ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာ ခနု အော့စ်ဘီ၏ အဖွင့်အမှာ စကား

2019- August 6

(ဓာတ်ပုံ - ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် )

အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် မိတ်ဆက်ခြင်း အခမ်းအနား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ၊ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးဟင်နရီဗန်ထီးယူ၊

လေးစားရပါသော ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု

ကော်မတီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ ကိုယ်စားလှယ်များ၊

ကုလသမဂ္ဂအေဂျင်စီကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်ဆောင်ရွက်သူများ၊

မြန်မာနိုင်ငံ ငလျင်ကော်မတီအဖွဲ့ဝင်များနဲ့ သဘာဝဘေးအန္တရာယ်လျှော့ချရေး

အလုပ်အမှုဆောင်အဖွဲ့ဝင် ဂုဏ်ကျက်သရေရှိ လူကြီးမင်းများခင်ဗျား …..

မင်္ဂလာနံနက်ခင်းပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်

လူကြီးမင်းတို့အားလုံးနဲ့ အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်မိတ်ဆက်ပွဲလို အဓိပ္ပာယ်ရှိလှတဲ့ အခမ်းအနားတစ်ခုမှာ ပါဝင်ခွင့်ရတာကို ဂုဏ်ယူဝမ်းမြောက် မိပါတယ်။

အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံဟာ ဆိုင်ကလုန်းမုန်တိုင်းအပါအဝင် အခြားမုန်တိုင်းတွေ၊ ငလျင်တွေ၊ ဆူနာမီတွေ၊ မြေပြိုမှုတွေ၊ ရေကြီးမှုတွေနဲ့ မိုးခေါင်မှုတွေ အစရှိတဲ့ သဘာကပ်ဘေးတွေကို ခံစားရလေ့ ရှိပါတယ်။

အချက်အလက်တွေအရဆိုရင် ၂၀၁၇ခုနှစ်တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဘေးအန္တရာယ်ညွှန်းကိန်းတွေအရ သဘာဝဘေး အန္တရာယ်နဲ့ ပြင်းထန်တဲ့ ရာသီဥတုတွေရဲ့ အကျိုးသက်ရောက်မှုတွေကို ခံစားရမှုမှာ မြန်မာနိုင်ငံဟာ အဆင့်နံပါတ်(၃) ရှိပါတယ်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ဟာ သဘာဝဘေးအန္တရာယ်တွေ၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရလဒ်တွေနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်တွေ ပြည့်ဝအောင်မြင် နိုင်မှုတွေကြားမှာ သိသာထင်ရှားတဲ့ ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာကို ပြသနေပါတယ်။ သဘာဝ ဘေးအန္တရာယ်တွေဟာ နေရာတိုင်းမှာ ဖြစ်ပွားနိုင်သလို အဲ့ဒီ သဘာဝ ဘေးအန္တရာယ်တွေကြောင့်ပဲ ဘဝဆုံးရှုံးမှုတွေ၊ တန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံ အဆောက်အအုံတွေ ဖြစ်တဲ့ ကျေးလက်ဒေသအခြေခံ အဆောက်အအုံနဲ့ လူတွေရဲ့ အသက်မွေးဝမ်းကျောင်း ပျက်စီးမှုတွေ ဖြစ်လာပြီး ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက် တွေကို အောင်မြင်ဖို့အတွက် အခက်အခဲတွေ ရှိနေတတ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ပြီး ပြန်လည်ထူထောင်ရေးတွေကို လုပ်နေရတာတွေဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးအခြေအနေနဲ့ လူစွမ်းအား အရင်းအမြစ်တွေဟာ သိသိသာသာ နှေးကွေးစေလေ့ရှိပါတယ်။

