ဒေါ်မိုးမိုးအေး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ကိုကိုးကျွန်းမြို့နယ်။

2019- June 14

၁၉၉၃ ခုနှစ်၌ ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ရပ်ကွက်စာရေး (၁) အနေဖြင့် စတင်အမှုထမ်းခဲ့သော ဒေါ်မိုးမိုးအေးမှာ နောင် ၂၅ နှစ်ကြာသည့်အခါ မြန်မာနိုင်ငံ၏ ပထမဆုံးသောအမျိုးသမီးမြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်လာလိမ့်မည်ဟု မှန်းဆဖူးမည်မဟုတ်ချေ။  

၂၀၁၈ ခုနှစ် ၁၀ လပိုင်း ၂၉ ရက်နေ့တွင် အသက် ၄၇ နှစ်အရွယ်ရှိ ဒေါ်မိုးမိုးအေးမှာ ကိုကိုးကျွန်းမြို့နယ်၏ မြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်ခံရသည်။ ၁၉၉၃ ခုနှစ်၌ ထွေအုပ်ဦးစီးဌာနတွင် စတင်အမှုထမ်းခဲ့ပြီး ၂၀၀၃ နှင့် ၂၀၁၃ ခုနှစ်များအတွင်း ဗိုလ်တထောင် ၊ ကျောက်တံတား ၊ ဆိပ်ကြီးခနောင်တို မြို့နယ်များရှိ မြို့နယ်ထွေအုပ်ဦးစီးဌာနများတွင် လည်းကောင်း ၊  ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်လည်း ဒုတိယဦးစီးအရာရှိအနေဖြင့်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ၂၀၁၃ တွင် ဦးစီးအရာရှိအဆင့်သို့ ရာထူးတိုးမြှင့်ခံရသည်။ ကိုကိုးကျွန်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၁၄ မှ  ၂၀၁၈ ခုနှစ်အထိ တာဝန်ပေးအပ်ခြင်းခံရသည်။ ထို့နောက် ၂၀၁၈ ဧပြီလတွင် လက်ထောက်ညွှန်ကြားရေးမှူးအဆင့် ရာထူးတိုးခဲ့ပြီး ပုသိမ်ခရိုင် ထွေအုပ်ဦးစီးရုံးသို့ ပြောင်းရွှေ့နေရာချထားခံရသည်။ ၂၀၁၈ အောက်တိုဘာတွင် ကိုကိုးကျွန်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံရရာ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အမျိုးသမီးမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။     

ကိုကိုးကျွန်းမြို့နယ်မှာ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်တွင် တည်ရှိပြီး ရပ်ကွက် (၂) ခု ဖြင့် ဖွဲ့စည်းထားကာ လူဦးရေ ၁၁၁၉ ရှိသည်။ မြို့နယ်၏ အဓိကစီးပွားရေးလုပ်ငန်းများမှာ ရေလုပ်ငန်းနှင့် သစ်ထွင်းပန်းပုလုပ်ငန်းဖြစ်သည်။ ကိုကိုးကျွန်းမှာ သူမ၏ ဇာတိမြို့ဖြစ်ပြီး မိဘများနှင့်အတူနေထိုင်လျက်ရှိသည်။ ရပ်ကွက်စာရေးလေးအဆင့်မှ မြို့နယ်အုပ်ချုပ်ရေးမှူးအဆင့်တိုင်အောင် အဆင့်ဆင့်ရာထူးတိုးမြှင့်ခံရပြီး သူမ၏ ဝန်ထမ်းသက်တမ်း ၂၅ နှစ်အတွင်း ရန်ကုန်တိုင်းနေရာအနှံ့အပြား၌ တာဝန်ထမ်းဆောင်ခဲ့သော ဒေါ်မိုးမိုးအေးက မြို့နယ်အုပ်ချုပ်ရေးမှူး၏ လုပ်ငန်းသဘောသဘာဝကို ဤသို့ပြောပြခဲ့သည် -

