အစိုးရများ ဦးဆောင်၍ ကိုရိုနာဗိုင်းရပ်စ် သတင်းမှားများနှင့်</br/>တမင်လုပ်ကြံဖန်တီးသော သတင်းများကို တိုက်ဖျက်ရန်လိုအပ်ဟု</br/>UNDP ကပြောကြား

အန္တရာယ်ကြီးမားလှသည့် သတင်းအမှားများနှင့် တမင်လုပ်ကြံဖန်တီးထားသော သတင်းများ ပျံ့နှံ့နေမှုသည် နိုင်ငံများ၏ ကပ်ရောဂါတုံ့ပြန်မှုများကို ခြိမ်းခြောက်နေပြီး လူသန်းပေါင်းများစွာနှင့် အသက်မွေးမှုလုပ်ငန်းများကို အန္တရာယ်ကျရောက်စေလျက်ရှိ

2020- June 11

အစိုးရများ ဦးဆောင်၍ ကိုရိုနာဗိုင်းရပ်စ် သတင်းမှားများနှင့်
တမင်လုပ်ကြံဖန်တီးသော သတင်းများကို တိုက်ဖျက်ရန်လိုအပ်ဟု
UNDP ကပြောကြား

အန္တရာယ်ကြီးမားလှသည့် သတင်းအမှားများနှင့် တမင်လုပ်ကြံဖန်တီးထားသော သတင်းများ ပျံ့နှံ့နေမှုသည် နိုင်ငံများ၏ ကပ်ရောဂါတုံ့ပြန်မှုများကို ခြိမ်းခြောက်နေပြီး လူသန်းပေါင်းများစွာနှင့် အသက်မွေးမှုလုပ်ငန်းများကို အန္တရာယ်ကျရောက်စေလျက်ရှိ

နယူးယောက် – ကိုရိုနာဗိုင်းရပ်စ်၏ ပြင်းထန်စွာ ရိုက်ခိုက်နေမှုများကို ပို၍ ဆိုးရွားလာစေရန် ခြိမ်းခြောက် လှုံ့ဆော် လျက်ရှိသည့်၊ အထင်မှားအမြင်မှားများ ဖြစ်ပေါ်စေလျက်ရှိသည့် သတင်းအမှား ဒီရေလှိုင်းလုံးကြီးကို အစိုးရများမှ ဦးဆောင်ကာ တိုက်ဖျက်ကြရမည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ပြောကြားလိုက်ပါသည်။ 

ပြည်သူများနှင့်အတူ ရပ်တည်ပြီး အပြန်အလှန်ယုံကြည်မှုရှိသော ဆက်ဆံရေးကို တည်ဆောက်ခြင်းဖြင့် နိုင်ငံအစိုးရ များသည် သတင်းမှားများ၏ အဆိုးရွားဆုံးခြိမ်းခြောက်မှုများကို လျော့နည်းသွားအောင် လုပ်ဆောင်နိုင်မည် ဖြစ်ပြီး အသက်များနှင့် အသက်မွေးမှုလုပ်ငန်းများ ထပ်မံဆုံးရှုံးခြင်းမရှိအောင် တားဆီးပေးနိုင်မည်ဖြစ်သည်။ UNDP သည် နိုင်ငံ အဆင့်အဖွဲ့အစည်းများ၊ မီဒီယာများ၊ ပြည်သူ့အကျိုး သယ်ပိုးရွက်ဆောင်နေသူများနှင့် အနီးကပ် ပူးပေါင်းလက်တွဲ၍ လုပ်ကြံသတင်းများနှင့် သတင်းမှားများကို တိုက်ဖျက်ရန် ကူညီပေးလျက်ရှိပါသည်။ ထိုသို့ကူညီပေးရာတွင် ဆိုရှယ် မီဒီယာနှင့် ဝက်ဆိုက်များကို အသုံးပြု၍ ကိုဗစ်-၁၉ အကြောင်း မှန်ကန်တိကျသော သတင်း အချက်အလက်များ ဖြန့်ဝေပေးသည့် အစီအစဉ်များကို ပံ့ပိုးပေးခြင်းလည်း ပါဝင်ပါသည်။

