ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ အုပ်ချုပ်ရေးမှူး အာချင်စတိန်နာ၏ ကိုဗစ်-၁၉ အတွက် လူသားချင်းစာနာထောက်ထားမှုအစီအစဉ်နှင့်စပ်လျဉ်းသည့် ထုတ်ပြန် ချက်

2020- March 25

Photo: UNDP/Andrew Hein

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရတ်ရှ်သည် ကမ္ဘာပေါ်ရှိ ထိခိုက်လွယ်မှု အရှိဆုံးသော နိုင်ငံအချို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါကို တွန်းလှန်နိုင်ရန်အတွက် ဒေါ်လာ ၂ ဘီလျှံ သုံးစွဲ မည့် ကမ္ဘာလုံးဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု အစီအစဉ်ကို ထုတ်ပြန်လိုက်ပါသည်။ ဤအစီအစဉ်သည် လူသန်းပေါင်းများစွာကို ကာကွယ်စောင့်ရှောက်ရန်နှင့် ဤဗိုင်းရပ်စ်ပိုး အနေဖြင့် ကမ္ဘာကြီးအား နောက်တစ်ဖန် ဒုက္ခပြန်လည်ပေးခြင်းမှ တားဆီးနိုင်ရန် ရည်ရွယ်ပါသည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) သည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး (OCHA) ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) တို့ အပြင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အသိုင်းအဝန်းတို့နှင့် အတူလက်တွဲကာ  ယခင်က တစ်ခါဖူးမျှ မကြုံခဲ့ဖူးသည့် ခြိမ်းခြောက်မှုကြီးကို စည်းလုံးညီညွတ်စွာ အရေးတကြီး တုံ့ပြန်တိုက်ဖျက်ကြရန် နိုင်ငံတကာ မိသားစုအား တိုက်တွန်းလိုက်ပါသည်။  

ဤကမ္ဘာ့ကပ်ရောဂါကြီးသည် နိုင်ငံပေါင်း ၁၈၅ နိုင်ငံတွင် ကူးစက်ပြန့်ပွားနေပြီဖြစ်ကာ  လူသန်းပေါင်း များစွာကို ထိခိုက်စေခဲ့ပြီး ဖြစ်ပါသည်။ ဤမျှအတိုင်းအတာဖြင့် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လာသည့် အန္တရာယ်တစ်ခုကို ရင်ဆိုင်ရန် တစ်ကမ္ဘာလုံး စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြဖို့ လိုအပ်ပြီး ကြီးမားပြန့်ပွားလာသည့် ဤအကျပ်အတည်းကြီးကို ထိခိုက်လွယ်မှု အရှိဆုံးနိုင်ငံများ ရင်ဆိုင်ကျော်လွှားရန် ကြိုးပမ်းနေမှုတွင် ဝိုင်းဝန်းပံ့ပိုးပေးကြရမည် ဖြစ်ပါသည်။

ပဋိပက္ခများ၊ သဘာဝဘေးများနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် အကျပ်အတည်း ကျရောက်နေကြသည့် နိုင်ငံများသည် အန္တရာယ်ကျရောက်နိုင်ခြေ အများဆုံး အနေအထားတွင် ရှိနေပါသည်။

ကျွန်ုပ်တို့သည် ကျန်းမာရေးဆိုင်ရာ လက်ငင်းတုံ့ပြန်ဆောင်ရွက်မှုများ ပိုမို အားကောင်းလာအောင် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါသည်။ အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်များ အားနည်းသည့် နေရာများတွင်ဖြစ်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် လူသူထူထပ်ကျပ်ညပ်နေသော စခန်းများတွင် နေထိုင်နေရသည့် သန်းပေါင်းများစွာသော ပြည်တွင်းနေရပ်စွန့်ခွာပြောင်းရွှေ့သူများနှင့် ဒုက္ခသည်များ ၏ရှင်သန်ရေးအတွက် အကူအညီများကို မပြတ်လပ်အောင် ဆက်လက်ပံ့ပိုး ဖြည့်ဆည်းပေးသွားရမည် ဖြစ်ပါသည်။ ကမ္ဘာကြီး မည်မျှကြံ့ကြံ့ခံနိုင်မည် ဆိုသည့်အချက်မှာ ကျွန်ုပ်တို့၏ အားအနည်းဆုံးသော ကျန်းမာရေးစနစ်သည် မည်မျှစွမ်းဆောင်နိုင်မည် ဆိုသည့်အပေါ်တွင် မူတည်နေပါသည်။  

ကိုဗစ်-၁၉ သည် အလွန်တရာကြီးမားသည့် ကျန်းမာရေး အကျပ်အတည်းတစ်ခု ဖြစ်သလို လူသားချင်း စာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျပ်အတည်းလည်း ဖြစ်ပါသည်။ ဤကပ်ရောဂါသည် လွန်ခဲ့သော အနှစ် ၂၀ ကျော်အတွင်း ရရှိထားသည် ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များကို နောက်ပြန်လှည့် စေပြီး လာမည့်နှစ်များတွင် နက်ရှိုင်းသော ဒဏ်ရာဒဏ်ချက်များ ထင်ကျန်စေနိုင်သည့် ဆိုးရွားပြင်းထန်သော လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းများကို ဖန်တီးဖြစ်ပေါ်လာစေရန် ခြိမ်းခြောက်နေပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အနည်းဆုံးဝင်ငွေ အမေရိကန်ဒေါ်လာ ၂၂၀ ဘီလျှံ ဆုံးရှုံးနိုင်ပြီး ကမ္ဘာ့ အဆင်းရဲအနွမ်းပါးဆုံးနှင့် ထိခိုက်လွယ်မှုအရှိဆုံး နိုင်ငံအချို့တွင် အလုပ်အကိုင်များ ဆုံးရှုံးပြီး စက်ရုံများ ပိတ်သိမ်း၍ အစိုးရများ အပြင်းအထန် ရုန်းကန်ကြရမည် ဟူသောအဓိပ္ပါယ်ပင် ဖြစ်ပါသည်။

WHO ၏ မိတ်ဖက် ဖြစ်သော ကျွန်ုပ်တို့ UNDP သည် အစိုးရများနှင့် ပူးပေါင်းလက်တွဲ၍ ၎င်းတို့၏ အရေး အကြီးဆုံး ကျန်းမာရေးစနစ် လိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများ၏ ပြန်လည်ထူထောင်ရေး လိုအပ်ချက်များကို တုံ့ပြန်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် ဆောင်ရွက်နေပါသည်။

UNDP သည် အဆင်းရဲအနွမ်းပါးဆုံးနှင့် ထိခိုက်လွယ်မှုအရှိဆုံးသောသူများနှင့်အတူ ရပ်တည်လာ ခဲ့သည်မှာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီဖြစ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် ဤအကျပ်အတည်းကြီးကို အတူတကွ ကြံ့ကြံ့ခံရင်ဆိုင်ကာ အတူတကွ ပြန်လည် ထူထောင်တည်ဆောက်ကြပါမည်။

-- အာချင်စတိန်နာ၊ UNDP အုပ်ချုပ်ရေးမှူး