အဲ့ဒါကြောင့် ကျွန်တော်အနေနဲ့ မြန်မာနိုင်ငံ အစိုးရရဲ့ အမျိုးသားအဆင့် ဥပဒေနဲ့ မူဝါဒပိုင်းဆိုင်ရာ လုပ်ငန်းတွေကို ခိုင်မာလာအောင် လုပ်ဆောင်ခြင်းနဲ့ သဘာဝဘေးအန္တရာယ် လျှော့ချခြင်းဆိုင်ရာ ဆန်ဒိုင်းမူဘောင်မှာ ပါဝင်တဲ့ ဒေသတွင်းဆိုင်ရာနဲ့ အပြည်ပြည်ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေမှာ တက်ကြစွာ ပါဝင်ဆောင်ရွက်ခြင်းတွေကို အားပေးကူညီခြင်းတို့ကနေတစ်ဆင့် သဘာဝဘေးအန္တရာယ်နဲ့ ရာသီဥတုပြောင်းလဲမှုတို့ရဲ့ ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဆောင်ရွက်ဖို့ ကြိုးစားနေတာတွေကို ထောက်ခံအားပေး ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အခုမြန်မာနိုင်ငံ မှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂအဖွဲ့အနေနဲ့ ၂၀၁၇ခုနှစ် မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် လျှော့ချခြင်းဆိုင်ရာ လက်တွေ့လုပ်ဆောင်မှုအစီအစဉ်လို ဥပဒေနဲ့ မူဝါဒပိုင်းဆိုင်ရာ လုပ်ငန်းစဉ်အသစ်တွေရဲ့ ဖွံဖြိုးတိုးတက်ရေး အတွက် နည်းပညာပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ပေးရတာ အင်မတန် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေတွေကို ပူးပေါင်းတုံ့ပြန်နိုင်ဖို့ အခြေခံအဖွဲ့တစ်ခုအနေနဲ့ လက်မှတ်ရေးထိုးထားကြတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ သဘာတူညီမှု (AADMER) မှာ မြန်မာနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒီလိုဖွဲ့ဖြိုးတိုးတက်မှုတွေကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်သူတွေဟာ ဒီကနေ့မှာတော့ သဘာဝ ဘေးအန္တရာယ်တွေ အကြောင်းတွေကို ပိုမိုသိရှိနားလည်လာပြီး ပိုမိုကောင်းမွန်တဲ့ တုံ့ပြန်ဆောင်ရွက်မှုနဲ့အတူ အဆင်သင့် ဖြစ်နေကြပါပြီ။  ဒါပေမယ့် ဒီထက် ပိုပြီး လုပ်ဆောင်လို့ ရပါသေးတယ်။

(ဓာတ်ပုံ - ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် )

ဂုဏ်ကျက်သရေရှိ အမျိုးသမီးများနှင့် လူကြီးမင်းများခင်ဗျား

အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့အဓိက ငလျင်ပြတ်ရွေ့ကြော နှစ်ခုထဲက တစ်ခုဖြစ်တဲ့ စစ်ကိုင်း ပြတ်ရွေ့ကြောပေါ်မှာ တည်ရှိနေတာဖြစ်တဲ့အတွက် ငလျင်ဘေးအန္တရယ်ကို ပိုပြီးတော့ ခံရနိုင်ဖွယ်ရှိပါတယ်။ မှတ်တမ်းတွေအရ မြန်မာနိုင်ငံသမိုင်းဟာ အတိတ်ကာလတွေမှာ အင်အာပြင်းထန်တဲ့ ငလျင်ဒဏ်တွေကို တွေ့ကြုံခဲ့ရသလို ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ငလျင်ဒဏ်တွေကိုလည်း ဆက်လက် ခံစားနေရပါတယ်။ (ဥပမာဆိုရ မယ်ဆိုရရင် ငလျင်ခြေရာခံ အင်တာနက် စာမျက်နှာတစ်ခုအရ ပြင်းအားအဆင့် (၅)အောက်မှာရှိတဲ့ ငလျင်ငယ် ပေါင်း (၄၈)ခုကို မနှစ်က ခံစားခဲ့ရပါတယ်။ ၂၀၁၆ခုနှစ် သြဂုတ်လမှာဆိုရင် ပြင်းအား (၆.၈)အဆင့်ရှိတဲ့ ငလျင်တစ်ခုဟာ ချောက်မြို့နားမှာ လှုပ်ခတ်ခဲ့ပါတယ်။ အဆိုပါ ငလျင်ကြောင့်ပဲ ပုဂံမြို့မှာရှိတဲ့ သမိုင်းဝင်ဘုရားတွေဟာ သိသိသာသာပျက်စီးဆုံးရှုံးခဲ့ပြီး အမျိုးသားတစ်ယောက်ဟာ အဆောက်အဦပြိုကျမှု တစ်ခုထဲမှာ သေဆုံးခဲ့ပါတယ်။