ဆေးသိပ္ပံပညာနှင့်စပ်လျဉ်းသည့်အချက်အလက်များအပေါ် နားလည်သိရှိမှုများ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ကိုဗစ်-၁၉ ကပ်ရောဂါအကြောင်း အကြံပေးမှုများသည်လည်း လျှင်မြန်စွာ ပြောင်းလဲနေပါသည်။ ထိုကဲ့သို့ လျှင်မြန်စွာ တိုးတက်ပြောင်းလဲနေမှု၊ လူသားတို့ကိုသေစေနိုင်သည့်ချိမ်းချောက်မှု များနှင့် အသက်မွေးမှုလုပ်ငန်းများအပေါ် ကြီးမား စွာ ထိခိုက်စေမှုများကြောင့် ပြည်သူများသည် သတင်းအချက် အလက်များကို အာသာပြင်းပြစွာ လိုချင် တောင့်တနေ ကြပါသည်။ ဆိုရှယ်မီဒီယာ၊ တရားမဝင်သတင်း ရင်းမြစ်များ နှင့် ပညာရှင်မဆန်သော စာနယ်ဇင်းများက ဤအာသာဆန္ဒ ကို လှုံ့ဆော်တွန်းအားပေးနေပြီး များသောအားဖြင့် ထိတ်လန့်ကြောက်ရွှံ့မှု၊ ဝိုင်းဝန်းကဲ့ရဲ့ပစ်ပယ်မှု၊ ခွဲခြားဆက်ဆံမှုနှင့် ဇဝေဇဝါဖြစ်စေမှုတို့ကို မျိုးစေ့ချပေးနေကြပါသည်။  

UNDP ၏ အုပ်ချုပ်ရေးမှူး အာချင်စတိန်နာက “ရောဂါပျောက်စေတဲ့ဆေးဝါးလို့ လိမ်ညာတာတွေ၊ ဓားစာခံရှာအပြစ်ပုံချ မှုများ၊ စိတ်ကူးယဉ်သီအိုရီများနဲ့ လုပ်ကြံဖန်တီးထားတဲ့ သတင်းဇာတ်လမ်းတွေဟာ ဆူနာမီလှိုင်းလုံးကြီးလို မီဒီယာလောကကို ဖုံးလွှမ်း နေကြတာဖြစ်ပြီး အထူးသဖြင့် အွန်လိုင်းပေါ်မှာ ယုံကြည်ကိုးစား၍မရတဲ့ သတင်းအချက် အလက်များ ပွစာ တက်ကာ  ဖရိုဖရဲပရမ်းပတာပျံနှန့်နေတာလျက်ဖြစ်ကြောင်း၊  အဲဒီလိုဖြစ်နေတာတွေကြောင့်  ပြည်သူ့ကျန်းမာရေး ဆောင်ရွက်ချက်မှုတွေရဲ့ ထိရောက်မှုကို လျော့နည်းထိခိုက်စေရုံသာမက လက်တွေ့ဘဝမှာလည်း အကြမ်းဖက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ အမှား အမှန်ဝေခွဲမရ ရှုပ်ထွေးဝေဝါးမှုတွေနဲ့ ကြောက်ရွှံ့မှုတွေကို ဖြစ်ပေါ်​စေတာဖြစ်လို့ ရေရှည်မှာ လူဘောင်အဖွဲ့အစည်းအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိလာလိမ့်မှာလားလို့ စိုးရိမ်စရာဖြစ်နေပါတယ်” ဟု ပြောကြားခဲ့ပါသည်။   

