မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအား ခေတ်မီစေအောင် ကြံဆောင်ခြင်း - မြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းပေါင်း ၁ သန်းကို မည်သို့ ပြုပြင်ပြောင်းလဲပေးနေပုံ

2019- December 3


မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းလျက်ရှိရာ ပြည်သူအားဗဟိုပြု၍ ကျင့်ဝတ်သိက္ခာစောင့်ထိန်းသော အရေးတယူပြု ဆောင်ရွက်ပေးတတ်ပြီး အရည်အချင်းဦးစားပေး နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတရပ် ဖြစ်ထွန်း လာစေရေးအတွက် မြင့်တက်လာသောတောင်းဆိုမှုကို မျက်မြင်တွေ့ကြုံနေရပြီဖြစ်သည်။ မြန်မာပြည်သူများ အတွက် အကျိုးသက်ရောက်မှုရှိရှိ အမှုထမ်းနိုင်ရေး ဖိအားများက ရှိနှင့်ပြီးသော နိုင်ငံ့ဝန်ထမ်း ၁ သန်း အပေါ် တရစ်ထက်တရစ်တိုးလာလျက်ရှိသည်။

မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း ခေတ်မီစေရေးအတွက် ဩစတြေးလျ ၊ ဆွီဒင် နှင့် နယူးဇီလန်နိုင်ငံများနှင့် မိတ်ဖက်ပြုလျက် UNDP က အထောက်အပံ့ပြုလျက်ရှိသည်။ အဆိုပါနိုင်ငံများ၏ ရက်ရောလှသော အထောက်အပံ့ဖြင့် UNDP က မြန်မာ့ နိုင်ငံဝန်ထမ်းအဖွဲ့အစည်းအတွင်း ခေါင်းဆောင်မှု ၊ ထိရောက်မှု ၊ လိုက်လျောညီထွေရှိမှု နှင့် လုပ်ငန်းကျွမ်းကျင်မှု စီမံကိန်း (LEAP) ၁ ခု ကို ၂၀၁၈ ခုနှစ် ဇူလိုင်လမှစတင်ကာ အကောင်အထည်ဖော်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ ပြည်ထောင်စုရာထူးဝန်အဖွဲ့ (UCSB) အနေဖြင့် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း စည်းမျဉ်းစည်းကမ်းနှင့် စနစ်များအား ပြန်လှန်သုံးသပ်၍ ခေတ်နှင့်အညီဖြစ်စေရေး ၊ အရည်အချင်းဦးစားပေးစနစ် ၊ ကျင့်ဝတ်သိက္ခာ စောင့်စည်းခြင်း ၊ ပွင့်လင်းမြင်သာရှိခြင်း ၊ တာဝန်ယူတာဝန်ခံမှုရှိခြင်း နှင့် အားလုံးတန်းတူအကျုံးဝင်ခြင်း စသည်တို့ကို မြှင့်တင်ပေးသော ရလဒ်အခြေပြုစီမံအုပ်ချုပ်မှု အလေ့အထများအား မိတ်ဆက်ပေးရေး ၊ အရည်အသွေးမြှင့်ခေါင်းဆောင်မှု နှင့် စိတ်နှလုံးအားဆွဲဆောင်ခြင်းတို့မှတဆင့် နိုင်ငံ့ဝန်ထမ်းတို့၏ လုပ်ဆောင်မှုကို တိုးတက်ကောင်းမွန်စေရေး ၊ ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့်များတွင် ပြည်သူ့ဝန်ဆောင်မှု နှင့် စိတ်အားပေးမြှင့်တင်ရေးတို့အား လုပ်ဆောင်ရာတွင် ဤစီမံချက်က အထောက်အပံ့ပေးပါသည်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေး သတ်မှတ်ချက် မူဘောင် အသစ်တရပ်ကို လက်ခံကျင့်သုံးပြီး လက်ရှိတွင် လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်စနစ်များ ပြင်ဆင်ရေးဆွဲခြင်းကို ဆောင်ရွက်လျက်ရှိသည်။ ထို့အတွက် နိုင်ငံ့ဝန်ထမ်းပေါင်း ၁၅၀ ကျော်အား လုပ်ငန်းစွမ်းဆောင်ရည်စီမံခန့်ခွဲမှု နှင့် ခေါင်းဆောင်မှု အကြောင်းအရာကိုလည်းကောင်း ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်ပါမောက္ခ ၄၀ ကျော်အား ခေတ်မီ၍ လုပ်ငန်းကျွမ်းကျင်မှုအခြေပြု သင်ရိုးညွှန်းတမ်းပြဋ္ဌာန်းခြင်းကိုလည်းကောင်း ၊ အဓိကကျသော အဖွဲ့အစည်းများ အား အစိုးရဝန်ဆောင်မှု နောက်ဆုံးလက်ဝယ်ရရှိသူများမှသည် မူဝါဒချမှတ်သူများတိုင်အောင် ထိုသူတို့ထံမှ အချက်အလက်များ အသုံးပြုမှုကိုလည်းကောင်း လုပ်ငန်းနှင့်အံဝင်ခွင်ကျသင်တန်းများ ပေးလျက်ရှိသည်။