ငလျင်ဟာ အခြားသော သဘာဝဘေးအန္တရာယ်ကနေ ကွဲပြားခြားနားပါတယ်။ ငလျင်ဟာ ကြိုတင်မသိနိုင်ဘဲ အချိန်မရွေး လှုပ်ခတ်နိုင်ပါတယ်။ အင်အားပြင်းထန်တဲ့ ငလျင်တွေဟာ အဖျက်စွမ်းအားကြီးပြီး လူတွေအနေနဲ့ ကြိုတင်ပြင်ထားမှုမရှိဘူးဆိုရင် ကြီးမားတဲ့ အန္တရာယ်တွေနဲ့ တွေ့ကြုံနိုင်ပါတယ်။ မြို့ကြီးပြကြီးတွေမှာ နေထိုင်တဲ့ လူဦးတွေ သိပ်သည်းတိုးပွားလာမှုနဲ့ အားနည်းတဲ့ မြို့ပြဆိုင်ရာ အခင်းအကျင်းတွေ၊ အခြေခံအဆောက်အအုံ တွေကြောင့် မြို့ပြဒေသတွေမှာ လှုပ်ခတ်နိုင်တဲ့ ငလျင်ဘေးအန္တရာယ်ဟာ ပိုမိုမြင့်တက်လာတာကိုတွေ့ရပါတယ်။

လေးစားရပါသော အထူးဧည့်သည်တော်များ၊ ဂုဏ်ကျက်သရေရှိ အမျိုးသမီးများနှင့် လူကြီးမင်းများခင်ဗျား

မြန်မာနိုင်ငံမှာ ငလျင်ဒဏ်အတွက် ကြိုတင်ပြင်ဆင်မှုနဲ့ တုံ့ပြန်ဆောင်ရွက်နိုင်မှုဆိုင်ရာ အမျိုးသားအဆင့် စွမ်းဆောင်ရည်တည်ဆောက်မှုတွေ လုပ်ဆောင်တဲ့ နေရာမှာ အားကျဖွယ် တိုးတက်ပြောင်းလဲမှုတွေကို တွေ့မြင်ရတာ ကျွန်တော့်အနေနဲ့ အရမ်းပဲ စိတ်အားတက်မိပါတယ်။ ဒါ့ကြောင့် ကျွန်တော့် အနေနဲ့ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ ခေါင်းဆောင်မှုကို အသိအမှတ်ပြုပါတယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကနေ စတင်လုပ်ဆောင်ခဲ့တဲ့ ဒီနေ့မိတ်ဆက်ခဲ့တဲ့ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီရဲ့ လမ်းညွှန်မှုအောက်က အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်ဟာ ဆွေးနွေးတိုင်ပင်မှုဖြစ်စဉ်ကို အခြေခံပြီး ဖွံ့ဖြိုးတိုးတက်ဆောင်ရွက်လျက် ရှိပါတယ်။ အဆိုပါ ဖြစ်စဉ်မှာ အစိုးရဌာနဆိုင်ရာတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်တွေ၊ ကုလသမဂ္ဂအေဂျင်စီတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံငလျင်ကော်မတီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအဖွဲ့အစည်းနဲ့ သဘာဝဘေးအန္တရာယ် လျှော့ချရေးဆိုင်ရာ လုပ်ငန်းအဖွဲ့တွေလို သီးသန့်လုပ်ဆောင်တဲ့ အဖွဲ့တွေလည်း ပါဝင်ပါတယ်။

အမျိုးသားအဆင့် ငလျင်ဒဏ်ခံနိုင်ရေး စမ်းသပ်လုပ်ဆောင်မှုကို ငလျင်ဒဏ်တုံ့ပြန်ဆောင်ရွက်မှု အတွက် စံချိန်စံညွှန်းပိုင်းဆိုင်ရာ လည်ပတ်လုပ်ဆောင်မှု အဆင့်ဆင့် ရေးဆွဲစမ်းသပ်ဖို့ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလက ဆောင်ရွက်ခဲ့ပြီး ရှာဖွေတွေ့ရှိတဲ့ လိုအပ်ချက်တွေကို ဖြေရှင်းဆောင်ရွက်မယ့် ညှိနှိုင်းမှုတွေကို ဆောင်ရွက်လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်အနေနဲ့ ပါဝင်ပတ်သက်လုပ်ဆောင်သူတွေ သူတို့ရဲ့ အခန်းကဏ္ဍနဲ့ တာဝန်ဝတ္တရားတွေကို ဆက်လက်သိနေစေဖို့အတွက် ဒီလိုလေ့ကျင့်ဆောင်ရွက်မှုတွေကို ကြားကာလတွေမှာ ဆက်လက်လုပ်ဆောင်သွားစေချင်ပါတယ်။