“HIV နှင့် အီဘိုလာတို့ကရရှိတဲ့ သင်ခန်းစာတွေအရ ကျွန်တော်တို့ဟာ သတင်းမှားများနှင့် ဝိုင်းဝန်းကဲ့ရဲ့ပြစ်တင်မှုတွေကို တိုက်ဖျက်ဖယ်ရှားရန် ကျွန်တော်တို့ရဲ့ ကပ်ရောဂါအပေါ်တုံ့ပြန်မှုတွေ၊ အကြံပြုတိုက်တွန်းဆွေးနွေးတာတွေကို သိပ္ပံ ပညာ၊ သက်သေအထောက်အထား၊ လူ့အခွင့်အရေးများ၊ စည်းလုံးညီညွတ်မှုစတာတွေအပေါ် အခြေခံလုပ်ဆောင်နိုင်ရန် လက်တွဲကြိုးပမ်းသွားကြရမှာဖြစ်ပါတယ်။သတင်းမှားများကို တာဝန်သိစွာတိုက်ဖျက်နေကြသူအများအပြား ရှိနေ ပေ မယ့်လဲ  အစိုးရရဲ့ ဦးဆောင်မှုမပါရင် စစ်မှန်တဲ့ တိုးတက်မှုများကို ရရှိလိမ့်မယ်မဟုတ်ပါ။ ” ဟု စတိန်နာက ဆက်လက် ပြောကြားသွားပါသည်။

နည်းလမ်းများနှင့် နည်းဗျူဟာများ

ယနေ့ရင်ဆိုင်နေရသောစိန်ခေါ်မှုမှာ သတင်းမှားများကို လုပ်ကြံဖန်တီးဖြန့်ဝေနိုင်သည့် နည်းလမ်းများ၊ နည်း ဗျူဟာ များသည် အစိုးရအဖွဲ့အစည်းများအပါအဝင် ကိုဗစ်-၁၉ ကို မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွား၊ အကြံအစည် များအတွက် အသုံးချလိုသူများ၏လက်အတွင်း အမှန်တကယ်ရောက်ရှိနေခြင်းပင် ဖြစ်သည်။ ဥပမာ Bruno Kessler Foundation မှ သုတေသနပညာရှင်များက ကပ်ရောဂါနှင့်ဆက်စပ်၍ အများပြည်သူကတင်သည့် လူမှုမီဒီယာပို့စ်ပေါင်း ၁၁၂ သန်းကို စိစစ်လေ့လာခဲ့ကြရာ ၄၀ ရာခိုင်နှုန်းသည် ယုံကြည်ကိုးစား၍ မရသော ရင်းမြစ်များမှလာကြခြင်းဖြစ်ပြီး၊  ကိုဗစ်-၁၉ နှင့် စပ်လျဉ်းသည့် တွစ်တာမက်ဆေ့ဂ်ျပေါင်း ၁၇၈ သန်းကျော်၏ ၄၂ ရာခိုင် နှုန်းနီးပါးမှာ  အင်တာနက်ပေါ်တွင် အလို အလျောက် လုပ်ဆောင်သည့် ပရိုဂရမ်များ (bots) မှ ပေးပို့ထားခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ပါသည်။ တစ်ချိန် တည်းတွင် ဆိုရှယ်မီဒီယာအသုံးပြုသူများ၏ သုံးပုံတစ်ပုံခန့်က ကိုရိုနာဗိုင်းရပ်စ်အကြောင်းမှားယွင်းသော သို့မဟုတ် အထင် အမြင် မှားစေသောသတင်းများ၊ အချက်အလက်များကို တွေ့မြင်ကြားသိခဲ့ရသည်ဟုဆိုကြောင်း Reuters Institute ကတွေ့ရှိ ထား ပါသည်။ ထို့ပြင် Pew ၏သုတေသနအရလည်း သတင်းများကို လူမှုမီဒီယာက အဓိကရယူကြသူများသည် သတင်း မှားများနှင့် ထိတွေ့နိုင်ခြေပိုများကြောင်းပြသနေပါသည်။

သြဇာညောင်းသော မွတ်စလင်ဘာသာရေးခေါင်းဆောင်များရှိနေသည့် ဆိုမာလီယာနိုင်ငံတွင် UNDP သည် ဝန်ကြီး ချုပ်ရုံး၊ ဘာသာရေးဆိုင်ရာ ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းပြီး မြို့တော်မိုဂါဒစ်ရှူး တွင် သုံးရက်ကြာလူထုလှုပ်ရှားမှုတစ်ခု ကို ပြုလုပ်ခဲ့ရာ Shekih Ali Dheere နှင့် အခြားထင်ရှားသော ဘာသာရေးခေါင်းဆောင်အချို့ကဦးဆောင်ခဲ့ကြပါသည်။ ထိုလှုပ်ရှားမှုမှ ဗီဒီယိုများနှင့် ဆိုရှယ်မီဒီယာဒီဇိုင်းရုပ်ပုံများကို ဆိုရှယ်မီဒီယာပေါ်ရှိ လူပေါင်းတစ်သန်းခန့်ထံသို့ ရောက်ရှိ အောင် လုပ်ဆောင်နိုင်ခဲ့ပြီး ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့တွင်လည်းထုတ်လွှင့်ပေး နေပါသည်။ 

