စိုက်ပျိုးရေးသုံးဓာတုပစ္စည်းများအား ပထမဆုံးအကြိမ် ကော်မတီဖွဲ့လေ့လာစီစစ်မှုကို မြန်မာ့လွှတ်တော်က မိတ်ဆက်လိုက်သည်။

2018- October 4

ရခိုင်ပြည်နယ် ကျောက်တော် မှ တောင်သူလယ်သမားများ။ ဓါတ်ပုံ - UNDP

မြန်မာနိုင်ငံသမိုင်းတလျောက် ပထမဆုံးအကြိမ်အဖြစ် စိုက်ပျိုးရေးသုံးဓာတုပစ္စည်းများအား လွှတ်တော်လေ့လာစီစစ်မှုကို မိတ်ဆက်လိုက်ခြင်းဖြင့် အမျိုးသားလွှတ်တော် စိုက်ပျိုးရေး ကော်မတီက ဦးဆောင်လမ်းစထွင်လိုက်သည်။ နိုင်ငံတဝှမ်းရှိ တောင်သူလယ်သမားများ ၊ အလုပ်သမားများနှင့် စားသုံးသူများ၏ ကျန်းမာရေးနှင့် ဘဝအရည်အသွေးပေါ် ထိခိုက်ဖိစီးနေသည့်ပြဿနာအားဖြေရှင်းရန် စေ့စပ်နက်နဲသည့်  မူဝါဒရေးရာတိုက်တွန်း အကြံပြုချက်များကို လွှတ်တော်ကော်မတီတရပ်က ရေးဆွဲရမည်ဖြစ်သည်။

ကမ္ဘာတဝှမ်းရှိ လွှတ်တော်ကော်မတီ လေ့လာစီစစ်မှု ရာပေါင်းများစွာက ၎င်းတို့နိုင်ငံသူနိုင်ငံသားများ၏ နေ့စဉ်ဘဝအပေါ်ထိခိုက်နေသည့် ကိစ္စရပ်များကို နှစ်စဉ် စုံစမ်းစစ်ဆေးလေ့ရှိကြသည်။ လမ်း အန္တရာယ်ကင်းရှင်းရေး ၊ သေနတ်ကိုင်ဆောင်ခွင့် ၊ ပြည်ဝင်ခွင့် ၊ ဉာဏ်တု သို့မဟုတ် ရာသီဥတုပြောင်းလဲမှုစသည်တို့ဖြစ်သည်။ လွှတ်တော်ကော်မတီဖွဲ့လေ့လာစီစစ်မှုသည် မြန်မာနိုင်ငံအတွက် လုပ်နည်းလုပ်ဟန် အသစ်ဖြစ်ပြီး အစိုးရ၏ မူဝါဒအရည်အသွေး နှင့် တာဝန်ခံမှုကို တိုးတက်ပြောင်းလဲစေမည် ဖြစ်သည်။  

မြန်မာ့အထက်လွှတ်တော် (အမျိုးသားလွှတ်တော်) ၏ စိုက်ပျိုးရေးကော်မတီသည် ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၏ ခေါင်းဆောင်မှုဖြင့် စိုက်ပျိုးရေးသုံးဓါတုပစ္စည်း ဓါတ်ကြွင်းဆိုင်ရာ ပထမအကြိမ် လွှတ်တော်ကော်မတီဖွဲ့လေ့လာစီစစ်မှုကို စတင်လိုက်သည်။ ရည်မှန်းချက်မှာ မြန်မာ့လူအဖွဲ့အစည်းအပေါ် ဖိစီးနေသည့်ပြဿနာကို ဖြေရှင်းရေးအတွက် သတင်းအချက်အလက်များစုဆောင်းပြီး မူဝါဒကွဲအမျိုးမျိုး ရေးဆွဲရာတွင် လွှတ်တော်နှင့် အစိုးရအား အထောက်အပံ့ပြုရန်ဖြစ်သည်။
 

