မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတွက် တုံ့ပြန်ဆောင်ရွက်နေစဉ် ရာသီဥတုပြောင်းလဲမှု နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေးအား ဦးစီးဦးဆောင်ပြု၍ ဆန်းသစ် တီထွင်မှုဖြင့် ဆောင်ရွက်နိုင်စေရေး လူငယ်များ စွမ်းပကား မြင့်မားလာအောင် ကူညီပံ့ပိုးပေးခြင်း

2020- August 12

ကျော်ဇင်ထက် (ဝဲဖက်အစွန်ဆုံး) အား စိမ်း အဖွဲ့သားများနှင့်အတူ တွေ့ရစဉ်

သဘာဝကို ထိန်းသိမ်းကာကွယ်ရန်နှင့် ရပ်ရွာ လူမှုအသိုင်းအဝိုင်းများမှ သဘာဝပတ်ဝန်းကျင် နှင့် အရင်းအမြစ်များကို စီမံအုပ်ချုပ်လုပ်ကိုင်မှု များကို အားပေးရန် ကမ္ဘာအနှံ့အပြားရှိ ရပ်ရွာ လူမှု အသိုင်း အဝိုင်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရတို့မှ ဝိုင်းဝန်း လုပ်ဆောင်ကြရန် လိုအပ်နေပြီဆိုသည်ကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီးကသတိပေးနေပါသည်။ မြင့်မြတ်လှသော ဤရည်မှန်းချက်ကို ပြည့်မီအောင် ကြိုးပမ်း အား ထုတ်ကြရမည် ဆိုသည်ကို လူတိုင်းက သဘောတူ ညီကြသော်လည်း နေ့စဉ်နှင့်အမျှ ရင်ဆိုင်ကြုံတွေ့ ကြရသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် လက်တွေ့ကျပြီး ဆန်းသစ်တီထွင်မှုရှိသော နည်းလမ်းများကို ရှာဖွေနိုင်ဖို့ဆိုလျှင် အတွေးအကြံကောင်းများ ထုတ်ခြင်းနှင့် ထွက်ပေါ်လာသော အတွေးအကြံများကို လက်တွေ့အကောင်အထည်ဖော်ရန် သာမန်ထက်ထူးကဲစွာ နှစ်မြှုပ်အားထုတ်လိုမှုတို့လိုအပ်သလို အတွေးအကြံသစ်များကို မျိုးစေ့ချပေးနိုင်သည့်၊ ပြုစုပျိုးထောင် ပေးနိုင်သည့်၊ အားပေးမြှင့်တင်နိုင်သည့် ဝန်းကျင်တစ်ခုကို ဖန်တီးပေးရန်လည်း လိုအပ်ပါသည်။ ကျော်ဇင်ထက် သည် UNDP နှင့် Ooredoo မြန်မာတို့ ပူးပေါင်း၍ ရာသီဥတုပြောင်းလဲမှု ခေါင်းစဉ်ဖြင့် စီစဉ်ကျင်းပ ပေးခဲ့သော ၂၀၁၉ ခုနှစ် Hackathon တွင် ဆုရရှိခဲ့သူများထဲမှ တစ်ဦးဖြစ်ပါသည်။Sein Platform ဟု ခေါ်သော app တစ်ခုကို ရေးဆွဲရန် ကျော်ဇင်ထက်၏ ဆန်းသစ်တီထွင်သည့် အတွေးအကြံတို့သည် လူအများ (အထူးသဖြင့် လူငယ်များ) အား တစ်ဦးချင်းစီဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ သဘာဝကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ပါဝင်ကူညီပေးရန် ထက်သန်စွာ တိုက်တွန်း အားပေး၍ ထိုလုပ်ဆောင်မှုများအားလုံးကို ချိန်ကိုက်လှုပ်ရှားခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုအတွက် လူထုလှုပ်ရှားမှုကြီးတစ်ခု ဖြစ်လာအောင် ဆောင်ရွက်ရန် ဖြစ်ပါသည်။