ထို့ပြင် UNDP သည် ဆိုမာလီယာနိုင်ငံ၏ ဘာသာရေးဆိုင်ရာ ဝန်ကြီးဌာနအား ဝက်ဆိုက်တစ်ခုတည်ထောင်ရန်လည်း ကူညီပံ့ပိုးပေးနေပါသည်။ ထိုဝက်ဆိုက်တွင် ကွယ်လွန်သူများအား ဘေးအန္တရာယ်ကင်းရှင်းစွာမြှုပ်နှံသင်္ဂြိုလ်နိုင်ရေး ဆိုင်ရာ လမ်းညွှန်ချက်များ ရရှိနိုင်မည်ဖြစ်ပြီး နှာခေါင်းစည်းနှင့် ဆပ်ပြာကဲ့သို့သော ပစ္စည်းများကို အလှူခံရန်နှင့် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ရန် ဘာသာရေးဆိုင်ရာ အသိုက်အဝန်းများကို ကူညီပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် သတင်းအရင်းအမြစ်အမျိုးမျိုးကိုလည်း ပံ့ပိုးပေးမည်ဖြစ်သည်။ UNDP သည် ဆိုမာလီယာ၏ ပထမဦးဆုံး သော ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတင်းအချက်အလက်များမျှဝေသည့် ဝက်ဆိုက်ကို တည်ထောင်ခဲ့ပြီး ဆိုမာလီယာနိုင်ငံ၏ အကြီးဆုံးဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည့် Hormuud နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ သတင်းအချက်အလက်များနှင့် လမ်းညွှန်ချက်များကို အသံသွင်းထားသည့်မက်ဆေ့ခ်ျ များအား သန်းပေါင်းများစွာသော မိုဘိုင်းဖုန်းများသို့ ပေးပို့ခဲ့ ပါသည်။

UNDP သည် လက်ဘနွန်ပြန်ကြားရေးဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့ UNICEF တို့နှင့် ပူးပေါင်း၍ သတင်းမှားများ ဖြန့်ဝေမှုကို တန်ပြန်တိုက်ဖျက်ရန်၊ လူထု၏ သတင်းညစ်ညမ်းမှုကို ထိခိုက်လွယ်မှုအား လျှော့ချရန်နှင့် ယင်းကို တန်ပြန်နိုင်သည့် အစိုးရ၏ စွမ်းရည်ကို မြှင့်တင်ရန် နိုင်ငံအဆင့် လှုပ်ရှားမှု တစ်ခုကို စတင်ပြုလုပ်ခဲ့ပါသည်။ အချက်အလက်များ၏ မှန်ကန်မှုကို စစ်ဆေးသည့် ဝက်ဆိုက်တစ်ခုအား ထူထောင် နေပြီး ပြည်သူများအား သတင်း အချက်အလက်များကို မျှဝေခြင်းမပြုမီ သေချာစွာစဉ်းစားစိစစ်ရန် အားပေးသည့်အသိ ပညာပေးလှုပ်ရှားမှုတစ်ခုကိုလည်း ပြုလုပ်ခဲ့ပါသည်။