ခြံထွက်ကုန်နှင့် သီးနှံများအတွက် ဘေးဖြစ်မည့် စိုက်ပျိုးရေးသုံးဓါတုပစ္စည်း ဓါတ်ကြွင်းများ၏ အကျိုးဆက်များအား မည်သို့ကန့်သတ်ရမည်ကို သဘောပေါက်သိမြင်နိုင်ရေး မြန်မာလွှတ်တော်က ကြိုးပမ်းလျက်ရှိသည်။ ကျောက်ပန်းတောင်းဈေး။ ဓါတ်ပုံ - UNDP


ပေါင်းသတ်ဆေးများနှင့် ဓါတ်မြေဩဇာများမှ ဓါတုဓါတ်ကြွင်းများ၏ သီးနှံနှင့်ခြံထွက်ကုန်တို့ အပေါ် အကျိုးဆက်များနှင့်ပတ်သက်ပြီး ကော်မတီအဖွဲ့ဝင်များက ရတက်မအေးဖြစ်ကြသည်။ ဓါတုပစ္စည်းများက တောင်သူလယ်သမားတို့၏ကျန်းမာရေးကိုသာမက စားသုံးသူများနှင့် သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်သည်။ ဤဓါတုပစ္စည်းများ၏ ဘေးဖြစ်စေမည့် အကျိုးဆက်များကို လျော့ချခြင်းက မြန်မာနိုင်ငံအတွက် အရေးပါသော ပြည်သူ့မူဝါဒရေးရာ စိန်ခေါ်မှုတရပ်ဖြစ်သည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ ပံ့ပိုးမှုဖြင့် နိုင်ငံတကာမှအကောင်းဆုံးလုပ်နည်းလုပ်ဟန်များ အသုံးပြု လေ့လာစီစစ်ခြင်းအားဖြင့် လွှတ်တော်ကော်မတီဖွဲ့လေ့လာစီစစ်မှု၏ မရှိမဖြစ်လိုအပ်သောအဆင့်များသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။ အစိုးရ ၊ လူမှုအဖွဲ့အစည်း ၊ ပုဂ္ဂလိကကဏ္ဍ နှင့် လူတဦးချင်းထံမှ သတင်းပေးပို့မှုများကို လူသိရှင်ကြားတောင်းခံခြင်းဖြင့် လုပ်ငန်းစတင်နေပြီဖြစ်သည်။ အောက်တိုဘာ ၃၁ တွင် သတင်းပေးပို့မှုကာလပြီးဆုံးသည့်အခါ ရရှိထားသည့်သတင်းအချက်အလက်များကို ရှေ့ဆက်စုံစမ်းမှုပြုရန် ကော်မတီကကြားနာမှုများ ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် အဓိကကျသော ကောက်ချက်များနှင့် မူဝါဒရေးဆွဲဖြေရှင်းနည်း အသစ်များဖြင့် ဤပြဿနာကို ဖြေရှင်းရေးနှင့်စပ်လျဉ်းပြီး အစိုးရထံ တိုက်တွန်းအကြံပြုချက်များပါဝင်သည့် နိဂုံးချုပ်အစီရင်ခံစာတစောင်ကို ကော်မတီက ရေးသားထုတ်ဝေမည်ဖြစ်သည်။

အများပြည်သူထံ လမ်းဖွင့်ပေးသည့် စုံစမ်းစစ်ဆေးမှု

စိုက်ပျိုးရေးတွင် ဓါတုပစ္စည်းများ လတ်တလော အသုံးပြုနေမှု ၊ လူအများကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ပေါ် ဆိုးကျိုး ၊ ပို့ကုန်ဈေးနှင့်ပို့ကုန်ပမာဏအပေါ် ဓါတုဓါတ်ကြွင်းများက မည်သို့ ဆိုးကျိုးသက်ရောက်ပုံ ၊ အစားထိုးသုံးစွဲနိုင်သည့် သဘာဝမြေဩဇာများ ၊ ဤမူဝါဒရေးရာနယ်ပယ်ရှိ ဥပဒေနှင့်စည်းကမ်းထိန်းသိမ်းမှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အခွင့်အလမ်းများအား လေ့လာစီစစ်မှုက လုပ်ငန်းဆိုင်ရာ သတ်မှတ်ရည်ညွှန်းချက်များဆိုင်ရာ ဖော်ပြချက်များနှင့်အညီ သုံးသပ်မည်။