ခေတ်နှင့်အညီ ဝန်ထမ်းရွေးချယ်ခန့်အပ်ခြင်း ၊ ရာထူး တိုးမြှင့်ခန့်ထားခြင်း ၊ လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်ခြင်း အတွက် လမ်းညွှန်ချက်လုပ်ငန်းစဉ်အစုစု (toolkit) နှင့် နေပြည်တော်ရှိ ရာထူးဝန်အဖွဲ့တွင် လူသားအရင်းအမြစ် စီမံကိန်း ရေးဆွဲခြင်းတို့ပါဝင်သော အဆင့်မြင့် နှင့် အရာထမ်း ခေါင်းဆောင်မှုစွမ်းရည်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်သစ် တရပ်ကို သမိုင်းမှတ်တမ်းတရပ်အဖြစ် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် UNDP နှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့က ပူးတွဲစတင်ခဲ့သည်။ “ရာထူးဝန်အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်များရွေးချယ်ရာရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်ပြီး ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းစဉ်တရပ်အတွက် ကျတော်တို့အနေနဲ့ အခြေအနေဖန်တီးပေးပြီး ဖြစ်တာကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်းလုံးမှာရှိတဲ့ နိုင်ငံ့ဝန်ထမ်းအဖွဲ့အားလုံးဆီ ချဲ့ထွင်သွားမှာ ဖြစ်ပါ တယ်” ဟု John Vong က နေပြည်တော်ရှိ ရာထူးဝန်အဖွဲ့၌ ရှေ့ပြေးအစီအစဉ် စတင်သည့် အခမ်းအနားတွင် ပြောကြားလိုက်သည်။


၂၀၁၉ ခုနှစ် အစောပိုင်း၌ ခေတ်ပေါ်ဒီဂျစ်တယ်နည်းပညာအသုံးပြုထားပြီး နိုင်ငံတနံတလျားရှိ လူဦးရေပေါင်း ၂၅၀၀ ကျော်ထံ အရောက်လှမ်းနိုင်ခဲ့သည့် ပထမဆုံးသော လူထုတရပ်လုံးအားကိုယ်စားပြုနိုင်သည့် ပြည်သူ့အမြင် လေ့လာမှုစစ်တမ်း ကောက်ယူရာတွင် မြန်မာ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ နှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့အား UNDP က ပံ့ပိုးပေးခဲ့သည်။ နိုင်ငံသားဗဟိုပြု ဝန်ဆောင်မှု ၊ ပွင့်လင်းမြင်သာမှု နှင့် ခွင့်တူညီမျှရှိမှု သေချာကျနစေရေး မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း၏ ပြုပြင်ပြောင်းလဲရမည့် အစိတ်အပိုင်းများကို လေ့လာမှုက ဖော်ထုတ် ပြသခဲ့သည်။ ဥပမာအားဖြင့် ပါဝင်ဖြေကြားသူ ၈၀ ရာခိုင်နှုန်းမှာ အစိုးရ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ကျေနပ် အားရကြကြောင်းနှင့် ၆၆.၄ ရာခိုင်နှုန်းက အစိုးရဝန်ဆောင်မှုများကို ပို၍ ကောင်းမွန်လာစေရန် မျှော်လင့်ကြသည် ဟု လေ့လာမှုက ဖော်ပြထားသည်။

  