ဂီနီဘစ်ဆောနိုင်ငံကျန်းမာရေးဝန်ကြီးဌာနနှင့် UNDP တို့ ပူးပေါင်းပြီး သတင်းအချက်အလက်များမှန်မမှန်စစ်ဆေးသော ဝက်ဆိုက် (www.nobaschecker.org) တစ်ခုကိုတည်ထောင်ခဲ့ပါသည်။ ထိုဝက်ဆိုက်သည် ကိုဗစ်-၁၉ နှင့်စပ်လျဉ်းသည့် ယုံကြည်စိတ်ချနိုင်သော သတင်းအချက်အလက်များကို ပြည်သူများ လက်လှမ်းမီ ရရှိအောင် ကူညီပေးပါသည်။ ဂီနီဘစ်ဆောနိုင်ငံအတွင်းနှင့် ကမ္ဘာတစ်ဝှမ်းမှ သတင်းစာဆရာများ၊ ဆရာဝန်များနှင့် ဘောဂဗေဒပညာရှင်များ စုံလင်စွာ ပါဝင်သည့် အချက် အလက်များ၏ မှန်ကန်မှုကို စိစစ်ပေးမည့် အသိုက်အဝန်းတစ်ခုကို စုစည်းတည်ဆောက်ပေးထား ခြင်းဖြင့် ထိုဝက် ဆိုက်သည် မှန်ကန်သော အချက်အလက်များ၊ စိစစ်အတည်ပြုထား ပြီးဖြစ်သော သတင်းများကို ပံ့ပိုး ပေးနိုင်ပြီး ကပ်ရောဂါအကြောင်း လုပ်ကြံဖန်တီးထားသောသတင်းမှားများကို တိုက်ဖျက်သွားရန်ရည်ရွယ်ပါသည်။

ပွင့်လင်းမြင်သာရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှု

နော်ဝေးနိုင်ငံ၊ အော့စလိုမြို့တော်ရှိ UNDP စီမံအုပ်ချုပ်မှုဆိုင်ရာဗဟိုဌာန၏ ခေတ္တညွှန်ကြားရေးမှူး မာလင်ဟာဝစ်က “ယခုအချိန်မှာ အစိုးရတွေ အသုံးပြုနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေဟာ ပွင့်လင်းမြင်သာမှု၊ သံခင်းတမန်ခင်းနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြစ်ပါတယ်။ အစိုးရတွေဟာ နည်းပညာကိုရိုးရိုးသားသား အသုံးပြုနိုင်တယ်ဆိုတာ  လက်တွေ့ ပြသခြင်းအားဖြင့် စံနမူနာပြ ဦးဆောင်မှုပေးနိုင်ပါကြောင်း၊ အစိုးရများသည် နည်းပညာကုမ္ပဏီကြီးများနှင့် ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဒစ်ဂျစ်တယ်ကို နားလည်တတ်ကျွမ်းစွာ အသုံးပြုနိုင်အောင် ပညာပေးသည့် နိုင်ငံအဆင့် လှုပ်ရှား မှုများကို ပြုလုပ်ခြင်း၊ အချက်အလက်များ၏ မှန်ကန်မှုကို စစ်ဆေးရန် ကြိုးပမ်းလုပ်ဆောင်မှုများအား ကမကထ ပြုပေးခြင်း၊ သတင်းစာဆရာတွေကိုလွတ်လွတ်လပ်လပ်လုပ်ခွင့်ပြုတာတွေလုပ်နိုင်ပါတယ်။ အဆိုပါရင်းနှီးမြှုပ်နှံမှုများ ကနေ အားလုံးပါဝင်မှုရှိတဲ့ အကြားအမြင်ဗဟုသုတများတဲ့ လူမှုအဖွဲ့အစည်းများတွေ၊  ပူးပေါင်းပါဝင်ဆောင်ရွက်ကြတဲ့ နိုင်ငံသားတွေ ပေါ်ထွန်းလာစေမှာဖြစ်တဲ့အတွက် အကျိုးအမြတ်တွေဆပွား တိုးပြီး ပြန်လည်ရရှိခံစားနိုင်မှာပါ။ ” ဟု ပြောကြားသွားပါသည်။