ကျော်ဇင်ထက်သည် ထိုသို့ ဆန်းသစ်တီထွင်သော app တစ်ခုကို ရေးဆွဲရန် အကြံကို လွန်ခဲ့သော နှစ်အနည်းငယ်က တောရွာဘက်ရှိ ဆွေမျိုးများထံ သွားရောက်လည်ပတ်စဉ်က ရရှိခဲ့ခြင်း ဖြစ်ပါ သည်။ ဆွေမျိုးများ နေထိုင်ရာ ရွာသို့ သွားသည့် လမ်းတစ်လျှောက်တွင် လမ်းဘေးအမှိုက်ပုံများနှင့် အသုံးပြုပြီး ပလတ်စတစ်အိပ်များနှင့် ပြည့်နေသော ရေကန်များ အမြောက်အမြားကို ဖြတ်သန်း သွားခဲ့ရပုံကို ကျော်ဇင်ထက်တစ်ယောက် အမှတ်ရနေခဲ့သည်။ ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာ သည် တဖြည်း ဖြည်းကြီးထွားလာနေပြီဆိုသည်ကို သူ ထိတ်လန့်တကြားသိရှိလာခဲ့ရသည်။ပလတ်စတစ်များသည် မြေဆီလွှာထဲရောက်သွားပြီးလျှင် ပျက်စီးရန် ခက်ခဲပြီး အစိုင်အခဲစွန့်ပစ်ပစ္စည်းအဖြစ် နှစ်ပေါင်း ၁,၀၀၀ အထိ ကျန်ရှိနေနိုင်ပါသည်။ “အချိန်ကြာ လာတာနဲ့အမျှ ပလတ်စတစ်အိတ်တွေဟာ မြေဆီလွှာကို ပျက်စီးစေပြီး မြေဆီဩဇာခမ်း ခြောက်လာစေမယ်။ ဒါဆို စိုက်လို့ပျိုးလို့ရတော့မှာမဟုတ်ဖူး။ ရေထဲမှာ ဆိုရင်လဲအပိုင်းအစသေးသေးလေးများအဖြစ် ရေစီးဆင်းမှုလမ်းကြောင်းများကို ပိတ်ဆို့တားဆီးပြီး ပတ်ဝန်း ကျင်ကို ညစ်ညမ်းစေမှာပါ။” ဟု ကျော်ဇင်ထက်က ပြောပြပါသည်။

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် သတ္တုတွင်းအင်ဂျင်နီယာဘာသာရပ်အား လေ့လာသင်ယူနေ သော ကျော်ဇင်ထက်သည် လူသားများ၏ နည်းပညာများကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုး သက် ရောက်ပုံကို လေ့လာဖတ်ရှုရပါသည်။ ကျော်ဇင်ထက်သည် လေ့လာသင်ယူထားသည်များကို လက်တွေ့ အသုံးချခြင်းအား ထက်သန်မြတ်နိုးသော ကျောင်းသားတစ်ဦး ဖြစ်သည်နှင့်အညီ ထိုအကြောင်းအရာများ ကို တက္ကသိုလ်မှ ဘွဲ့ရရန်အတွက်သာမက လက်တွေ့ဘဝတွင်ရင်ဆိုင်နေရ သော စိန်ခေါ်မှုများကို ကျော်လွှားနိုင်အောင် အသုံးချရန်အတွက်ပါ လေ့လာနေခြင်း ဖြစ်ပါသည်။ ဆွေမျိုးများ၏ ရွာသို့ သွားရောက်ခဲ့ပြီးသည့်နောက်တွင် သူသည် စွန့်ပစ်ပစ္စည်းများနှင့် စွန့်ပစ် ပစ္စည်းများအား ပတ်ဝန်းကျင် ကို မထိခိုက်စေဘဲ ရေရှည်တည်တံ့နိုင်သော နည်းလမ်းဖြင့် စီမံ ခန့်ခွဲမှုတို့ကို အထူးပင် စိတ်ပါဝင်စား လာခဲ့ပါသည်။“စွန့်ပစ်ပစ္စည်းတွေက ပတ်ဝန်းကျင်ကို မည်သို့ ထိခိုက်စေပုံ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို လျှော့ချပေးနိုင်မည့် ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ဆောင်ချက်များကို မည်သို့ အားနည်းချိနဲ့စေပုံ တတွေအကြောင်း(တက္ကသိုလ်) စာကြည့်တိုက် နှင့် အွန်လိုင်းမှာ ကျနော်အများကြီးဖတ်ခဲ့ပါတယ်။” ဟု ကျော်ဇင်သက်က ပြန်ပြောင်းပြောပြပါသည်။ သူ့အနေဖြင့် ယခုထက်ပို၍ လုပ်ဆောင်ရန် မဖြစ်မနေ လိုအပ်သည်ဟု ခံစားခဲ့ရ ကြောင်း ဆိုပါသည်။ ၂၀၁၉ ခုနှစ် Hackathon ပြိုင်ပွဲကြီးကို ကျင်းပရန် ကြေညာချက်နှင့်အတူ ကျော်ဇင်ထက်အတွက် ထူးခြားသော အခွင့်အလမ်းတစ်ခု ပေါ်ထွန်းလာခဲ့ပါသည်။ ထိုပြိုင်ပွဲ အတွက် သူသည် Sein application ကို ဖန်တီးခဲ့ရာ ထို app သည် ပြိုင်ပွဲတွင် ဆုရခဲ့ ပါသည်။  