“မြို့နယ်အုပ်ချုပ်ရေးမှူးအလုပ်က အလွန်အရေးကြီးပါတယ်။ မြို့နယ်ခေါင်းဆောင်တာဝန်ယူရပြီးတော့ အဓိကတာဝန်ကတော့ တမြို့နယ်လုံးကို ချိတ်ဆက်ပေးရပါတယ်။ ဒါ့အပြင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ၊ မြို့နယ်ပညာရေးကော်မတီ ၊ မြို့နယ်ကျန်းမာရေးကော်မတီ ၊ မြို့နယ်စီမံကိန်းနဲ့အကောင်အထည်ဖော်ရေးကော်မတီ စတာတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးက နာယကပြုရပါတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အမိန့်တွေ ၊ ညွှန်ကြားချက်တွေ ၊ လုပ်ငန်းစဉ်တွေနဲ့အညီ ပါလီမန်အဖွဲ့ဝင်တွေ ၊ မြို့မိမြို့ဖတွေ ၊ အစိုးရဌာနတွေ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ တွဲဖက်လုပ်ကိုင်ရပါတယ်။”

အမျိုးသမီးမြို့နယ်အုပ်ချုပ်ရေးမှူးတဦးအဖြစ် လုပ်ကိုင်ရာတွင် စိန်ခေါ်ချက်ကြီးကြီးမားမား မရှိကြောင်း ဒေါ်မိုးမိုးအေးက ပြောသည်။ ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နှင့် ထိုမှတဆင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး တိုက်တွန်းအားပေးနိုင်ရန်အတွက် သူမအနေဖြင့် အများတကာ၏ အတွေးအမြင်နှင့် အကြံဉာဏ်များကို နားလည်ရန်ကြိုးစားရုံမျှမက ဆွေးနွေးတိုင်ပင်လေ့ရှိသည်။ အမျိုးသမီး ပြည်သူ့ဝန်ထမ်းတဦးဖြစ်သည့်အားလျော်စွာ မြို့နယ်အတွင်း ဖွဲ့စည်းသောကော်မတီများတွင် အမျိုးသမီးများ ကိုယ်စားပြုပါဝင်ကြရန် တတ်စွမ်းသရွေ့ တိုက်တွန်းနှိုးဆော်လေ့ရှိသည်။

သူမအား အားပေးပံ့ပိုးသည့်အပြင် အမျိုးသမီးမြို့နယ်အုပ်ချုပ်ရေးမှူးတဦးအနေဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်များ နှင့် အမျိုးသားမြို့နယ်အုပ်ချုပ်ရေးမှူးများအား ကျေးဇူးတင်ရှိကြောင်း သူမက ဖော်ထုတ်ပြောဆိုသည်။ သူမ၏ခင်ပွန်း ဦးမောင်မောင်မှာလည်း ထွေအုပ်တွင် ဦးစီးအရာရှိအဖြစ် တာဝန်ထမ်းလျက်ရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် ဇနီးသည်ဖြစ်သူ ရာထူးတိုးမြှင့်ခံရသည့်အပေါ် ဂုဏ်ယူသည်။ တတ်နိုင်သလောက် သူမအား ပံ့ပိုးပေးရန် အသင့်ရှိနေမည်ဖြစ်ကြောင်း ပြောသည်။

၂၀၁၆ တွင် UNDP က ကုန်ကျစရိတ်ကျခံပေးသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအတွက် စွမ်းဆောင်ရည်ပျိုးထောင်မြှင့်တင်မှု နည်းပြသင်တန်းသို့ ပူးပေါင်းခဲ့သည့်အပြင် UNDP ၏ စီစဉ်မှုဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှ ၉ ရက်အထိ ပြုလုပ်သော ရပ်ကျေးအုပ်ချုပ်ရေးမှူးအတွက် စွမ်းဆောင်ရည်ပျိုးထောင်မြှင့်တင်မှု ပရိုဂရမ်တွင်လည်း ပံ့ပိုးပေးသူအဖြစ်သာမက သင်တန်းတက်ရောက်သူအဖြစ်ပါ ပူးပေါင်းပါဝင်ခဲ့သည်။     

“အမျိုးသမီးရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အစွမ်းအစရှိကြပြီးသားပါ။ သူတို့အနေနဲ့ ထိထိရောက်ရောက်ပေါင်းစပ်ညှိနှိုင်းတတ်အောင် သင်ယူဖို့သာ လိုအပ်နေကြတာပါ။ ပရိုဂရမ်က ဖြန့်ဝေပေးတဲ့ ဗဟုသုတတွေက သူတို့အလုပ်တွေမှာ လက်တွေ့ထည့်သွင်းလုပ်ကိုင်ကြဖို့ အလွန်ဆီလျော်ပါတယ်။ ပေါင်းစပ်ညှိနှိုင်းရေးအတွက် အသုံးချနိုင်တဲ့ အယူအဆတွေနဲ့ အတွေးအခေါ်တွေကို နောင်လာမဲ့ စွမ်းဆောင်ရည်ပျိုးထောင်မှုပရိုဂရမ်တွေမှာလည်း ဝေမျှပေးနိုင်ရင် ပိုအသုံးဝင်ပါလိမ့်မယ်။” ဟု ပရိုဂရမ်အပေါ် သူမ၏ အမြင်အား ထုတ်ပြောသည်။

အမျိုးသမီးမြို့နယ်အုပ်ချုပ်ရေးမှူးတဦးအဖြစ် ခန့်အပ်ခံရခြင်းအတွက် သူမက အလွန်ပျော်ရွှင် ဂုဏ်ယူသည်။ ဌာနခေါင်းဆောင်ပိုင်းက သူမအပေါ်ထားရှိသည့် ယုံကြည်မှုနှင့် သူမ၏ဇာတိမြို့ တွင် အမျိုးသမီးမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် အမျှော်အမြင်ရှိရှိ ခန့်ထားခဲ့သည့်အတွက် အမျိုးသမီးတဦးကလည်း မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်ထမ်းနိုင်ကြောင်း သက်သေပြနိုင်သည် ဖြစ်ရာ အလွန်ပင် တန်ဖိုးထားရသည်ဟု သူမက ပြောသည်။ ရပ်ရွာလူထုအတွက် သူမတတ်စွမ်းသမျှ တာဝန်ထမ်းဆောင်မည်ဟု ကတိပြုသည့်အပြင် အနာဂတ်၌ အမျိုးသမီးမြို့နယ်အုပ်ချုပ်ရေးမှူး ပိုများလာစေရေး သူမက ဆန္ဒပြုသည်။
 

ဆက်နွယ်သည့် စီမံချက်

မြို့နယ် ဒီမိုကရေစီနည်းလမ်းကျ ဒေသန္တရအုပ်ချုပ်ရေး (TDLG)
မြို့နယ်နှစ်ပတ်လည် စီမံကိန်းနှင့် ရသုံးမှန်းခြေငွေစာရင်း ရေးဆွဲခြင်းအပေါ် ဒေသခံလူအများ၏ ဩဇာသက်ရောက်စေရေး လွှတ်တော်အဖွဲ့ဝင်များ ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်မှူးများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြစ်ကြသည့် ရွေးကောက်ခံကိုယ်စားလှယ်များထံမှတဆင့် ပြောရေးဆိုခွင့်ပေးခြင်းဖြင့် ဒီမိုကရေစီနည်းလမ်းကျဒေသန္တရအုပ်ချုပ်ရေးကို စီမံချက်က တက်ကြွစွာ ပံ့ပိုးပေးလျက်ရှိသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဗဟိုဦးစီးစနစ်လျော့ချရေး လုပ်ငန်းအစီအစဉ်အား ရှေ့တိုးဆောင်ရွက်နိုင်ရန် ဒီမိုကရေစီနည်းကျဒေသန္တရအုပ်ချုပ်ရေးဝါဒမူဘောင်ရေးဆွဲရာတွင် စီမံချက်က တတပ်တအား ပါဝင်အားဖြည့်ပေးလျက်ရှိသည်။