“အစိုးရတွေအနေနဲ့ သတင်းအချက်အလက်တွေကို ဖုံးကွယ်ထားခြင်း၊ အမြင်များကို တင်ပြခွင့်မပြုဘဲဖိနှိပ်ထားခြင်း သို့မဟုတ် ကိုဗစ်-၁၉ ကို အကြောင်းပြုပြီး သွေးကွဲစေခြင်းများကို ပြုလုပ်နေမယ်ဆိုရင် မည်သည့်အကျိုးကျေးဇူးမျှ ရရှိလိမ့်မှာမဟုတ်ပါ။ ယင်းသို့လုပ်ဆောင်နေမည်ဆိုပါက မဝေးတော့တဲ့ အနာဂတ်မှာ မနိုင်ဝန်ကိုရုန်းနေရတဲ့ ကျန်းမာ ရေးစနစ်များ၊ ဒေါသထွက်ပြီး ဝေဝါးထွေပြားနေတဲ့ ပြည်သူများ၊ မနိုင်မနင်း ခွဲဖြန့်ထားရသောလုံခြုံရေးတပ်ဖွဲ့တွေ၊ ပိုပြီး နက်ရှိုင်းတဲ့သွေးကွဲမှုတွေ၊ မညီမမျှတာတွေကို ဖြစ်ပေါ်စေမှာဖြစ်တဲ့အပြင် ရေရှည်မှာ ဒီမိုကရေစီတန်ဖိုးများနဲ့ အခြေခံမူ များ၊ လူ့အခွင့်အရေးများနှင့်လူမှုသဟဇာတဖြစ်မှုတို့ကိုပါ  ဆက်လက်ပွန်းပဲ့တိုက်စားသွားမှာပါ။ ” ဟု မာလင်ဟာဝစ် ကဆက်လက်ပြောကြားသွားပါသည်။

ပြီးခဲ့သည့်လအတွင်းတွင် ကုလသမဂ္ဂအဖွဲ့သည် ‘Verified’  ဟူသော အစီအစဉ်တစ်ခုကို စတင်ခဲ့ပါသည်။ ယုံကြည်ကိုးစားနိုင်သော တိကျသည့် သတင်းအချက်အလက်ထုတ်ပြန်မှုများတိုးတက် များပြားလာစေခြင်း နှင့် ကျယ်ပြန့်စွာ မျှဝေနိုင်မှုတို့ကို တိုးမြှင့်ပေးခြင်းဖြင့် ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအမှားများ ကြီးထွားများပြားလာမှု အန္တရာယ်ကို တိုက်ဖျက်သည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဤအစီအစဉ်တွင် သတင်းအချက်အလက်များကို အကြောင်းအရာသုံးခုဖြင့် မျှဝေပေးသွားမည်ဖြစ်သည်။ ၎င်းတို့မှာ သိပ္ပံပညာ - အသက်များကို ကယ်တင်ရန်၊ စည်းလုံး ညီညွတ်မှု - ပြည်တွင်းနှင့်ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို အားပေးမြှင့်တင်ရန်နှင့် ဖြေရှင်းရန် နည်းလမ်းများ - ကပ်ရောဂါကြောင့် ထိခိုက်ခံစားရသူများကို ပံ့ပိုးကူညီရေး အကြံပြုတိုက်တွန်းပေးရန် ဖြစ်ပါသည်။ ထို့အပြင်အစီအစဉ်တွင် ရာသီဥတုဖောက်ပြန်မှုကို ကိုင်တွယ်ဖြေရှင်းသည့် ပြန်လည်ထူထောင်ရေးအစီအစဉ်များ ကို အားပေးခြင်း၊ ဆင်းရဲနွမ်းပါးမှု၊ တန်းတူညီမျှ မရှိမှုနှင့် ငတ်မွတ်ခေါင်းပါးမှုတို့၏ အကြောင်းရင်းခံများကို ကိုင်တွယ် ဖြေရှင်းခြင်းတို့လည်း ပါဝင်မည်ဖြစ်သည်။ အစီအစဉ်အရ UNDP နှင့် အခြားကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံ အသီးသီးရှိ ကုလသမဂ္ဂဌာနေအဖွဲ့များ (country teams)၊ သြဇာတိက္ကမရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းများ၊ မီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တိကျသော သတင်းအချက်အလက်များကို ဖြန့်ဝေ ပေးသွားမည် ဖြစ်ပြီး ကိုဗစ်-၁၉ နှင့်စပ်လျဉ်း၍ အမုန်းတရားများ၊ ဆိုးကျိုးဖြစ်စေမည့် ပြောဆိုမှုများကို အမြစ်ပြတ် ဖယ်ရှားနိုင်အောင် ဆိုရှယ်မီဒီယာများနှင့် လက်တွဲကာလုပ်ဆောင်သွားမည်ဖြစ်ပါသည်။