Photo: Kyaw Zin Hted

“လူထု ပါဝင်ဆောင်ရွက်လာအောင် စေ့ဆော်ပေးနိုင်တဲ့ နည်းလမ်းတွေကို Sein platform မှာ ဆန်းသစ် တီထွင်ထားပါတယ်။ လူထုတွေကို ဉယျာဉ်တွေ၊  ဒါမှမဟုတ် အိမ်က  ပန်းအိုးတွေထဲမှာ မျိုးစေ့တွေ စိုက်ကြဖို့အားပေးထားပါတယ်။ ဒါမှသူတို့ဟာသဘာဝနဲ့ ပိုပြီးနီးစပ်လာတယ်လို့ ခံစားကြရ မယ်၊၊ အဲဒီ ကနေတဆင့်သဘာဝကို ချစ်မြတ်နိုးစိတ်၊ ဂရုစိုက်လိုစိတ်တွေဖြစ်လာမယ်။ အဲဒီအခါ သဘာဝပတ် ဝန်း ကျင်နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်းစောင့်ရှောက်လာကြမှာပေါ့။ ဒါ ပထမခြေလှမ်းပါ။” ဟု ကျော်ဇင် ထက်က ဆိုပါသည်။ ၂၀၁၉ Hackathon ပြိုင်ပွဲတွင် ဆုရခဲ့ခြင်းသည် “၎င်း၏ ဘဝအတွက် ကြီးမားသော အချိုးအကွေ့တစ်ခု ဖြစ်ကြောင်း၊ ဘဝအတွက် အနာဂတ်မျှော်မှန်းချက်ကို ပြောင်းလဲစေခဲ့ကြောင်း” ကျော်ဇင်ထက်က ဖြည့်စွက်ပြောကြား သွားခဲ့သည်။

၂၀၂၀ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ““ဇီဝမျိုးစုံမျိုးကွဲများ၊ ပတ်ဝန်းကျင်၊ ပညာရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ကိုဗစ်-၁၉ တို့ကြား ဆက်နွှယ်ချိတ်ဆက်မှုများ” ခေါင်းစဉ်ဖြင့် UNDP၊ သားငှက်ထိန်းသိမ်း ရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) နှင့် မြန်မာတို့ ပူးတွဲ ကျင်းပသော အွန်လိုင်းဆွေးနွေးပွဲတွင် ကျော်ဇင်ထက်လည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။ ကျော်ဇင် ထက်က မြန်မာလူငယ်များအပေါ် ကိုဗစ်-၁၉ ၏ သက်ရောက်မှုနှင့် ကိုဗစ်-၁၉ မှ ပေးအပ်သော အခွင့်အလမ်းအကြောင်းကို ဆွေးနွေးခဲ့ပါသည်။ “ကိုဗစ်-၁၉ အား အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင် ကြောင်း၊ အိမ်တွင်နေရာ ညွှန်ကြားချက်များ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန် ဆောင်ရွက် ချက်များနှင့် ကျောင်းများ ပိတ်ထားခြင်းတို့က လူငယ်များအား အွန်လိုင်းပေါ်သို့ ပို၍ ရောက်ရှိ လာအောင် အားပေးခဲ့ကြောင်း” ၎င်းက ဆိုပါသည်။ လူငယ်များအား လူမှုမီဒီယာမှတစ်ဆင့် ဆက်သွယ်ချိတ်ဆက်၍ သဘာဝကို ထိန်းသိမ်းစောင့်ရှောက်သည့် လှုပ်ရှားမှုတွင် ပါဝင်လာအောင် စည်းရုံးရန် ကျော်ဇင်ထက်က စီစဉ်ထားပါသည်။ “လူငယ်များသည် ကြီးမြတ်သည့် အရေးကိစ္စ တစ်ခုတွင် ပါဝင်ဆောင်ရွက်ရန် အစဉ်အမြဲ ရှာဖွေနေကြသူများဖြစ်ကြောင်းနှင့် လူငယ်များ လက်တွဲပါဝင်လာအောင် အားပေးတိုက်တွန်းသွားမည်ဖြစ်ကြောင်း” ဆွေးနွေးခဲ့ပါသည်။ 