မြန်မာ့ နိုင်ငံ့ဝန်ထမ်းအဖွဲ့စနစ်အတွင်းရှိ အရည်အချင်းဦးစားပေး ချီးမြှင့်မြှောက်စားမှု ၊ ပွင့်လင်းမြင်သာမှု နှင့် ကျင့်ဝတ်စောင့်စည်းမှုရေချိန်အပေါ် အမြင်သဘောထားကို ဆန်းစစ်လေ့လာရန်အတွက် ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့ သော အခြား အမြင်သဘောထားစစ်တမ်း တရပ်၏ နောက်တွင်မှ PPSoGS ကို ပြုလုပ်ခြင်းဖြစ်သည်။ “အရေးကြီးတဲ့လစ်ဟာချက်တွေကို အဲဒီလေ့လာမှုက ညွှန်ပြခဲ့တဲ့အပြင် နိုင်ငံ့ဝန်ထမ်းအဖွဲ့စီမံခန့်ခွဲမှု နယ်ပယ်စုံ အတွင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ အပ်နှင်းခံအခွင့်အာဏာ နဲ့ အခန်းကဏ္ဍကို အခြားဝန်ကြီးဌာနများ ၊ အေဂျင်စီများနဲ့ ချိန်ထိုးပြီးတော့ ပြန်လှန်သုံးသပ်ရေး အပါအဝင် အသုံးကျနတဲ့ တိုက်တွန်းအကြံပြုချက်တွေကို ပံ့ပိုးပေးခဲ့ပါတယ်။ အသိအမှတ်ပြုသင့်တာတခုကတော့ ဗဟိုဝန်ထမ်းတက္ကသိုလ် ၂ ခုမှ ပါမောက္ခတွေကို တွေးခေါ်စဉ်းစားမှုအသားပေး သင်ကြားလေ့လာရေး (transformational learning) သင်တန်းတွေ ပံ့ပိုးပေးခြင်း နဲ့ အဆင့်မြင့်အရာထမ်း ခေါင်းဆောင်မှုအစီအစဉ်ကို ရာထူးဝန်အဖွဲ့တွင်း ရှေ့ပြေးအကြိုဆောင်ရွက်မှုတို့လို တချို့သော တိုက်တွန်းအကြံပြုချက်တွေကို အစိုးရက စတင်အကောင်အထည်ဖော်နှင့်နေပြီဆိုတာပါပဲ။” ဟု UNDP ၏ LEAP စီမံချက် မန်နေဂျာ Valentina Bianchini က ဆိုသည်။


နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းအစီအစဉ်၏ အဓိကနယ်ပယ်များအနက် တခုမှာ ခေတ်မီနိုင်ငံဝန်ထမ်းအဖွဲ့အစည်းအတွင်း လိုအပ်သည့် အတတ်ပညာများ ၊ လုပ်ငန်းကျွမ်းကျင်မှုများနှင့် ပြည့်စုံ စေရန်အတွက် နိုင်ငံ့ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးနေသည့်စနစ် တိုးတက်ကောင်းမွန်စေရေး လိုအပ်ချက်ကို ညွှန်ပြထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဗဟိုဝန်ထမ်းတက္ကသိုလ်သည် နိုင်ငံ့ဝန်ထမ်းပေါင်း ၁ သန်း၏ စိတ်ဓါတ် နှင့် စိတ်နှလုံးကို ပုံသွင်းခြင်း နှင့် အတတ်ပညာသင်ကြားပေးခြင်းအတွက် တာဝန်ရှိသော ဗဟိုအဖွဲ့ ဖြစ်သည်။ UNDP သည် ရာထူးဝန်အဖွဲ့နှင့် မိတ်ဖက်ပြုလျက် “စဉ်းစားတွေးခေါ်မှုအသားပေး သင်ကြားလေ့လာရေး သင်တန်း” ကို ဗဟိုဝန်ထမ်းလေ့ကျင့်သင်ကြားရေးကျောင်းများမှ ဌာနမှူးများနှင့် ထိပ်တန်းပါမောက္ခပေါင်း ၃၀ ကျော်အတွက် ကမကထပြုပေးခဲ့သည်။ မြန်မာ့နိုင်ငံ့ဝန်ထမ်းများလိုအပ်သော ခေတ်မီခေါင်းဆောင်မှုနှင့် အခက်အခဲဖြေရှင်းရေးနည်းလမ်းကဲ့သို့ လုပ်ငန်းစွမ်းရည်များ ပြည့်ဝစေရေး ဆောင်ရွက်ပေးမည့် ဆန်းသစ်၍ တီထွင်ကြံဆ နည်းလမ်းများအား လေ့လာနိုင်ရေးအတွက် ထိုသင်တန်းက အကူအညီဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုအတွက် အထောက်အကူဖြစ်မည့် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း၏ ခံယူချက်သဘောထား ပြုပြင် ပြောင်းလဲရေး၏ နှလုံးစိတ်ဝမ်းတွင်းသို့ ရောက်ရှိသွားသည်။


