ်နေစေရန် ဤစိန်ခေါ်ပွဲက အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်း မိတ်ဖက်များနှင့် ပြည်တွင်းနည်းပညာရှင်များအကြား ပူးပေါင်း ဆောင်ရွက်မှုများကို ဖော်ဆောင်ပေးသွားမည်ဖြစ်ပါသည်။ စိန်ခေါ်ပွဲတွင်ပါဝင်ယှဉ်ပြိုင်သူသည် မူပိုင်ခွင့်နှင့် ပရောဂျက်ပိုင်ဆိုင်ခွင့်တို့ ရရှိမည်ဖြစ်ပြီး ပရောဂျက်များကို သက်ဆိုင်ရာနယ်ပယ် အတွင်းရှိသူများ၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော်သွားနိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ မိမိ၏ စီးပွားရေးလုပ်ငန်းကို ဆန်းသစ်တီထွင်မှုပြုလုပ်ရန် E-Commerce စိန်ခေါ်ပွဲများတွင် ဝင်ရောက်ဆင်နွှဲနိုင်ရန် ဖိတ်ခေါ်ပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနှင့် UNDP တို့ ပူးပေါင်း၍ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်မှ စတင်၍ E-Commerce စိန်ခေါ်ပွဲများကို စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး စိန်ခေါ်ပွဲတွင် ပါဝင်လိုသူများအနေဖြင့် အသေးစိတ်သတင်း အချက်အလက်များကို (https://www.connectthedot.com.mm/) ၀က်ဘ်ဆိုဒ်တွင်  ဝင်ရောက်လေ့လာနိုင်ပါသည်။

###

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအကြောင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာနသည် ကုန်သွယ်မှုလုပ်ငန်းများဖြင့် အမျိုးသားစီးပွားရေး ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ဝန်ကြီးဌာန၏ ရည်မှန်းချက်များမှာ ကုန်သွယ်မှုပမာဏတိုးတက်ရေးဆောင်ရွက်ရန်၊    ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်ရန်၊    နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ထွက်ကုန်များ ဈေးကွက်ဝေစု ပိုမို ရရှိ အောင်ဆောင်ရွက်ရန်၊ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီရန် တို့ဖြစ်ပါသည်။ ထို့အပြင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး၀န်ကြီးဌာန၏ ဒုတိယဝန်ကြီးသည် ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးမှုကော်မတီ၏ ကော်မတီခွဲဖြစ်သော Digital Trade နှင့် E-Commerce ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဆပ်ကော်မတီ၏ ဥက္ကဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်လျက်ရှိ သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကို ဝန်ကြီးရုံး၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့တို့ဖြင့် ဖွဲ့စည်းထားပါသည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဥ် (UNDP Myanmar) အကြောင်း

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်သည် နိုင်ငံပေါင်း ၁၇၀ ကျော်တွင် လုပ်ကိုင်လျက်ရှိကာ ကမ္ဘာ့ရှုထောင့်အမြင်၊ ပြည်တွင်း သတင်းအချက်အလက်၊ နည်းပညာဆိုင်ရာ အထောက်အပံ့များ၊ မူဝါဒဆိုင်ရာ အကြံပြုချက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုဝန်ဆောင်မှုများ မျှဝေပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ရည်မှန်းချက်မှာ နိုင်ငံများတွင် အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ရန်၊ မျှတမှုမရှိခြင်းများကို လျှော့ချရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၃၀ ခုနှစ်အစီအစဉ်၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန်တို့ ဖြစ်သည်။

 UNDP သည် ၁၉၅၀ ပြည့်လွန်နှစ်များမှစ၍ မြန်မာပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီအထောက်အပံ့များ ပေးအပ်နေခဲ့သည်။ ယနေ့တွင် မြန်မာနိုင်ငံရှိ UNDP သည် ကမ္ဘာ့အကောင်းဆုံး  လုပ်ထုံးလုပ်နည်းများနှင့် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ ကျင့်သုံးခြင်းအားဖြင့် ၂၀၃၀ ခုနှစ်အစီအစဉ် အောင်မြင်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ကတိကဝတ်ပြုထားပါသည်။ ကုလသမဂ္ဂစနစ်မှ ချမှတ်ထားသော လက်တွဲပူးပေါင်းဆောင်ရွက်မှုများ၊ စိတ်ချရသော ချဉ်းကပ်မှုနည်းလမ်းများကိုအသုံးပြု၍ မြန်မာနိုင်ငံရှိ UNDP သည် နိုင်ငံ၏စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဦးစားပေးဆောင်ရွက်မှုများ  ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် ၂၀၃၀ ခုနှစ်အစီအစဉ်ကို အတူတကွပူးပေါင်းအကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံတော် အစိုးရနှင့် နိုင်ငံသားများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက်  ဆောင်ရွက်လျက်ရှိသည်။

Facebook: www.facebook.com/UNDPMyanmar

Twitter: www.twitter.com/UNDP_Myanmar

Website: www.mm.undp.org

မီဒီယာများဆက်သွယ်ရန်

စည်သူစိုးမိုး
ဖုန်း+ 959 450 057 730
အီးမေးလ် si.thu.soe.moe@undp.org

မြတ်ဆုမွန်ဝင်း
ဖုန်း +959 449 001 704
အီးမေးလ် - myatsumonwin@eramyanmar.com