Photo: Innovation hub


ကျော်ဇင်ထက်သည် Sein Platform အား ပို၍ အလွယ်တကူ သုံးစွဲနိုင်စေရန် Google’s Play Store မှ မိုဘိုင်းဖုန်းထဲသို့ အခမဲ့ ဒေါင်းလုတ်ရယူတိုင်မည့် application တစ်ခုကို ရေးဆွဲရန် ရည်ရွယ် ထားပါ သည်။ ကျော်ဇင်ထက်သည် သစ်တောဦးစီးဌာနနှင့်လည်း ဆက်သွယ်ဆွေးနွေးခဲ့ပြီး သစ်တော ဦးစီး ဌာန က ပျိုးပင်များကို အခမဲ့ ပံ့ပိုးပေးရန် သဘောတူညီခဲ့ပါသည်။ ထိုမျှသာမက “ဒီအစီအစဉ်ကို လူမှု အကျိုးပြုလုပ်ငန်းတစ်ခုအဖြစ် တိုးချဲ့လုပ်ဆောင်ရန်နဲ့  ရပ်ရွာအခြေပြု ပြဿနာရပ်များနှင့် စိန်ခေါ်မှု များကို ဖြေရှင်းနိုင်ရန် ဆန်းသစ်တီထွင်သော နည်းလမ်းများကို အသုံးပြုသွားမှာပါ။ ဒီလှုပ်ရှားမှုကို လူသိများလာပြီး လူအများ ပါဝင်ချင်လာအောင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လုပ်ဆောင်မှုတွေကို အမှတ်ပေးပြီးဆုပေးမည့် အစီအစဉ်လဲပါပါတယ်။ သတ်မှတ်ထားသော အမှတ်တွေ ရရင် မိုဘိုင်းဖုန်း ငွေဖြည့် ကတ်တွေလို  ဆုတွေပေးသွားမှာပါ။လှုပ်ရှားမှုတွင် ပါဝင်ကူညီဖို့  Ooredoo မြန်မာလို  စီးပွားရေးလုပ်ငန်းတွေနဲ့ဆွေးနွေးနေပါတယ်။စီးပွားရေးလုပ်ငန်းတွေရဲ့ လူမှုတာဝန်သိ လုပ်ငန်း (corporate social responsibility) အစီအစဉ်တွေကို ကျနော်တို့က လုပ်ဆောင်ပေးရာမှာ  အခကြေးငွေတော့ပမာဏတစ်ခုသတ်မှတ်ပြီးယူမှာပါ။ ဒီနည်းနဲ့ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုကို ရေရှည်ဆောင်ရွက်သွားနိုင်ဖို့စီစဉ်ထားပါတယ်။ ” ဟု ၎င်းက ရှင်းပြပါသည်။

ကျော်ဇင်ထက်သည် အနာဂတ်အတွက် စိတ်အားထက်သန်လျက် ရှိပါသည်။ လူငယ်များသည် ဇီဝ မျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင် လာ ရန် သူကမျှော်မှန်းထားပါသည်။ “လူငယ်တွေရဲ့  အတွေးအခေါ်အကြံဉာဏ်တွေကို ထုတ်ဖော်တင်ပြနိုင် မယ့် အခွင့်အလမ်းတွေရအောင် ဆောင်ရွက်ပေးတဲ့  UNDP နှင့် မိတ်ဖက်အဖွဲ့အစည်းများကို ကျေးဇူး တင်ပါတယ်၊ Innovation Hub for SDGs ဟာ လူငယ်တွေအဖို့  အတွေးအကြံများ ထုတ်နိုင်အောင်၊ ရရှိ လာတဲ့အတွေးအကြံများကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့  ပိုမိုကြီးမားကျယ်ပြန့်တဲ့ ကွန်ရက် တစ်ခုရလာပါတယ်။ ” ဟု ကျော်ဇင်ထက်က ပြောပါသည်။ ၎င်းက Sein Platform နှင့် ပတ်သက်၍ “ဤသည်မှာ ပထမခြေလှမ်းဖြစ်ကြောင်း သေးငယ်ပြီး အလွယ်တကူ စီမံခန့်ခွဲ ဆောင်ရွက်နိုင်ကြောင်း၊ ဤ နည်းဖြင့် စတင်ကြရမည်ဖြစ်ကြောင်း” ဖြည့်စွက်ပြောကြားသွားပါသည်။

Innovation Hub for SDGs သည် လူငယ်များနှင့် နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်သူများ စုစည်း၍ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုများမှတစ်ဆင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (SDGs) ပြည့်မီစေရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်မည့် ဆန်းသစ်သော အတွေအခေါ်များ ကို တင်ပြဆွေးနွေးနိုင်သော နေရာတစ်ခု ဖြစ်ပါသည်။ ယင်းကို UNDP နှင့် Ooredoo မြန်မာတို့က ပံ့ပိုး ကူညီပါသည်။