ဤ ၂ ရက်တာ သင်တန်း အဆင်ပြေချောမွေ့စေရေးဆောင်ရွက်ပေးသူ မာ့ခ်ဘရူဝါက “ခေါင်းဆောင်အသစ်တွေကို ဘယ်လိုမွေးထုတ်ပေးရမလဲဆိုတာကို ကြည့်ကြတဲ့အခါ စိတ်နေသဘောထား နဲ့ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပထမဆုံး သုံးသပ်ဖို့ လိုပါတယ်။ နောက်ပြီး လူအများနဲ့ ဆက်ဆံရာမှာ ဩဇာသက်ရောက်စေမဲ့ သူတို့ရဲ့ စွမ်းရည်ကို ဘယ်လိုဖန်တီးပေးရမလဲဆိုတာ ကြည့်ပါတယ်။ ဒါကို သူတို့လုပ်နိုင်သွားတာနဲ့ သက်ဆိုင်ရာအဖွဲ့ကို ဘယ်လို ပျိုးထောင်ပြီး စီမံခန့်ခွဲသလဲဆိုတာ ကြည့်ပါတယ်။ နောက်ဆုံးမှာတော့ ပညာရပ်ဆိုင်ရာစွမ်းရည်တွေမှာ သူတို့ ဘယ်လောက် ထူးချွန်သလဲဆိုတာ ကြည့်ရပါမယ်။  ဒီနယ်ပယ် ၄ ခုလုံးက အရေးပါတဲ့အပြင် အစီအစဉ်တကျ ဆောင်ရွက်သွားမယ်ဆိုရင်ဖြင့် ပိုပြီးထိရောက်တဲ့ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတခု ဖြစ်ဖို့ ပိုနီးစပ်လာမှာဖြစ်ပါတယ်။ သဘောထား ခံယူချက်ပြောင်းလဲရေးအပေါ် အာရုံစိုက်ထားတဲ့အတွက် ဒါက မြန်မာနိုင်ငံအတွက် အရေးကြီးပါ တယ်။

  

“နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းရဲ့ သဘောထားခံယူချက်တွေကို ပြုပြင်ပြောင်းလဲရာမှာ အဓိကျတဲ့ အတတ်ပညာတွေကို ကျမတို့ လေ့လာသင်ယူကြတဲ့အခါ UNDP အစီအစဉ်က တကယ့်ကို အထောက်အကူ ဖြစ်ပါတယ်။ လက်ရှိဆောင်ရွက်နေဆဲ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ဒီသင်တန်းက ပါဝင်အားဖြည့်ပေး ပါတယ်။ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်မှု နည်းနာများကို နိုင်ငံ့ဝန်ထမ်းအားလုံးကို သင်ကြားပေးနိုင်မယ်ဆိုရင် ပိုပြီး ထိရောက်ပါလိမ့်မယ်” ဟု သင်တန်းတက်ရောက်သူတဦးဖြစ်သည့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ဒေါက်တာ နန့်ခင်သန်းစု၊ ဒုတိယပါမောက္ခချုပ် (လေ့ကျင့်သင်ကြားရေး) က ဆိုသည်။ ဒေါက်တာ နန့်ခင်သန်းစုကဲ့သို့ ပါမောက္ခများမှာ နိုင်ငံအနှံ့အပြားမှ ကျန်နိုင်ငံ့ဝန်ထမ်းများအား သင်တန်းပေးရာတွင် ပါဝင်ရမည့် လေ့ကျင့်သင်တန်းပေးသူများဖြစ်ကြသည်။