ဤလေ့လာစီစစ်မှုသို့ အကြံပြုရန် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံအနှံ့အပြားမှ လူအများနှင့်အဖွဲ့အစည်းများအနေဖြင့် ကော်မတီ သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များထံ ဆက်သွယ်နိုင်သည်။ ဆိုရှယ်မီဒီယာ မှတဆင့်လည်း လေ့လာစီစစ်မှုကို မျက်ခြည်မပြတ် သိရှိနိုင်ပါသည်။

လွှတ်တော်နှင့် ပြည်သူများ နီးစပ်လာစေရန် UNDP ၏ လွှတ်တော် ပံ့ပိုးမှုက ကူညီပေးခဲ့

ဩစတြေးလျနိုင်ငံ ၊ ဆွီဒင်နိုင်ငံ ၊ ဗြိတိန်နိုင်ငံ အစိုးရများ၏ ပံ့ပိုးမှု ကျေးဇူးဖြင့် UNDP မြန်မာသည် နိုင်ငံတကာလွှတ်တော်များသမဂ္ဂ (Inter-Parliamentary Union) နှင့် ရင်းရင်းနှီးနှီးမိတ်ဖက်ပြု၍ ကော်မတီဖွဲ့လေ့လာစီစစ်မှု လုပ်နည်းလုပ်ဟန်ပိုင်းဆိုင်ရာ သတင်းအချက်အလက်နှင့် တိုက်တွန်းနှိုးဆော်မှုများကို မြန်မာ့လွှတ်တော်များထံ ပံ့ပိုးခဲ့သည်။ “အမျိုးသားလွှတ်တော် စိုက်ပျိုးရေးကော်မတီအနေနဲ့ လေ့လာစီစစ်မှုအတွက် ကြိုတင်ပြင်ဆင်ပြီး စီမံကိန်းရေးဆွဲနိုင်အောင် ကျတော်တို့ ပံ့ပိုးပေးပြီးဖြစ်ပါတယ်။ ခုလိုစတင်ဆောင်ရွက်နိုင်တာကိုတွေ့ရလို့ အလွန်ကို ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု UNDP မြန်မာ ဌာနေညွှန်ကြားရေးမှူး ပီတာဘတ်ချလာကပြောသည်။

“အမျိုးသားလွှတ်တော်ရဲ့ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုအတွက် UNDP က နှစ်ပေါင်းများစွာ ပံ့ပိုးပေးလျက်ရှိပါတယ်။ ဒီလေ့လာစီစစ်မှုကို စတင်လိုက်နိုင်တာဟာ မြန်မာ့လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ရှေ့ခြေလှမ်းတရပ်ဖြစ်ပါတယ်” ဟု သူက ဖြည့်စွက်ပြောကြားသည်။ “စိုက်ပျိုးရေးသုံးဓါတုဓါတ်ကြွင်း ပြဿနာအတွက် ဒီလေ့လာစီစစ်မှုက ကူညီအဖြေရှာပေးနိုင်မှာဖြစ်ပြီးတော့ ဒါဟာ ရေရှည်တည်တံ့မဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပါတယ်။ ထိရောက်တဲ့ပြည်သူ့မူဝါဒရေးဆွဲရာမှာ ပြည်သူတွေ ပါဝင်စေခြင်းနဲ့ လွှတ်တော်ကို မြန်မာပြည်သူတွေနဲ့ နီးစပ်လာအောင် ဒီလေ့လာစီစစ်မှု လုပ်ငန်းစဉ်ကပဲ ဆောင်ရွက်ပေးပါလိမ့်မယ်။ ၂၀၃၀ လုပ်ငန်းအစီအစဉ် နဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ ပြည့်မြောက်ရေးအတွက် ရှေ့ခြေလှမ်းတရပ်ဖြစ်ပါတယ်။” 
 

မြန်မာပြည်အပူပိုင်းဒေသရှိ တောင်သူလယ်သမားများ လယ်ထွန်ရန် သွားရောက်ကြစဉ်။ တောင်သူလယ်သမားငယ်များ၏ ကျန်းမာရေးနှင့်ဝင်ငွေပေါ် ဓာတုပစ္စည်းများက တိုက်ရိုက်ထိခိုက်နေသည်။ ဓါတ်ပုံ - UNDP