လေးစားရပါသော ဒုတိယသမ္မတကြီး၊ ဂုဏ်ကျက်သရေရှိ အမျိုးသမီးများနှင့် လူကြီးမင်းများ ခင်ဗျား

အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်ဟာ မြန်မာနိုင်ငံအတွက် အင်မတန်မှ အရေးကြီးလှပါတယ်။ ဒီအစီအစဉ်ဟာ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီရဲ့ ကြိုတင်ဆောင်ရွက်မှုနဲ့ တုံ့ပြန်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို အားပေးနေပြီး အရင်ကထက်ပိုပြီး ခိုင်မာလာ စေပါတယ်။ ပြီးတော့ ဒီအစီအစဉ်ဟာ ကော်မတီရဲ့ တုံ့ပြန်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို ဖော်ပြလျက်ရှိပြီး တုံ့ပြန်ဆောင်ရွက်မှု အဆင့်ဆင့်မှာ ရှိတဲ့ လည်ပတ်လုပ်ဆောင်ရေးကော်မတီတွေရဲ့ လုပ်ဆောင်ချက်တွေကိုပါ ဖော်ပြနေပါတယ်။ ဒီအစီအစဉ်ရဲ့ ပန်းတိုင်ကတော့ လူတွေပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာထိခိုက်မှုတွေကို လျှော့ချနိုင်ဖို့၊ ထိခိုက်ဒဏ်ရာရမှုနဲ့ အသက်ဆုံးရှုံးမှုတွေ လျှော့ချနိုင်ဖို့နဲ့ သဘာဝဘေးဒဏ်ခံရတဲ့ ဒေသကလူတွေကို အချိန်မီ ပြန်လည်ထူထောင်ဖို့ပဲ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူရဲ့ ဦးဆောင်မှုအောက်မှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီကို အစီအစဉ်ရဲ့ အောင်မြင်တိုးတက်မှုအတွက် ဂုဏ်ပြုပါတယ်။

ကုလသမဂ္ဂအနေနဲ့ ဒီအစီအစဉ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးအားမြှောက် ပြုပေးလျက်ရှိတာနဲ့ ပတ်သက်ပြီး ဝမ်းမြောက်မိပါတယ်။ ဒါ့အပြင် အဲ့ဒီအစီအစဉ် အောင်မြင်ဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ ပေးတဲ့ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလက်အောက်မှာ ရှိတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနနဲ့ အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုပါတယ်။ ကုလသမဂ္ဂအနေနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနနဲ့ ပူးပေါင်းချိတ်ဆက်မှုတွေ ပိုပြီးအားကောင်းလာစေဖို့ ဆက်လက်ပြီး အစဉ်တစိုက်အလေးအနက်ထား လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

စီမံကိန်းအစီအစဉ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘဏ္ဍာရေးပိုင်းကို ထောက်ပံ့ပေးခဲ့တဲ့ ဥရောပကော်မရှင် - ဥရောပအရပ်သားအခွင့်အရေး ကာကွယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုအဖွဲ့ (ECHO) ရဲ့ ဆောင်ရွက်ကူညီပေးမှုတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားချင်ပါတယ်။

နောက်ဆုံး နိဂုံးချုပ်အနေနဲ့ သဘာဝဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့၊ မြန်မာနိုင်ငံငလျင် ကော်မတီနဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း စတဲ့အဖွဲ့တွေကို သူတို့ရဲ့ တန်ဖိုးထားလုပ်ဆောင်မှုနဲ့ တန်ဖိုးမဖြတ် နိုင်တဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီစီမံကိန်းအစီအစဉ်ကနေ မြန်မာပြည်သူတွေ ကောင်းကျိုးခံစားရတာတွေကို မျက်ဝါးထင်ထင် မြင်တွေ့လာနိုင်မယ်လို့ မျှော်လင့် ပြီး ငလျင်ဒဏ်ခံနိုင်ရေး တည်ဆောက်မှုတွေမှာလည်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ ကျွန်တော်တို့နဲ့ လာရောက်ပူးပေါင်းပြီးတော့ ဒီ အရေးကြီးတဲ့ စာတမ်း မိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပခွင့်ရတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ထပ်မံပြောကြားချင်ပါတယ်။