ကျား/မကွဲပြားမှုအရ ပို၍ အားလုံးတန်းတူအကျုံးဝင်မှု သေချာစေရေးသည်လည်း နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအား ခေတ်မီအောင်ပြုပြင်ပြောင်းလဲခြင်းပင် ဖြစ်သည်။ အမျိုးသမီးခေါင်းဆောင်များ တိုးပွါးများပြားလာစေရန် အတွက် တန်းတူညီမျှပြီး နှစ်လိုဖွယ်ရာရှိသော ဝန်းကျင်တခုကို မြန်မာနိုင်ငံ၏ အသွင်ပြောင်းနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအနေဖြင့် ဖန်တီးပေးနိုင်ရေး သေချာသမှုရှိစေရန် နိုင်ငံတဝှမ်းလုံးရှိ အမျိုးသမီးနိုင်ငံ့ဝန်ထမ်းပေါင်း ၆၃၀၄၄၁ ဦးထံမှ စစ်တမ်းကောက်ယူခြင်းဖြင့် ပြည်သူ့စီမံရေးရာနယ်ပယ်တွင်း ကျား/မတန်းတူညီမျှမှုအား လေ့လာမှု (GEPA) ကို UNDP က ဆောင်ရွက်ခဲ့ပါသည်။ ပြန်တမ်းဝင်အရာရှိအဆင့်မှ အဆင့်မြင့်အရာထမ်း အဆင့်သို့ ရာထူးတိုးမြှင့်ခန့်ထားခံရခြင်းအပါအဝင် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအတွင်း အမျိုးသမီးများ ရင်ဆိုင် နေရသည့် အတားအဆီးများကို ရှင်းလင်းဖယ်ရှားပေးရန်အတွက် လုပ်ဆောင်ရန်များစွာရှိနေသေးကြောင်း ထိုလေ့လာမှုက ဖော်ထုတ်ထားသည်။ ရေခံမြေခံကောင်းနှင့် ကျား/မခွဲခြားမှုမရှိသည့် အလုပ်ခွင်ဖန်တီးပေးရေးမှာ ခေါင်းဆောင်ပိုင်း ရာထူးနေရာများ တက်လှမ်းရာတွင် မြန်မာနိုင်ငံရှိအမျိုးသမီးများအား ကာဆီးထားသော မမြင်သာသည့် အတားအဆီးများကို လျော့ချရာတွင် သော့ချက်ဖြစ်သည်။ ဥပမာအားဖြင့် ရာထူးတိုးမြှင့် ခန့်ထားခြင်းအား ကလေးထိန်းဌာနများ မရှိသည့် ဝေးလံခေါင်ဖျားနယ်မြေများသို့ တာဝန်ချထားခြင်း နှင့် ချည်နှောင်ထားခြင်းကို ဖြတ်တောက်လိုက်ခြင်းက ပို၍ ကျား/မဘက်ညီမျှသည့် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း ဖြစ်လာ စေရန် အထောက်အကူဖြစ်စေမည်။ လူ့စွမ်းအားအရင်းအမြစ် မူဝါဒများ ၊ လုပ်ငန်းတာဝန် သတ်မှတ်ချက်များ နှင့် စွမ်းဆောင်ရည် အကဲဖြတ်မှုများတွင်လည်း လူမှုရေးအရ ကျား/မ တန်းတူညီမျှမှု အမြင်များကို ကျောရိုးပြုထား ရမည်။

ဖော်ပြပါတို့မှာ လက်တွေ့မြေပြင်လုပ်ငန်းခွင်တွင် အကျိုးရလဒ်ထွက်ပေါ်နေပြီ ဖြစ်သော ကြိုးပမ်းမှုများ ဖြစ်သော် လည်း လုပ်ဆောင်ရန်များစွာ ကျန်ရှိနေပါသေးသည်။ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအား ပြုပြင်ပြောင်းလဲရေး နှင့် ခေတ်မီအောင် ကြံဆောင်ရာတွင် မြန်မာနိုင်ငံအစိုးရနှင့် ယှဉ်တွဲလျှောက်လှမ်းသွားရန် UNDP က မယိမ်းမယိုင် သံန္နိဋ္ဌာန်ပြုထားပါသည်။ ကျွန်ုပ်တို့အားလုံး ပူးပေါင်းလုပ်ဆောင်ကြမည်ဆိုပါက မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းသည် ဒေသတွင်း စံနမူနာများအနက် တခုဖြစ်လာနိုင်သည်ဟု ကျွန်ုပ်တို့က ယုံကြည်ပါသည်။